x

12.2.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၈


သင်တန်းရဲ့နောက်ဆုံးရက်မှာ သင်တန်းသားအားလုံး ကိုယ့်နိုင်ငံရဲ့ ၀တ်စုံတွေကို ၀တ်ဆင်ကြရသလို အလှည့်ကျ အဆို အကတို့ကို ကိုယ်နှစ်သက်သလို လုပ်ဆောင်ကြရတာ ပျော်စရာ။ တစ်ဦးနဲ့တစ်ဦး လိပ်စာတွေဖလှယ်ကြ အမှတ်တရလက်ဆောင်တွေ ပေးကြနဲ့ အမှတ်တရခြေရာများ ချန်ခဲ့ကြတယ်။
သင်တန်းကာလ ၁ရက်ဇူလိုင် ၁၉၉၄-ခုနှစ်ကနေ ၂၂ရက်စက်တင်ဘာ ၁၉၉၄-ခုနှစ်အထိ ၃လတာကာလ ပြီးဆုံးသွားချိန်မှာတော့ ကျမတို့အဖွဲ့ ဗုဒ္ဓဂါယာခရီးစဉ်ကို ခြေဦးလှည့်ဘို့ ကြိုးစားခဲ့ကြတယ်။ ကျမတို့ အဖွဲ့က စိတ်သဘောထားချင်း ကိုက်ညီကြတာကြောင့် သင်တန်းကာလ တစ်လျှောက်လုံးမှာ အဆင်ပြေခဲ့သလို ရှေ့ဆက်မည့် ခရီးစဉ်အတွက်လည်း အခက်အခဲမရှိခဲ့ပါ။ သင်တန်းအစကနေ အဆုံးအထိ ကုန်ကျစရိတ်ကို ၇နဲ့စားပြီး ဝေပုံကျ ထည့်ကြရင်း သင်တန်းလေးဆီ ပြေးတက်လိုက် ပိတ်ရက်တွေ လေ့လာရေး စက်ရုံတွေသွားကြ သင်တန်းမှူး စီစဉ်ပေးတဲ့ ခရီးတိုထွက်လိုက်ကြနဲ့ အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ 
 သင်တန်းရဲ့နောက်ဆုံးနေ့ မြန်မာဝတ်စုံများနဲ့အမှတ်တရ
ဝဲမှယာ-ဦးနိုင်ဝင်းအောင် ဦးလှသောင်း ဒေါ်ချစ်ချစ်ဆွေ အန်တီတင့် ဦးကံလှ ဦးညွန့်လွင် ဦးမျိုးညွန့်
 အလှည့်ကျတော့ မနွဲ့စတမ်း မြနန္ဒာသီချင်းနဲ့သီဆိုကပြရ
ဘာလုပ်ရကောင်းမလဲလို့ အချင်းချင်းညှိနှိုင်းနေတဲ့ Mauritius အဖွဲ့
သင်တန်းဆင်း လက်ဆောင်အမှတ်တရပစ္စည်းလေးမပေးမှီ
သင်တန်းသားများအတွက် SITRA ရဲ့အမှတ်တရ
 သင်တန်းပြီးဆုံးသွားပြီး အမှတ်တရဓာတ်ပုံများရိုက်
ဓာတ်ပုံရိုက်ပြီး နှုတ်ဆက်ခွဲခွာကြ
မှတ်မှတ်ရရ သင်တန်းကာလ နှစ်ပတ်အကြာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သားငယ် အမေကိုလွမ်းဖျားဖျားပြီး အတော်လေး နေမကောင်းဖြစ်နေတာကို ကျမစိတ်ရှုပ်မှာစိုးရိမ်ပြီး သားတို့ဖေဖေက မပြောခဲ့ဘူး။ ‘သားတို့နေထိုင်ကောင်းကြလား’ မေးတိုင်း ‘အဆင်ပြေတယ် စိတ်မပူနဲ့ ကိုယ့်ကျန်းမာရေးသာ ဂရုစိုက်နော်’လို့သာ ပြန်ဖြေစမြဲ။ ကျမရဲ့ အိမ်ဖုန်းကိုလိုင်းခွဲအနေနဲ့ အိပ်ခန်းထဲမှာပါ တစ်လုံးထားတာကြောင့် မထင်မှတ်ပဲ သားကြီးက အိပ်ခန်းတွင်းဖုန်းကို ကောက်ကိုင်ပြီး ‘မေမေ ထက်ထက် အရမ်းဖျားနေတယ်’ လို့ပြောခဲ့တယ်။ သူ့ဖေဖေလဲ တားချိန်မရလိုက်ခဲ့ဘူး။ ကြားကြားချင်း ကျမသင်တန်းကို ဆက်တက်ချင်စိတ် မရှိတော့ပဲ မြန်မာပြည်ကို ပြန်ပြေးချင်စိတ် ပေါ်လာခဲ့တယ်။ ကျမလေယာဉ်လက်မှတ် ၀ယ်ပြီးပြန်လာမည့်အကြောင်း ပြောတော့ သားငယ်ကို အနီးကပ်ပြုစု စောင့်ရှောက်နေတဲ့ ဆရာဝန် ညီမ၀မ်းကွဲ ဥမ္မာကနေ ‘မတင့် ဘာမှစိတ်မပူပါနဲ့ ရိုးရိုးဖျားတာပါ ဥမ္မာလဲ ဒီအိမ်မှာပဲ ညအိပ်ပြီး ဂရုတစ်စိုက် စောင့်ရှောက်နေတယ်’ လို့ပြောမှပဲ ကျမရဲ့စိတ် သက်သာရာရသွားတယ်။ သင်တန်းကာလ ကုန်ဆုံးပြီး ဗုဒ္ဓဂါယာခရီးစဉ်ကို စမ်းတစ်ဝါးဝါးသွားရင် အဆင်မပြေ ဖြစ်မှာစိုးတဲ့အတွက် ကျမရဲ့ ဖေဖေက ခရီးမထွက်ခင်ကထဲက အိန္ဒိယနိုင်ငံမှာ စစ်သံမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီးလှမြင့်ဆီကို သွားရောက် အကူအညီတောင်းဘို့ မှာကြားလိုက်တာမို့ သင်တန်းပြီးတာနဲ့ ကျမလည်း ဗိုလ်မှူးကြီးလှမြင့်ကို အဆက်အသွယ်ရအောင် ယူခဲ့ပါတယ်။ စိတ်သဘောထားပြည့်ဝတဲ့ ဗိုလ်မှူးကြီးတို့မိသားစုရဲ့ ကျေးဇူးကြောင့် ကျမတို့အဖွဲ့ ဗုဒ္ဓဂါယာခရီးစဉ်ကို ချောမောစွာပဲ ရောက်ခဲ့ကြပါတယ်။ ၁၉၉၄-ခုနှစ် အချိန်ကာလက ဗုဒ္ဓဂါယာရဲ့ အနေအထားများဟာ လက်ရှိ အနေအထားနဲ့ အတော်လေးကွာခြားခဲ့တာကို မြင်ရပါတယ်။
 ဗုဒ္ဓဂါယာခရီးစဉ်ကိုစီစဉ်ပေးတဲ့ ဗိုလ်မှူးကြီးလှမြင့်ဆွေတို့မိသားစုနဲ့ အမှတ်တရ
 ကျမတို့အဖွဲ့ကို လိုလေသေးမရှိ စိတ်ရင်းစေတနာအပြည့်နဲ့ရင်းနှီးစွာကူညီခဲ့တဲ့ မြန်မာသံရုံးမိသားစုများ
ကြုံဆုံခွင့်ရစဉ် အမှတ်တရ
နွေးနွေးထွေးထွေးနဲ့ဧည့်ဝတ်ကျေခဲ့တဲ့ မြန်မာသံရုံးအဖွဲ့ကို ကျေးဇူးတင်လျှက်ပါ


ဗုဒ္ဓဂါယာဘုရားဖူးများဖြစ်တဲ့ ကျမတို့အဖွဲ့ကို အထင်ကရနေရာများနဲ့ ဘုရားသမိုင်း အကြောင်းတွေကို ဦးဇင်းတစ်ပါး(ဘွဲ့အမည်မမှတ်မိတော့ပါ)ကရှင်းပြပါတယ်။ မြတ်ဗုဒ္ဓ ရှင်တော်ဘုရား ပွင့်တော်မူရာ အထွဋ်အမြတ်နေရာကို ရောက်ဘူးခဲ့တာမို့လည်း စကားလုံးနဲ့ ဖေါ်ပြလို့မရနိုင်တဲ့ ၀မ်းသာပီတိ ကြည်နူးမှုများကို ခံစားခဲ့ရတယ်။ ဗုဒ္ဓဂါယာကနေတဆင့် ရာဇဂြိုလ်ဘက်ကို ဦးဇင်းတစ်ပါးနဲ့ ဆက်ပို့ပေးပြီး သမိုင်းမှာတွင်ကျန်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအမြင့်ဆုံး နလန်ဒါတက္ကသိုလ် တည်ခဲ့ရာ အုတ်ကျိုးများနဲ့အတူ ကျယ်ဝန်းလှတဲ့ ပရ၀ုဏ်ကြီးကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ချိန်တစ်ခါက မင်းညီမင်းသား အလွှာအသီးသီးတို့ စည်စည်ကားကား သွားလာလှုပ်ရှားခဲ့ကြပုံ အာရုံမှာထင်ဟင်လာမိတယ်။ ဒီပို့စ်မှာတော့ စာသားပါးပါးနဲ့ သရုပ်ဖော်ပုံတွေ ထူနေတယ် :P ။
ဗုဒ္ဓဂါယာရောက်တာနဲ့ အရင်ဆုံး ဗောဓိညောင်ကိုအရောက်သွားကြ
ပထမသတ္တဟကအစပြုပြီး သတ္တမသတ္တဟအထိ အစဉ်လိုက်ဖူးဖြစ်ခဲ့
 ဗုဒ္ဓမြတ်စွာရှင်တော်ဘုရား အနတ္တလက္ခဏာသုတ်ဟောကြားတော်မူရာနေရာမှာ အမှတ်တရ
 ဆေးဆရာဇီဝကဆေးကြိတ်သောနေရာမှအစပြုပြီး အဇာတသတ်မင်းရဲ့ ခမည်းတော် ဗိမ္မသာရမင်းကြီး အကျဉ်းချခံခဲ့ရသောနေရာများနဲ့ပတ်သက်ပြီး ဦးဇင်းရှင်းပြ
 အုတ်တစ်ချပ် သဲတစ်ပွင့် မိမိတစ်နိုင်လှူဒါန်းခဲ့
ဗုဒ္ဓမြတ်စွာရှင်တော်ဘုရား ဓမ္မစကြ်ာဟောကြားတော်မူရာ နေရာမှာအမှတ်တရ


တည်းခိုခွင့်ရခဲ့တဲ့ မြန်မာဘုန်းကြီးကျောင်း
ဂိဇ္ဈကုဋ်တောင်ထိပ်တက်ဘို့ အကာမပါကေဘယ်လ်တွေနဲ့သွားခဲ့ရ
 ဗုဒ္ဓမြတ်စွာရှင်တော်ဘုရားသီတင်းသုံးတဲ့နေရာကိုရောက်ဘို့ ဦးဇင်းကလမ်းပြရင်း တောင်စတက်ပါပြီ
ကျောက်တောင်ကျောက်တုံးတွေအကြားကနေ ကျောက်လှေခါးထစ်များအတိုင်းသွားရ
 တောင်ထိပ်ရောက်တော့ အမောပြေစေတဲ့ရှုခင်း
ဗုဒ္ဓမြတ်စွာရှင်တော်ဘုရားရဲ့ သီတင်းသုံးတော်မူရာနေရာ

ကျမရဲ့ခေါင်းကြီးကိုက်ရောဂါ ပျောက်ကင်းစေဘို့ကို တောင်ထိပ်မှာ သစ္စာအဓိဌာန်ပြုပြီး ဆုတောင်းခဲ့တယ်။ 'တပည့်တော်သည် မွေးသဖခင် ကျေးဇူးရှင်အား စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ယနေ့တိုင် ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို မိမိတတ်စွမ်းသလောက် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ တစ်ကြိမ်တစ်ခါမျှ ဖခင်အား စိတ်ငြိုငြင်အောင် မလုပ်ခဲ့ပါ။ ဖခင်ပြောသမျှ ဆိုသမျှသော စကားတို့ကိုလည်း မြေ၀ယ်မကျ နားထောင်ခဲ့ပါတယ်။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်တွင် စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာသည် အမြန်ဆုံး ပျောက်ကင်းပါစေသော် ၀ဋ်ကြွေးများရှိပါကလည်း အမြန်ဆုံး ပြေပါစေသား' လို့ဆုတောင်းခဲ့တယ်။ ကျမဘ၀မှာ တစ်ကြိမ်သာဆိုခဲ့ဘူးတဲ့ သစ္စာရဲ့အစွမ်းလား တိုက်ဆိုင်မှုကြောင့်လား ဘယ်လိုဖြစ်ဖြစ် ကျမရဲ့ခေါင်းကြီးကိုက်ရောဂါတော့ အရှင်းပျောက်ကင်းခဲ့တယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၂၀၁၁ခုနှစ်ကကျမရဲ့ဘလော့မှာ 'သစ္စာသည်သာ အားထားရာ' ဆိုတဲ့ခေါင်းစည်းလေးနဲ့ ပို့စ်တစ်ပုဒ် တင်ခဲ့ဘူးပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz