x

4.1.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၅


၁၉၈၈-ခုနှစ် မတ်လ ၂၈ရက်နေ့ အလုပ်ပြန်ဆင်းရမည့် အချိန်မှာ ကျမအရင်ပို့စ်မှာ ရေးခဲ့သလို သားငယ်ကို မီးဖွားပြီးနောက် မီးဖွားခွင့် ၄၅-ရက် လုပ်သက်တစ်လနဲ့ ဆေးခွင့် ၂-ပတ်ယူခဲ့တာကြောင့် သားငယ်ရဲ့အသက် ၃-လပြည့်ပြီး သွားချိန်မှ အလုပ်ပြန်ဝင်ဖြစ်ပါတယ်။ အဲ့ဒီအချိန်အခါက ၁၉၈၈ ခုနှစ်၊ မတ် ၁၂ ရက် အနောက် ကြို့ကုန်း လက်ဖက်ရည် ဆိုင်ကနေ စတင်ခဲ့တဲ့ ကျောင်းသားနဲ့ အရပ်သား ပဋိပက္ခနဲ့ စပ်လျဉ်းပြီး ၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ပဉ္စမနှစ် ဓာတုဗေဒ အင်ဂျင်နီယာတန်းကို တက်ရောက်နေသူ မောင်ဘုန်းမော် ကျဆုံးခဲ့ပြီးချိန်မို့ နေရာတိုင်းလိုလို တည်ငြိမ်အေးဆေးမှု အလျဉ်းမရှိတော့ပါ။ သမိုင်းချည်မျှင်နှင့်အထည် စက်ရုံ(သမိုင်း) စက်ရုံမှူးကြီးရဲ့ အရာရှိ အခြားဆင့် ၀န်ထမ်းများအားလုံးအတွက် ထုတ်ပြန်ထားတဲ့ နေ့စဉ်မပျက်မကွက် စက်ရုံလာရမယ်ဆိုတဲ့ ကြေငြာချက်ကြောင့် ကျမလည်း မနက်တိုင်း အချိန်မှန် သားငယ်ကို တူမလေးနဲ့ထားခဲ့ပြီး ရုံးတက်ဖြစ်ခဲ့တယ်။ မနက်အချိန်မှန် ရောက်လာတဲ့ ဖယ်ရီရိန်းဂျား ကားကြီးရဲ့ တစ်ဝုန်းဝုန်းအသံက ကျမနေထိုင်ရာ ဦးဝိစာရ ရပ်ကွက်တစ်ခုလုံးကို လန့်နိုးစေခဲ့တယ်။
တစ်မနက် ရုံးသွားခါနီး ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ကုန်တိုက်ကြီး မီးလောင်နေတာကို ကျမအိမ်ကနေ မီးခိုးလုံးကြီးတွေ မြင်နေရပြီး သားငယ်ကို ချီပိုးထားတဲ့ တူမတော် သတ္တိခဲက ကလေးငယ်ကိုပါ ရေချိုးခန်းထဲ ခေါ်သွင်းပြီး ဂျက်ထိုးကာ အကြောက်လွန်လို့ ထိုင်ငိုနေပါတော့တယ်။ ဂျက်ဖွင့်ဘို့ မနည်းချော့မော့ပြောကာမှ ဂျက်ပြန်ဖွင့်ခဲ့တဲ့အဖြစ်။ စက်ရုံကလည်း မသွားမဖြစ်တဲ့အတွက် ကုန်တိုက်ကြီးမှာ အလုပ်လုပ်နေတဲ့ ယောင်းမလေးကို လက်ရှိဖြစ်နေတဲ့ အခြေအနေကြောင့် အလုပ်မသွားပဲ အိမ်မှာနေဘို့ မှာကြားပြီး အိမ်ကိုအပ်ခဲ့ကာ နောက်ဆံတင်းရင်း လုပ်ငန်းခွင် ၀င်ခဲ့ရပြန်တယ်။ ဆေးတက္ကသိုလ် လိပ်ခုံးရှေ့အရောက်မှာ ဓါးများကိုင်ဆောင်ထားတဲ့ လူတစ်စုက ကျမတို့ဖယ်ရီကို တားထားပြီး လမ်းဖြတ်ကူးသူ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို ဦးစားပေး ဖြတ်ကူးခိုင်းတာ တွေ့ရသလို လမ်းဖြတ်ကူးသူတို့ရဲ့ လက်ထဲမှာ မနိုင့်တစ်နိုင် အထုပ်အပိုး ပစ္စည်းစုံ အမျိုးမျိုးကို သယ်ဆောင်လာတာ မြင်ရပြန်တယ်။ ဆေးတက္ကသိုလ် တစ်ဝန်းလုံး မျှော်ကြည့်လိုက်တော့ မှန်ပြူတင်းများ ပရိဘောဂများကို ရိုက်ချိုး ဖျက်ဆီးနေတဲ့ လူအုပ်ကြီးကို မြင်ရတဲ့အခါ ဖယ်ရီမောင်းသူ ဦးဝင်းကို စက်ရုံအမြန်သွားဘို့ လက်တို့ရပါတယ်။ ရင်ထဲမှာလည်း အတော်လေး မွမ်းကျပ်မှုနဲ့အတူ စိတ်မကောင်းခြင်း ဖြစ်မိတယ်။
စက်ရုံရဲ့ အ၀င်ဝကိုရောက်ပြန်တော့ ထိတ်လန့်ဖွယ်ရာ သွေးအလိမ်းလိမ်းထနေတဲ့ လူဦးခေါင်း သုံးခေါင်းကို စက်ရုံရဲ့ခြံစည်းရိုးမှာ တွဲလောင်းချိတ်ထားတာမြင်ရပြန်တယ်။ ကျမရဲ့မျက်လုံးတွေကို အဝေးတစ်နေရာသို့ အမြန်ဆုံးလွှဲပစ်ခဲ့တယ် စက်ရုံဝန်းအတွင်းမှာရှိတဲ့ ကိုယ့်ရဲ့ဌာနစိတ်ကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ ဌာနအတွင်းကို ရောက်မဆိုက် အလုပ်ရုံစုမှူး ဦးစိန်လှက ကျမကို အရေးအကြောင်း တစ်ခုခုစက်ရုံတွင်းမှာ ဖြစ်ခဲ့ရင် စားပွဲခုံအောက်မှာ ၀င်ထိုင်နေဘို့ သတိပေးသလို ကျမအပေါ် ချစ်ခင်တဲ့ တစ်ခြား စိတ်မှူး စုမှူး ၀န်ထမ်းများကလဲ သူတို့တွေရှိနေတာမို့ မစိုးရိမ်ဘို့ အားပေးကြပါတယ်။ ကျမက ဌာနရဲ့အကြီးအကဲ ဖြစ်နေပေမယ့် လုပ်သက်ရင့်ပြီး အတွေ့အကြုံများတဲ့ စုမှူး စိတ်မှူးတို့ကို အားကိုးလေးစားမိခဲ့တယ်။ အခြေအနေက နေရာတိုင်းလိုလို တည်တည်ငြိမ်ငြိမ်မရှိပဲ ရုပ်ရုပ်သဲသဲ ဖြစ်နေတာကြောင့် ကျမနောက်ပိုင်း ရက်တွေမှာ စက်ရုံမသွားဖြစ်တော့ပါ။ ကျမ နေထိုင်ရာ ဦးဝိစာရရပ်ကွက်ရဲ့ တစ်ဖက်တစ်ချက်မှာလဲ လူဦးခေါင်းသုံးလုံးနဲ့ လေးလုံး ဖြတ်နေတယ်လို့ ကြားရပြီး သတ္တိကောင်းတဲ့ ယောင်းမအလတ်ကတော့ လမ်းထိတ်ကို တစ်ခြားသူများနဲ့အတူ ထွက်ကြည့်ပြီး ပြန်ရောက်လာတဲ့ အချိန်ကစပြီး ၃-ရက်လောက် မစားနိုင် မသောက်နိုင် အော့အန်နေပါတော့တယ်။ ၈-လသား သားငယ်ကို ကျမသိပ်နေတဲ့ ညတစ်ညမှာ ခင်ပွန်းဆီကနေ ဖုန်းဝင်လာတယ်-
‘မိန်းမရေ ကိုယ်ဒီနေ့ကစပြီး တစ်ပတ်အိမ်ပြန်လာဖြစ်မယ် မထင်ဘူး၊ ရုံးမှာအချိန်ပြည့် တာဝန်ကျနေတယ် အတတ်နိုင်ဆုံး မိသားတစ်စုလုံး အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေကြပါ’ တဲ့။ ကျမက လတိုင်း လခထုတ်ပြီးချိန်ဆို လစာဝယ်လေ့ရှိပြီး အထူးသဖြင့် ဆန် ဆီ ဆား ငြုပ်ကြက်သွန် အခြောက်အခြမ်း ဘီစကစ်နဲ့ ကလေးနို့မှုန့်တို့ ၀ယ်ထားပြီးမို့  ပူစရာမလိုပါ။ တစ်ချိန်တည်းမှာပဲ ကျမတို့ရပ်ကွက်မှာလည်း ရပ်ကွက်ထဲကို ၀င်လို့ရတဲ့ ၀င်ပေါက် နှစ်ဖက်စလုံးမှာ အတားအဆီးများနဲ့ ပိတ်ကာထားပြီး အိမ်တက်စေ့ အလှည့်ကျ မိုးလင်းအထိ ဂျူတီတွေချနေချိန်။ ယောက်ျားသားဆိုလို့ ကျမရဲ့မောင်ငယ်တစ်ယောက်သာ ရှိပြီး ကျန်အားလုံးမှာ ကလေးနဲ့ မိန်းမသားတွေချည်းမို့ မောင်လေး ဂျူတီကျလို့ အိမ်မှာ ယောက်ျားသား မရှိတဲ့နေ့ဆိုရင် ယောင်းမလေးတွေ ကြောက်ပြီး အိပ်မပျော်နိုင်ကြ။ လူမမယ်သားနှစ်ယောက်ကို ကြည့်ပြီး ကျမတွေးခဲ့တယ်။ တကယ်လို့များ အိမ်ထဲကို အကြမ်းဖက်သူတွေ အိမ်တံခါးချိုးဖျက် ၀င်လာခဲ့မယ်ဆိုရင် အိပ်ခန်းရဲ့တံခါးကြားမှာ အမြဲတန်း ထောင်ထားလေ့ရှိတဲ့ ငှက်ကြီးတောင်ဓါးကြီးနဲ့ အကြမ်းဖက်သူတွေကို ကိုယ်ကဦးအောင် ခုတ်ပစ်ပြီး သားတို့ကို ကာကွယ်ပေးမယ် မတတ်နိုင်တဲ့အဆုံးမှ ကိုယ်အသေခံမယ်ဆိုတဲ့ အတွေးလေး လျှပ်တစ်ပြက်ဝင်ခဲ့ဘူးတယ်။ မိခင်များနေ့မှာ မိခင်တစ်ယောက်ရဲ့ ရင်ထဲကစကားလေးနဲ့ ကျူးရင့်လိုက်ပါတယ် တကယ်လို့များ ကျမရဲ့မွေးမေမေသာ အသက်ရှင်သန်နေအုံးမယ်ဆိုရင်…..
ကျမမိခင်ရဲ့ဓာတ်ပုံလေးတွေ အရောင်အသွေး လွင့်ပြယ်သွားပေမယ့် မွေးမိခင်အပေါ် 
မလွင့်ပြယ်သော မေတ္တာများဖြင့် အမြဲသတိတယရှိနေလျှက်ပါ (အမေများနေ့အတွက်အမှတ်တရ)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz