x

8.12.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၂


သားကြီးအသက် တစ်နှစ်ပြည့်မှာ တစ်သက်မှာတစ်ခါသာ ကြုံခွင့်ရမည့် အင်ဂျင်နီယာဘွဲ့လက်မှတ်ကို အဝေးရောက်မဟုတ်ပဲ ကိုယ်တိုင်တက်ယူဖြစ်အောင် ယူခဲ့တယ်။ ကျောင်းမပြီးခင်က မင်္ဂလာဆောင်ခဲ့ရတဲ့ အကြောင်းရင်းထဲမှာ တစ်ချက် အပါအ၀င်ကတော့ ခင်ပွန်းဖြစ်သူက ကျမရဲ့အားနည်းတဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေကို အနီးကပ်သင်ကြားပေးနိုင်မှသာ အင်ဂျင်နီယာဘွဲ့ကို ရမည့်ကိန်း ကြိုမြင်နေလို့ပါ။ အမှန်တကယ်တော့ ထက်မြက်မှုကြောင့်မဟုတ်ပဲ ခံယူချက် ၀ိရိယအားကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့တဲ့ ကျမအဘို့ တစ်ခြားသူတွေထက် ခက်ခက်ခဲခဲနဲ့ အင်ဂျင်နီယာ ဘာသာရပ်ပညာကို သင်ယူမှတ်သားခဲ့ရတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ တက္ကသိုလ်ဝင်တန်း တက်စဉ်အခါတုန်းက ရှိခဲ့ထားခဲ့တဲ့ ၀ိရိယတွေ ကြိုးစားမှုတွေအားလုံး တက္ကသိုလ်တက်ချိန် ကျောင်းသူဘ၀မှာ ဘယ်ဆီဘယ်ဌာနေဆီသို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်မသိ။ ပြောရရင်တက္ကသိုလ်ကျောင်းသူ ဆိုတဲ့ ဂုဏ်အရှိန်လေးနဲ့ အောက်ခြေကလွတ်။ သူငယ်ချင်းတွေနဲ့ သွားလိုက်လာလိုက် စားလိုက်သောက်လိုက် မထူးချွန်ပေမယ့် အားကစားမှန်သမျှ ၀ါသနာအရကစား။ တောင်တက်အသင်းကို လက်လွတ်မခံသလို လှေလှော်ပြိုင်ပွဲဆိုရင် အားပေးချင်သေး။ ဒီတော့ကာ အဆုံးနိဂုံးအနေနဲ့ စာမေးပွဲကျတဲ့အဖြစ်ကြုံခဲ့ရ။ တကယ်လို့ ခင်ပွန်းဖြစ်သူမှ မကယ်ရင် ကျမနဲ့အင်ဂျင်နီယာဘွဲ့ လားလားမျှ သက်ဆိုင်တော့မယ်မထင်။
 အင်ဂျင်နီယာဘွဲ့ကို ရအောင် ကြိုးပမ်းပေးခဲ့တဲ့ခင်ပွန်းနဲ့အမှတ်တရ
ပါမောက္ခချုပ်ဦးခင်အောင်ကြည်မှ အင်ဂျင်နီယာဘွဲ့ပေးစဉ် အမှတ်တရ
နှစ်ဘက်မိဘများရဲ့ အုပ်ထိန်းမှုနဲ့ဝေးကွာပြီး နေခဲ့ရတဲ့ကျမတို့အဘို့ သားဦးကိုယ်ဝန်မှာ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ဆောင်မိခင် ရှောင်ရန်ဆောင်ရန်ကအစ မွေးကင်းစကလေးပြုစုနည်း လက်ဦးဆရာအဖြစ် အချိန်ပိုရရင်ရသလို ကျမထက်ပိုပြီး ပညာပေးစာအုပ်တွေကို ဖတ်ခဲ့သလို သက်ကြီးစကား သက်ငယ်ကြား ဆိုတဲ့အတိုင်း အတွေ့အကြုံရှိသူ ဆွေမျိုး မိတ်ဆွေသင်္ဂဟာတို့ ပြောဆိုညွှန်ကြားတာ မှန်သမျှထဲကနေ လိုအပ်မယ်ထင်တာလေးတွေကို ရေးမှတ်သိမ်းဆည်းခဲ့တယ်။ အတိတ်အကြောင်း ပြန်ပြောင်းလို့ တွေးမိရင် ကျမရဲ့အာရုံမှာ မနေ့တစ်နေ့ကလိုဘဲ ခံစားနေဆဲပါ။ ကျမမီးဖွားဘို့ တစ်လအလိုထဲက ခင်ပွန်းက ကြိုတင် စုဆောင်းခဲ့တဲ့ အနှီးပိတ် ကလေးအသုံးအဆောင်ပစ္စည်း ကျမအတွက် လိုအပ်မည့် ကောင်းနိုးရာရာ အသုံးအဆောင်နဲ့ အ၀တ်အထည်များကို ခြင်းတောင်း နှစ်တောင်းမှာ ပြည့်ထည့်ပြီး အရေးအကြောင်း ဗိုက်နာပြီဆိုက အလျင်အမြန် သွားနိုင်စေဘို့ ကြိုတင်စီစဉ် ထားခဲ့သူပါ။ ၁၉၈၃-ခုနှစ် သြဂုတ်လ ၁-ရက်နေ့ နံနက်အာရုံတက်ချိန် ၄နာရီ၂၅မိနစ်မှာ သားဦးကို ဦးဝိစာရလမ်း အမှတ်(၂)စစ်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သားကြီးကို မွေးဖွားပြီးတဲ့အချိန်ကစလို့ ကျမရဲ့ခင်ပွန်း အိမ်မှာလူများစွာ ရှိနေပေမယ့် ကိုယ်တိုင်အပင်ပန်း ခံပါတော့တယ်။ မနက်ရုံးအသွား ဆေးရုံဝင်ပြီး ကိုယ်တိုင်ချက် ထမင်းချိုင့်လာပို့ပေးသလို ညနေရုံးအဆင်း အိမ်ရောက်တာနဲ့ မီးနေသည်ကျမအတွက် ချက်ပြုတ်ကာ ဒုတိယအကြိမ် ထမင်းချိုင့် လာပို့ပြန်ပါတယ်။ ဆေးရုံမှာ နေရတဲ့သုံးရက်မှာ ပုံမှန်တစ်နေ့ နှစ်ခေါက်ထမင်းချိုင့်ပို့ရင်း သားကြီးကိုထွေးပွေ့ကာ ကြည်နူးစွာ အချိန်တွေကို ကုန်လွန်စေခဲ့တယ်။ ကျမဆေးရုံကဆင်းလာပြီး အိမ်ပြန်ရောက်တော့မှ ခင်ပွန်းဖြစ်သူရဲ့ လှုပ်ဆောင်မှုအသေးစိတ်ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ရပါတော့တယ်။
မနက်စောစောအိပ်ယာကနိုးထပြီး ကိုယ်လက်သန့်စင်ပြီး ဘုရားခန်းဝင်ပါတယ်။ တစ်ခါငါးကျည်းခြောက်ကို ရေနူးအောင်စိမ် အသားလွှာပြီး မန်ကျည်းမှည့်လေးနဲ့ချက်၊ခရမ်းချဉ်သီးမသုံးပါ။ ဒန့်ဒလွန်ရွက်ဟင်းခါး၊ ကြက်သွန်ဖြူဆီချက်တစ်ခွက်ချက်ပြီး ထမင်းစားပွဲပေါ် အုပ်ဆောင်းလေးအုပ်ခဲ့ပြီး ကျမရဲ့တစ်ကိုယ်လုံးကို ဆနွင်းနဲ့ထုံမွှန်းပြန်ပါတယ်။ မီးမကင်ဆေးနဲ့ ဆနွင်းခါး ဆေးလုံးလေးတွေ တိုက်ပြီးမှ ရုံးသွားဘို့ပြင်ပါတယ်။ လက်ရှိတိုးတက်နေတဲ့ ခေတ်ရဲ့လူငယ်တွေ ဖတ်မိရင် ပိုလွန်းတယ်လို့ ထင်လေမလား။ ဆနွင်းနဲ့လိမ်းခြင်း ဆနွင်းခါးသောက်ခြင်း မွေးပြီး ၄၅-ရက်ပြည့်ချိန်မှာ ချွေးပုပ်တွေထုတ်ခြင်း အစရှိတာတွေရဲ့ ရလာဒ်က အသက်အရွယ် ကြီးရင့်လာတဲ့အခါ အဆစ်အကြောတွေ ကိုက်ခဲခြင်း နာကျင်ခြင်း အစရှိတဲ့ဝေဒနာတွေကို ကြိုတင်ကာကွယ်ခြင်းတစ်မျိုးလို့ သိခဲ့ရပါတယ်။ အခုလို ဆေးဝါးစုံလင်တဲ့ ခေတ်မဟုတ်သေးပဲကိုး။ ‘အိမ်က ကလေးမတွေကို သင်ပေးလိုက်ပါလား ယောက်ျားရယ်။ မြင်နေရတာနဲ့တင် ပင်ပန်းလိုက်တာ’လို့ ကျမလောကွတ်လုပ် ပြောခဲ့ဘူးတယ်။ ‘ရပါတယ်ကွာ’ ဆိုတာကလွဲလို့ လုပ်မြဲအတိုင်းသာ လုပ်နေသူပါ။ အဲ့ဒီအချိန်ကာလက ကျမခင်ပွန်းဟာ စစ်ရုံးကြီးမှာ တတိယတန်း ဦးစီးမှူးတာဝန်ကို ထမ်းဆောင်နေစဉ် ကာလဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများက ‘ခင်ဗျားမိန်းမ မီးဖွားတာ ခင်ဗျားကဘာလို့ ၀ိတ်တွေကျသွားရတာလဲ’ လို့စနောက်ကြပါတယ်။ သားကြီးကို အမေနို့အပြင် နို့ဘူးလဲစို့တတ်အောင် လေ့ကျင့်ပေးရပြန်တယ်။ ခင်ပွန်းဖြစ်သူပြောတဲ့အတိုင်း သားကြီး ၄၅-ရက်ပြည့်တော့ ခွင့်စေ့တဲ့ကျမ စုထားတဲ့ လုပ်သက်လစာခွင့် တစ်လကိုယူပြီး သားကြီးအနား ဆက်နေခဲ့သလို ခွင့်ရက်တွေ စေ့သွားပြန်တော့ လစာမဲ့ခွင့် ၂-ပတ်ထပ်ယူကာ သားကြီးအနား နေပြန်တယ်။ ကျမအလုပ် ပြန်ဝင်ချိန်မှာ သားကြီးက ၃-လသားဖြစ်နေပြီမို့ တူမလေး ယောင်းမတွေထံမှာ စိတ်ချစွာအပ်ပြီး အေးအေးဆေးဆေး လုပ်ငန်းခွင်မှာ အလုပ်ဆက်လုပ်ခဲ့ပါတယ်။
 ၃-လပြည့်သားကြီးနဲ့အမှတ်တရ
သားကြီး ၃-လပြည့်အမှတ်ရ
Ava စွပ်ကျယ်(အင်းစိန်)စက်ရုံမှာ ကျမတာဝန်ထမ်းဆောင်နေစဉ် သားကြီးအသက် ၂-နှစ်မှာ ရွှေတောင် ချည်မျှင်နဲ့အထည် အချောကိုင်စက်ရုံကို ပြောင်းရွှေ့ဘို့အမိန့် ကျလာပါတော့တယ်။ မိသားစုအင်အား ၁၂-ယောက်ရှိတဲ့ အသိုင်းအ၀န်းကနေ ရွှေတောင်စက်ရုံကို ကျမတစ်ယောက်တည်း ထွက်သွားဘို့အတွက် အခြေအနေက ဖန်တီးလာပြန်တော့ ခင်ပွန်းဖြစ်သူ အလုပ်တွေရှုပ်ပေအုံးတော့မယ်လို့ တွေးပြီး စိတ်မကောင်းဖြစ်ရုံကလွဲပြီး တစ်ခြားနည်းလမ်းလည်း ရှာမတွေ့ခဲ့ပါ။ ပြောင်းရွှေ့မည့် ရွှေတောင်က နယ်ဒေသဖြစ်နေတာကြောင့် နုနယ်ငယ်ရွယ်သေးတဲ့ သားကြီးကို ရန်ကုန်မှာပဲ ဘိုနေမြဲ ကျားနေမြဲ ထားဘို့နဲ့ အလုပ်ပိတ်ရက်များမှသာ ကျမရန်ကုန်အိမ်ကို အလည်ပြန်လာမည့်အရေး ဆွေးနွေးကြပြီး သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ရွှေတောင်စက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ ကျမရဲ့ရုံးပိတ်ရက် စနေ တနင်္ဂနွေရက်တိုင်းလိုလို ကျမရန်ကုန် ပြန်ရောက်နေတတ်သလို တစ်ခြားရုံးပိတ်ရက်များလဲ ရွှေတောင်မှာ မရှိတဲ့အချိန်များပါတယ်။ ရွှေတောင်ရောက်ပြီး ၆-လအကြာမှာ ခင်ပွန်း မေမြို့မှာ သင်တန်းတစ်ခုတက်ဘို့ အကြောင်းဖန်လာပြန်တယ်။ သားကြီးကို အဖေနဲ့အမေ နှစ်ယောက်စလုံး မရှိတဲ့ရန်ကုန်မှာ ထားခဲ့ဘို့ အဆင်မပြေပြန်။ နောက်ဆုံးတော့ သားကြီးနဲ့တူမလေးကို ကျမရှိရာ ရွှေတောင်ကို လာပို့ပြီး ခင်ပွန်းက သင်တန်းသုံးလ မေမြို့မှာတက်ခဲ့ပါတယ်။ သင်တန်းဆင်းတော့ သားကြီးနဲ့တူမလေးကို ပြန်လာခေါ်ပြီး ရန်ကုန်ကို ပြန်ကြပြန်တယ်။ စာကြောင်းအနေနဲ့ သုံးလေးကြောင်းရှိတဲ့ ဖြစ်စဉ်လေးဟာ မိသားစုရဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုပါ။ သားကြီးရွှေတောင်မှာနေစဉ် တစ်နေ့မှာ နွားနို့သောက်ပြီး ခြံဝင်းထဲမှာရှိတဲ့ ဇီးသီးပင်ကနေ ဇီးသီးကို တူမလေးအလစ်စားမိကာ အထက်လှန် အောက်လျောဖြစ်ပြီး ရွှေတောင်နဲ့ပြည် အကြားမှာရှိတဲ့ စစ်ဆေးရုံကို တစ်ညနေခဲ့ရပါတယ်။ ဘယ်လိုကိစ္စဖြစ်စေ ရင်ထဲမှာ သိမ်းဆည်း ထားတတ်တဲ့ အကျင့်မရှိတဲ့ ကျမကြောင့် သင်တန်းတက်နေတဲ့ ခင်ပွန်းဖြစ်သူကို အတော်လေး စိတ်ပူစေခဲ့မိပါတယ်။ သားအဖတွေ ရန်ကုန်ပြန်သွားပြီး များမကြာခင်မှာဘဲ ကျမ ဖောင်ကြီးသင်တန်းကိုတက်ဘို့ စာရောက်လာတာကြောင့် မှတ်မှတ်ရရ "အမျိုးသမီး ၈၆-ယောက်ပါဝင်တဲ့ ဖောင်ကြီးသင်တန်း အပတ်စဉ်-၈၆ကို ၁၉၈၆-ခုနှစ်" မှာ ကျောင်းသားအမှတ်-၆နဲ့ ၄-လကြာ ဖောင်ကြီးသင်တန်း တက်ရောက်ခဲ့ပါတယ်။
 သင်တန်းကိုအလည်လာတဲ့ သားအဖနှစ်ယောက် အမှတ်တရ
 နောက်တန်း မချို စီစီ နီနီ ခင်ဌေးမြင့်
ရှေ့တန်း တီတင့် မရ သင်းထွဋ်
 SRP ကအပြန် ခင်ဌေးမြင့် သင်းထွဋ် တီတင့် နီနီ မချို စီစီ မရတို့နဲ့ အမှတ်တရ
တီတင့် စီစီ သင်းထွဋ် နီနီတို့နဲ့ ကောက်စိုက်စဉ် အမှတ်တရ
သင်တန်းဆင်းပွဲ အမှတ်တရ (အရပ်မြင့်တော့ ထိပ်စီးနေရာမှလျှောက်ခဲ့ရ)
သင်တန်းဆင်းလက်မှတ်ယူစဉ် အမှတ်တရ
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz