x

22.12.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၄


ပြောင်းမိန့်က အထည်အလိပ်လုပ်ငန်း ကော်ပိုရေးရှင်း (TIC)ရုံးချုပ် ရန်ကုန်မြို့လို့ ထွက်ခဲ့ပေမယ့် ရန်ကုန်ရောက် ရုံးချုပ်ကိုသတင်းပို့တဲ့ အချိန်မှာ ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)ကို ထပ်ဆင့် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ ၀န်ထမ်းဘ၀ဆိုတာ ဘယ်ရောက်ရောက် ကျရာတာဝန်ကို ထမ်းရမှာမို့ ဘယ်နေရာ ဘယ်ဌာန နေချင်တယ်ဆိုတဲ့ စိတ်မျိုးလည်း တစ်ကြိမ်တစ်ခါမှ စိတ်မကူးခဲ့မိတာ အမှန်ပါ။ ချွင်းချက်အနေနဲ့တော့ ရွှေတောင်မြို့မှာ တာဝန်ကျနေစဉ်ကာလက ရန်ကုန်မှာ ကျန်ခဲ့တဲ့သားကြီးက အသက်အရွယ် ငယ်သေးတာမို့ ရွှေတောင်ကနေ ရန်ကုန်မြို့ကို ပြန်ပြောင်းချင်တဲ့ ဆန္ဒမျိုးတော့ မကြာခဏပေါ်လာခဲ့ဘူးတယ်။ ကျမတို့လို စက်ရုံတွေမှာ တာဝန်ကျသူတွေအတွက် ထုတ်လုပ်မှုကအစ အလုပ်သမား ပြဿနာအဆုံး မလွဲစတမ်း ကြုံတွေ့ရသလို ရုံးဌာနပိုင်းမှာ တာဝန်ကျသူများ အနေနဲ့လည်း ရုံးလုပ်ငန်းတွေအကြား စိတ်ဖိစီးမှုများကို နေ့စဉ်နဲ့အမျှ ဖြေရှင်းရင်း ရက်များကုန်လွန်စေခဲ့ရတယ်။ လူအမျိုးမျိုး စိတ်အထွေထွေမို့ မိမိရဲ့အခက်အခဲ စိတ်ရဲ့မွမ်းကြပ်မှုများကို သက်သာစေရန် ရင်းနှီးသူများကို ဖွင့်ဟပြောဆိုသူများ ရှိသလို မိမိရင်ထဲမှာသာ သိမ်းဆည်းထားပြီး နှုတ်ငုံသူများလည်း ဒုနဲ့ဒေးပါ။ ဘယ်သို့ဆိုစေ တူညီတဲ့အချက်တစ်ချက်က ခေါင်းစဉ်အမျိုးမျိုးနဲ့ မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့ ပြဿနာကိုယ်စီကို ကိုယ်ပိုင်နည်းလမ်းရှာကြံရင်း မရ ရအောင်ဖြေရှင်းကာ သံသရာဘ၀ခရီးလမ်းကို အဆင်ပြေအောင် လျှောက်လှမ်းနေကြသူများသာ ဖြစ်ပါတယ်။
ရန်ကုန်ကို ပြန်ပြောင်းခွင့်ရလာတော့ လစဉ်မိသားစုကုန်စရိတ် သက်သာသွားပါတယ်။ အထုပ်အပိုးတွေ ဖြည်ပြီးသိမ်းဆည်းနေရင်း ကျမရွှေတောင်မှာ နေစဉ်ကာလက ကျမဆီကို ရန်ကုန်မိသားစုက ပေးပို့ထားတဲ့ စာအိတ်အပြာရောင်နဲ့ စာတွေကို တစ်စောင်ပြီး တစ်စောင် ကြည်နူးစွာပြန်ဖတ်မိတယ်။ ၁၉၈၇ ခုနှစ်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဘို့အတွက် အဝေးပြော တယ်လီဖုန်းရုံးကိုသွားပြီး ပြောရသလို စက်ရုံသုံးဖုန်းများမှာလဲ အတွင်းဌာနအချင်းချင်း ဆက်သွယ်လို့ရတဲ့ ဖုန်းများသာရှိပြန်တယ်။ တစ်ပတ်ကို သုံးကြိမ်ညနေတိုင်း ရွှေတောင်မြို့ထဲက ဆက်သွယ်ရေးရုံးကို သွားရောက်ပြီး အဝေးပြေးဖုန်းနဲ့ ကျမအိမ်ကို ဆက်သွယ်ခဲ့တယ်။ ပုံမှန်အများဆုံး ၁၀မိနစ်ခန့်သာ ပြောဖြစ်တဲ့အတွက် အိမ်စေ့လူတွေနဲ့ မပြောဖြစ်ဘဲ ခင်ပွန်း သားကြီးတို့နဲ့သာ အများအားဖြင့် ပြောဖြစ်ပါတယ်။ တစ်ပတ်သုံးကြိမ် ပုံမှန်ဖုန်းလာသုံးဖြစ်တဲ့အတွက်လည်း ဆက်သွယ်ရေးဌာန အဝေးပြောဖုန်း တာဝန်ခံ မဖြူဆိုသူနဲ့ ခင်မင်ရင်းနှီးလာခွင့် ရခဲ့ပါတယ်။ ဖုန်းပြောခွင့် မရတဲ့အိမ်မိသားစုထဲက ယောင်းမအငယ်ဆုံးလေးက တစ်ပတ်တစ်ကြိမ် ရန်ကုန်ကိုပြန်လာတဲ့ကျမအတွက် စာတတန်ပေတန်နဲ့ သတိရကြောင်း လွမ်းကြောင်း ရံဖန်ရံခါ စာရေးတတ်ပြီး ကလေးပီပီ ရင်ထဲရှိတဲ့စာသားလေးတွေကို ပွင့်ပွင့်လင်းလင်း ရေးပါတယ်။ ဥပမာ ‘မမတင့် ရန်ကုန်ကို ဘယ်တော့ အပြီး ပြန်ပြောင်းလာမှာလဲဟင်။ မရီတို့ဆီကို အမြန်ပြန်လာခဲ့ပါတော့။ တစ်နေ့တစ်နေ့ မောင်မောင်(အစ်ကိုကြီးဖြစ်သူ ကျမခင်ပွန်းကိုရည်ညွှန်းခြင်းပါ)က ချဉ်ရည်ဟင်းနဲ့ ငြုပ်သီးထောင်းပဲ ချက်ခိုင်းတော့ မရီတို့ရဲ့အူတွေလဲ ချဉ်နေပြီ’ တဲ့။ အဲ့ဒီလို ချွဲချွဲနွဲ့နွဲ့ စာသားလေးတွေနဲ့ အရေးကောင်းတဲ့ ယောင်းမအငယ်လေးကို ကျမကအချစ်ပိုခဲ့တယ်။ တစ်ခါ အဲ့ဒီလို စာသားမျိုးလေးတွေ ဖတ်မိတိုင်းလည်း ကျမမျက်ရည်ဝိုင်းခဲ့ရတာ အခါခါပေါ့။
ကျမရန်ကုန်ကို ပြန်ရောက်လာတဲ့အချိန်မှာ သားကြီးက အသက်သုံးနှစ်ကျော် ရှိနေပြီမို့ သားကြီးအတွက် အဖော်ဒုတိယရင်သွေးလေးကို ယူဘို့ရာ ကျမတို့လင်မယားဆုံးဖြတ်ခဲ့ကြတယ်။ ကျမတာဝန်ကျရာ ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း) ချည်မျှင်ဌာန စက်အမှတ်-၂မှာ ဦးလှဆောင်ဆိုသူ အလုပ်ရုံခွဲမှူးနဲ့ ကျမတို့နှစ်ယောက် ပထမအဆိုင်း ဒုတိယအဆိုင်း တာဝန်ခံများအဖြစ် အလှည့်ကျ တာဝန်ယူကြရတယ်။ သဘောထား ပြည့်ဝပြီး လုပ်ငန်းတာဝန်များကို စိတ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်လုပ်ကိုင်တတ်တဲ့ အလုပ်ရုံခွဲမှူးမို့ လေးစားမိပါတယ်။ ကျမတို့ ချည်မျှင်ဌာနကို အုပ်ချုပ်သူက အလုပ်ရုံမှူး ဦးအောင်သန်း စီနီယာအင်ဂျင်နီယာပါ။ ကျအတွက်တော့ ချည်/ထည် အင်ဂျင်နီယာ အစ်ကိုကြီး အစ်မကြီးများထံကနေ အလုပ်နဲ့ပတ်သက်သမျှ အတုယူစရာ လေ့လာစရာ များစွားကို ရရှိခဲ့သလို ကျမရဲ့ နေထိုင်သွားလာ လှုပ်ရှားမှုများကို အပြုသဘောနဲ့ ပြောဆိုသင်ကြားပေးခဲ့တဲ့ မမနွယ်(ဒေါ်တင်တင်နွယ်)လို အရာရှိ အများစုနဲ့ ဆုံဆည်းခွင့်ရခဲ့တယ်။ ကျမညပိုင်း တာဝန်ကျတဲ့ အခါများမှာ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ပြီးတာနဲ့ ချည်မျှင်-၂ အပြင်ဘက် ပတ်လမ်းမှာ လမ်းလျှောက် ပုတီးစိတ်လေ့ရှိပါတယ်။ သားငယ်ရဲ့ ကိုယ်ဝန်ဟာလည်း တစ်နေ့တစ်ခြား ရင့်မာလာချိန်မို့ လုပ်ဖော်ကိုင်ဖက် ဦးလှဆောင်က ကျမကို အထူးအခွင့်အရေးပေးပြီး တစ်ချို့ ညဆိုင်းတွေကို အစားထိုးစောင့်ပေးခဲ့တာကိုလည်း အမှတ်တရ သတိရနေဆဲပါ။ ကျမရောက်စက လက်အောက်ဝန်ထမ်း အချို့က ကျမကိုပြောခဲ့တယ်။ ‘ဆရာမ ညည စက်ထဲကို လိုက်ပတ်ရင် ချည်မျှင်နဲ့ကပ်ရက်က ယက္ကန်းဌာနကို မသွားနဲ့နော် တစ်လောက ကားတိုက်ပြီး သေသွားတဲ့ ယက္ကန်းစင်ကိုင်တဲ့ ကောင်မလေး မကျွတ်ဘူး’ တဲ့။ ရွှေတောင်မှာ ကြုံဘူးခဲ့တဲ့ ကျမ စပ်စုချင်ပြန်တယ်။ ဒုတိယအဆိုင်း ဆင်းရတဲ့အဖွဲ့က ည၁၁နာရီဆိုရင် ဥသြမှုတ်ပြီး တာဝန်သိမ်းရသလို အလုပ်သမားများ အားလုံးအပြင်ထွက်ပြီးတဲ့အခါ တာဝန်ကျအရာရှိက ကိုယ်တာဝန်ယူထားတဲ့ ဌာနကို ကုန်ကြမ်း ကုန်ချော ထားသိုကျန်ခဲ့မှုများကအစ စက်များသေချာစွာ ပိတ်ခဲ့မှုရှိ မရှိအဆုံး စစ်ဆေးကြရပါတယ်။ နောက်ဆုံး ဌာနကြီးရဲ့ မိန်းခလုတ်ကို ပိတ်ပြီးမှသာ ကိုယ့်တာဝန်ပြီးဆုံးပြီမို့ အရာရှိ ဖယ်ရီကားရှိရာကို သွားကြရပါတယ်။
တစ်ညကျမ ချည်မျှင်ဌာနကို စစ်ဆေးအပြီး မိန်းခလုတ် ချခါနီးမှာ ချည်မျှင်ဌာနနဲ့ ကပ်ရက်မှာရှိတဲ့ ယက္ကန်းဌာနဘက်ကနေ ယက္ကန်းစင်တစ်လုံး ရုတ်တရက် ထမောင်းတဲ့အသံကို ကြားရတဲ့အတွက် ကျမခြေလှမ်းများ အမှတ်မထင် ယက္ကန်းစင်ဘက်ကို ခြေဦးလှည့်ကာ လျှောက်သွားမိခဲ့တယ်။ ကျမ အဆိုပါ ယက္ကန်းစင်အနားကို မရောက်ခင် ၁၀လှမ်းအလိုလောက်မှာ ယက္ကန်းတာဝန်ခံ အရာရှိဖြစ်သူက ယက္ကန်းဌာန မိန်းခလုတ်ချလိုက်ပုံရတယ် ယက္ကန်းဌာနတစ်ခုလုံး မှောင်မိုက်သွားတာကြောင့် ကျမလည်း လက်ထဲကဓာတ်မီးကို အသုံးပြုပြီး ချည်မျှင်ဌာနဘက် ပြန်လာကာ ချည်မျှင်ဌာန မိန်းခလုတ်ကိုပိတ်ပြီး ဖယ်ရီကားရှိရာကို ဦးတည်လိုက်ပါတော့တယ်။ ဖယ်ရီနဲ့အပြန် အခြေအနေ အရပ်ရပ်ကို ဖယ်ရီကားပေါ်အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက် ဌာနစုံက အင်ဂျင်နီယာ သူငယ်ချင်းများနဲ့ ပြောကြရင်း နောက်ဆုံးမှာ တပ်ဆင်သက်တမ်း အနှစ် ၄၀ကျော် ကြာပြီ ဖြစ်တဲ့စက်ဟောင်းတွေရဲ့ အတွင်းပိုင်း လျှပ်စစ်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၈၇-ခုနှစ် နိုဝင်ဘာလဆန်းထဲ ရောက်လာတဲ့အခါမှာ သားငယ်ရဲ့ ကိုယ်ဝန်လည်း အတော်လေးရင့်နေပြီဖြစ်ပါပြီ။ ညဆိုင်းတာဝန်ကျချိန် အတော်များများမှာ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စအ၀၀ကို ဆောင်ရွက်ပြီးတိုင်း ချည်မျှင် အမှတ်-၂ အပြင်ဘက်ပတ်လမ်းမှာ တစ်နာရီခန့် နေ့စဉ် လမ်းလျှေက် ပုတီးစိတ်လေ့ရှိပါတယ်။ ပြန်တွေးကြည့်ရင်း အဲ့ဒီအချိန်ကာလက ဌာနအတွင်း အကြောင်းကြီးငယ် ပေါ်လာလို့ ဖြေရှင်းရတာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပါ။ အဆိုင်းအလိုက် တာဝန်ခံ အလုပ်ရုံစုမှူး နှစ်ဦးဖြစ်သူ ဦးတင်မောင် ဦးသောင်းမြင့်တို့အပြင် အနေအထိုင် စည်းစနစ်ကြီးပြီး စမတ်ကျတဲ့ စက်ပြင်တာဝန်ခံ ဦးစိန်လှတို့နဲ့အတူ ဌာနတွင်း အလုပ်ကိစ္စရပ်များ ဆက်နွယ်ပြီး ငြင်းခုံကြ ညှိနှိုင်းတိုင်ပင်ကြ စိတ်ရှုပ်လိုက် ပျော်ရွှင်လိုက်နဲ့ နေ့တစ်ဓူဝ အကြောင်းကြီးငယ်တို့ကို ရင်ဆိုင်ဖြေရှင်းရင်း အချိန်များကို ကျော်လွန်ဖြတ်သန်းခဲ့ကြပါတယ်။ နှစ်စဉ်လုပ်ရိုးလုပ်စဉ် ကျင်းပလေ့ရှိတဲ့ ကထိန်ရာသီပွဲရောက်ရင် အပျော်ရွှင်ဆုံးသူတွေက စက်ရုံဝန်ထမ်းများပါ။ မိမိရဲ့ချွေးနည်းစာကနေ သဒ္ဓါပေါက်သလောက် အလှူများထည့်ဝင်ကြရင်း ဌာနအလိုက် အပြိုင်းအယိုင်း ထွက်ပေါ်လာတဲ့ ပဒေသာပင်များကို မြင်ရတာ စိတ်ဘ၀င်ကြည်နူးလို့ ရင်မှာပီတိတွေဝေဖြာ။ ဂျူနီယာဖြစ်တဲ့ ကျမကို ညီအစ်မရင်း မောင်နှမအရင်းသဖွယ် အစစအရာရာ ကူညီလုပ်ဆောင်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် အင်ဂျင်နီယာ စီနီယာများကိုလည်း ယနေ့တိုင် ကျေးဇူးတင် သတိရနေဆဲပါ။ ၁၉၉၀ ခုနှစ်အထိ ချည်မျှင်နှင့်အထည် စက်ရုံ(သမိုင်း)မှာ ကျမတာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၁ ခုနှစ်မှာ တပ်မတော်သားများအတွက် ချပ်ဝတ်များနဲ့ အသုံးအဆောင်များအပြင် ဌာနအသီးသီးရဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များထုတ်လုပ်တဲ့ တပ်မတော်မိုးရေကာဖျင်စက်ရုံကို ထပ်မံပြီး ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ရပါတယ်။

ဌာနစုံမှ အရာရှိများ၊ အင်ဂျင်နီယာ အစ်မကြီးများနဲ့အမှတ်တရ 
အစွန်ဆုံးပန်းရောင်ဝတ် တီတင့် :P
အလုပ်ရုံမှူး ဦးအောင်သန်းနဲ့ အတူ အမှတ်(၂)စက် ချည်မျှင်ဌာနကြီးရဲ့ ပဒေသာပင်
သားကြီး ၄နှစ် သားငယ် ၃လ ရွှေတိဂုံရင်ပြင်ပေါ်မှာ အမှတ်တရ
သားကြီး ၅နှစ် သားငယ် ၁နှစ် အမှတ်တရ
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz