x

21.1.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၇


ခါးပတ်ဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ တပည့်ကျော်များရဲ့ စိတ်နေစိတ်ထားများလဲ ချပ်ဝတ်တန်ဆာထုတ် စက်သစ်များ တပ်ဆင်ခြင်းမှာ မြှုပ်နှံကြရင်း တစ်စစနဲ့ ပြောင်းလဲလို့ လာပါတော့တယ်။ ဂျပန်နိုင်ငံကနေ စက်သစ်များတပ်ဆင်ဘို့အတွက် လိုက်ပါလာတဲ့ နည်းပညာရှင်တွေကအစ ကျမတို့တစ်တွေရဲ့ စည်းလုံးညီညွတ်မှု အားကြိုးမာန်တက် ကြိုးစားမှု နည်းပညာပိုင်းဆိုင်ရာ ညွှန်ကြားချက်များကို တစ်သွေမတိမ်း လိုက်နာမှုတို့ကို ထုတ်ဖော်ချီးမွမ်းကာ လက်ဆောင်ပဏ္ဍာများ ပေးတဲ့အထိပင်။ တစ်ဦးက စေတနာ တစ်ဦးကမေတ္တာဆိုသလို သူတို့လေးတွေရဲ့အပေါ် ထားရှိခဲ့တဲ့ ကျမရဲ့စိတ်နေသဘောထားကို လေးစားစွာ ပြန်လည်တုန့်ပြန်ရင်း ယုံကြည်မှုအပြည့်အ၀ပေးခဲ့တာကြောင့် သတ်မှတ်ထားတဲ့ အချိန်ကာလထက်စောပြီး စက်သစ်တပ်ဆင်မှုလုပ်ငန်း အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ စက်သစ်တပ်ဆင်ပြီးတဲ့ နောက်ပိုင်းမှာ ကျမခါးပတ်ဌာနရဲ့ ထုတ်လုပ်မှုစီမံချက်လည်း ပိုမိုမြှင့်တင်လိုက်တဲ့အတွက် ရှေ့တန်းရောက် စစ်သည်တို့အသုံးပြုနိုင်ရန် အရည်အသွေး ပြည့်မှီတဲ့ ချပ်ဝတ်တန်ဆာ အရေအတွက်တို့ကို လုံလောက်အောင် ထုတ်လုပ်နိုင်ခဲ့တာကြောင့် ကျမတို့ဌာနကို အမြင်စောင်းနေသူတို့လည်း အမြင်ကြည်လင်လာပါတော့တယ်။ ဌာနအရာရှိများ အစည်းအဝေးများမှာ အထက်လူကြီးများရဲ့ အပြစ်တင်မှုမျိုးကို အရင်လို မခံရတော့တဲ့အခြေအနေမို့ ကိုယ့်ကိုယ်ကို ကျေနပ်မိခဲ့တယ်။ ကထိန်ရာသီ ရောက်တဲ့အခါမှာလဲ တစ်ခြားဌာနများ နည်းတူ ကထိန်ပဒေသာပင်များကို စေတနာသဒ္ဓါ ထက်သန်စွာနဲ့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ၀င်ရောက်ဆင်နွှဲကြပြန်တယ်။
 ဂျပန်နိုင်ငံမှ နည်းပညာရှင်နဲ့အတူ စက်သစ်များတပ်ဆင်ရေးအဖွဲ့
 စက်သစ်များတပ်ဆင်နိုင်ရေးအတွက် အကူအညီပေးသူ ဦးစိုးညွန့်နဲ့ စက်သစ်များတပ်ဆင်ရေးအဖွဲ့
နောက်တန်း- စိန်မြင့် ဝေလွင်ဦး အန်တီတင့် ဦးစိုးညွန့် အောင်ကျော်မြင့် စိုးသန်း ၀င်းမြင့် ကြည်စိုး
ရှေ့တန်း- လှသိန်း တင်လှိုင် ထွန်းဦး အောင်ဝင်းသန်း
 စုမှူးနှစ်ယောက် ဦးသိန်းနိုင် ဦးလှမြိုင်တို့နဲ့ ရုံးအဖွဲ့ အမှတ်တရ
ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ရန်ဖြစ်လိုက် ပြန်တည့်လိုက်အဖွဲ့ စက်ရုံအရာရှိများ :P
ဝဲ မှ ယာ- ဦးသန်းရွှေမောင် အန်တီတင့် ဒေါ်ညွန့်ညွန့်ကြည် စက်ရုံမှူး ဗိုလ်မှူးစိန်မြင့် 
ဒုစက်ရုံမှူး ဗိုလ်မှူး စိန်ဝင်း ဒေါ်နုနုကြည် ဒေါ်စန်းကြည် ဦးသန်းထွန်း
 ကထိန်ရာသီများမှာ ဌာနအလိုက်အပြိုင်အဆိုင် ပဒေသာပင်သီး
 ကြုံဆုံခိုက် အမှတ်တရ 
 ရိုးရိုးယဉ်ယဉ် ချစ်စရာ့အသွင် ရောင်စုံပျိုမေများနဲ့ အမှတ်ရ
 ပျော်စရာအချိန်လေးတွေ
စက်ရုံဝန်ထမ်းများနဲ့အတူ ပဒေသာပင်များလှူရင်း သားတို့ပါသာဓုခေါ်စေလို
၁၉၉၄-ခုနှစ် ဇွန်လဆန်းမှာ ကျမအတွက် အိပ်မက်တောင် မမက်ဘူးတဲ့ နိုင်ငံခြားခရီးစဉ်တစ်ခု သွားရောက်ဘို့ ရုံးစာတစ်စောင်ကို လက်ခံရရှိခဲ့တယ်။ ကိုလံဘို စီမံကိန်းကနေ ထောက်ပံ့ခြင်းပြုကာ အိန္ဒိယတောင်ပိုင်း ကွိုင်ဘတိုး စက်မှုမြို့တော် (The south India Textile research association , Coimbatore) တစ်နည်းအားဖြင့် SITRA မှာ အချိန်ကာလ ၃-လတာမျှ ချည်မျှင်ဌာနနဲ့ သက်ဆိုင်တဲ့သင်တန်း (Textile testing & Quality control) တက်ရန်ဖြစ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျမရဲ့ဒီ ခရီးစဉ်လေးကို အခုလို ပြန်ရေးသားနိုင်ခွင့်လေး ရခဲ့မယ်ဆိုတာ ကြိုသိခဲ့ရင် ဒီထက်မက ဖြစ်တည်မှုမှန်သမျှကို စုဆောင်းခဲ့မိမှာ အမှန်ပင်။ ဒါကြောင့်လည်း ကျမရဲ့ဘ၀တကွေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာ တစ်ချို့ကို သတိရသလောက်လေးနဲ့ ဒီဆောင်းပါးလေးနဲ့ ခြေရာချန်ခဲ့ပါတယ်။ ဒီခရီးစဉ်လေးမှာ ကျမအတွက် မိတ်ဆွေအပေါင်းသင်းများ တိုးပွားလာတာနဲ့အမျှ နေ့စဉ် သင်ကြားမှုဆိုင်ရာ ဘာသာရပ်ကနေ မသိနားမလည်သေးတဲ့ သင်္ခန်းစာများ သိရှိနားလည်ခဲ့ပါတယ် စာတွေ့ပြီးတိုင်း လက်တွေ့လုပ်ရတာကြောင့် သင်္ခန်းစာ တစ်ပုဒ်ပြီးတိုင်း ခက်ခဲမှုမရှိပဲ မှတ်မိလွယ်ခဲ့ပါတယ်။ တစ်ခါ အပတ်စဉ် အလှည့်ကျ သွားရောက်ပြီး လေ့လာရေး ဆင်းရတဲ့ စက်ရုံများကနေ ခေတ်နဲ့အပြိုင် တိုးတက်နေတဲ့ နည်းပညာပိုင်းတွေ စိတ်ဝင်စားစွာ လေ့လာခွင့်ရခဲ့ပြန်တယ်။ ၃၆ကြိမ်မြောက် ဖွင့်ခဲ့တဲ့ SITRA သင်တန်းမှာ နိုင်ငံပေါင်း ၆-နိုင်ငံကနေ ကျောင်းသားစုစုပေါင်း ၂၆-ယောက် သင်တန်းတက်ရောက်ခဲ့ကြရပြီး မြန်မာနိုင်ငံမှ ကျမအပါအ၀င် စုစုပေါင်း ၇-ယောက် တက်ရောက်ခွင့်ရခဲ့ပါတယ်။
 SITRA's International programme တက်ရောက်ရန် မထွက်ခွာမှီ ဌာနအကြီးအကဲများနဲ့အမှတ်တရ။
သင်တန်းသားများ- ဦးကံလှ ဦးမျိုးညွန့် ဦးလှသောင်း ဦးညွန့်ဝေ အန်တီတင့် ဒေါ်ချစ်ချစ်ဆွေ
ပညာရေးဌာနမှ ဦးနိုင်ဝင်းအောင် (ဓာတ်ပုံတွင်မပါ)
သင်တန်းသား နှစ်ယောက် တစ်ခန်း မချစ်နဲ့အမှတ်တရ
 သင်တန်းဆောင် နောက်ခံပြီး အမှတ်တရ 
 စာသင်ဆောင်များမှာ အမှတ်တရ
 ညနေပိုင်း အချိန်ပိုရင် စစ်တုရင်ကစား
မချစ်နဲ့ကိုနိုင် ဈေးဝယ်တာဝန်ယူ အန်တီတင့်ကချက်ပြုတ်
လူကြီးတွေက အေးအေးဆေးဆေး ကံလှကတော့ ဟိုမရောက်သည်မရောက်ပေါ့ :P
လက်တွေ့ လေ့လာရေးဆင်းရင်း အမှတ်တရ
ကျမက အထက်တန်းကျောင်းသူ ဘ၀ထဲက ဘောလုံးဝါသနာ ကြီးခဲ့သူပီပီ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ တစ်ချိန်ထဲဖြစ်နေတာမို့ ကွိုင်ဘတိုးရဲ့ သန်းခေါင်ယံအချိန် တစ်ခါတစ်လေ သန်းခေါင်းကျော် မနက် ၂နာရီအချိန်တို့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ ပွဲစဉ်တိုင်း မပျက်မကွက် အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်ခဲ့တယ်။ ကျမကို ဘောလုံးပွဲ အကြည့်နိုင်ဆုံးသူအဖြစ် သင်တန်းအတူတက် သူငယ်ချင်းများရဲ့ ကင်ပွန်းတပ်ခြင်းခံခဲ့ရတာနဲ့အတူ ကျမသဘောကျတဲ့ ဘက်ဂီယိုရဲ့ လှလှပပ နောက်ပြန်သွင်းခဲ့တဲ့ ဂိုးကြောင့် ကျမရဲ့အားပေးသံဟာ ဧည့်ခန်းနဲ့ကပ်နေတဲ့ သူငယ်ချင်းများပင် အိပ်ယာကနေ ထလာပြီး ဘောလုံးပွဲထိုင်ကြည့်ကြတဲ့အဖြစ်။ သင်တန်းကာလရဲ့ နောက်ဆုံးအပတ်မှာ သင်တန်းအစီအစဉ်အတိုင်း ညအိပ်ခရီးတိုထွက်ကြရတယ်။ သင်တန်းသားများအားလုံး အလှည့်ကျ ကိုယ့်နိုင်ငံနဲ့ ဓလေ့ထုံးစံအကြောင်း ပြောကြဆိုကြနဲ့ အမှတ်တရ နှုတ်ဆက်ပွဲလေးလုပ်ကြရပါတယ်။ ကျမအတွက် ဒီခရီးစဉ်အစ-အဆုံးထိ မဖြစ်မနေ ကျေးဇူးတင်ရမည့် သူငယ်ချင်းလေး မချစ်(ချစ်ချစ်ဆွေ) နဲ့ ကိုနိုင်(နိုင်ဝင်းအောင်)တို့ကို ဒီဆောင်းပါးလေးကနေပဲ ကျေးဇူး တင်လိုက်ပါရစေ။ ကျမမှာ အသက် ၇-နှစ်လောက်ကစပြီး စွဲခဲ့တဲ့ ခေါင်းကြီးကိုက်ရောဂါ တစ်နည်းဆိုရရင် Migraine ရောဂါဟာ အိပ်ရေးပျက်ခံပြီး အနားမယူပဲ စိတ်ဖိစီးမှုရှိတဲ့အခါတိုင်း ခံစားရကြောင်း ငယ်စဉ်ဘ၀ ပို့စ်ဟောင်းတွေမှာ ကျမရေးခဲ့ဘူးသလို ရောဂါဖြစ်တိုင်း နေ့ ညမရွေး မချစ်နဲ့ ကိုနိုင်တို့က မညည်းမညူ အကူအညီပေးခဲ့သူ နှစ်ယောက်ပါ။ ခေါင်းကြီးကိုက်ရောဂါ ဘယ်လိုအမြစ်ပြတ်သွားတယ် ဆိုတာကိုတော့ နောက်ပို့စ်မှာ ဆက်ရေးခွင့်ပြုပါ။
 စနေ တနင်္ဂနွေလို ခရီးထွက်ရတဲ့ ရက်များဆို ပျော်မှပျော်
 သင်တန်းသားများနဲ့ ခရီးသွားစဉ် အမှတ်တရ
 နားမလည်တဲ့အခါမှာ ခြေဟန်လက်ဟန်နဲ့ပြောရင်း ခင်စရာကောင်းတဲ့ သူငယ်ချင်းများ
ရှုခင်းလှလှနောက်ခံပြီး သဲသောင်ပြင်မှာ သူငယ်ချင်းများနဲ့အမှတ်တရ 
 သုံးဘီးကားလေးစီးပြီးအလည်အပတ်သွားကြ
 အဆောင်မှာနေခဲ့စဉ် သင်တန်းသားများ လိုအပ်တာမှန်သမျှ 
အကူအညီပေးရတဲ့ အဆောင်မှ မန်နေဂျာနဲ့ဝန်ထမ်းလေးများ
 ရုက္ခဗေဒဥယျာဉ်မှာ ရိုမေးနီးယားသူလေးနဲ့ မြန်မာအဖွဲ့အမှတ်တရ
ရှေးဟောင်းပြတိုက်မှာ အမှတ်ရ
၉၄-ခုနှစ်မှာ ခေတ်စားတဲ့ မျက်မှန်ဒီဇိုင်းတွေ :P
သင်တန်းနောက်ဆုံးရက်မှာ ရိုးရာဝတ်စုံများဝတ်ဆင်ကြရတယ်
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz