x

9.1.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၆


၁၉၈၄-ခုနှစ်ကနေ ၁၉၉၀-ခုနှစ်အထိ အထည်အလိပ်လုပ်ငန်းမှာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၉၀-ခုနှစ်မှာ တပ်မတော် လက်အောက်ရှိ စက်ရုံတစ်ရုံဖြစ်တဲ့ တပ်မတော် မိုးရေကာဖျင်စက်ရုံမှာ တာဝန်ထမ်းဆောင်ဘို့ အကြောင်းဖန်လာပါတယ်။ ထုတ်ကုန်အားလုံးလိုလို စစ်သည်များအတွက် ချပ်ဝတ်တန်ဆာ အပြည့်အစုံနဲ့ ကားအမိုးများ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံဖြစ်သလို အဖွဲ့အစည်း အသီးသီးရဲ့ ဂုဏ်ထူးဆောင်တံဆိပ်များ ထုတ်လုပ်ရတဲ့ စက်ရုံတစ်ရုံလည်း ဖြစ်ပါတယ်။ စက်ရုံရောက်ရောက်ချင်း စက်ရုံမှူးက စက်ရုံရဲ့ဌာနအသီးသီးအကြောင်း အသေးစိတ်ရှင်းပြပြီး အရာရှိများ လက်ဖြားခါတဲ့ ခါးပတ်ဌာနကို ကျမကိုင်တွယ်ဘို့ ခါးပါတ်ဌာနခွဲမှူးတာဝန် ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ချွင်းချက်အနေနဲ့ ကျမရဲ့ပို့စ်တွေကို အစဉ်တစ်စိုက် ဖတ်လာတဲ့ စာဖတ်သူတို့တော့ ကျမဆက်ရေးမည့် အကြောင်းအရာတစ်ချို့တစ်ဝက်ကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ ကွင်းဆက်များ ဖြစ်နေတဲ့ တစ်ဘ၀ရဲ့မှတ်တိုင်းများကို ပြုစုရေးသားနေတာမို့ ‘အတိတ်ရဲ့ ခြေရာ’ ပို့စ်ကနေ စာသားတစ်ချို့တစ်ဝက် ထုတ်နှုတ်ကာ ဒီပို့စ်မှာ ထပ်မံပေါင်းစည်းလိုက်ပါတယ်။ ဒါမှလည်း ရာနှုန်းပြည့် ပြီးပြည့်စုံမှု မရှိတဲ့တိုင် ရာနှုန်းများများ ပြည့်စုံနိုင်မှာဖြစ်ပါတယ်။ ခါးပတ်ဌာနအကြောင်း တစ်စေ့တစ်စောင်း လေ့လာလိုက်တဲ့အခါမှာ စက်ရုံမှာရှိတဲ့ အရာရှိများ ဥပက္ခောပြုထားတဲ့ ဌာနဖြစ်ပြီး စက်ပြင်အဖွဲ့ထဲမှာ စက်ပြင်ခေါင်းဆောင်က ထိန်းမနိုင်လို့ လက်လွှတ်ထားရတဲ့ လူဆိုးလေးတွေ ရှိတာကြောင့် ‘ထိန်းမနိုင်သိမ်းမနိုင်ဌာန’ရယ်လို့ သိခဲ့ရတယ်။ သေသေချာချာ စီစစ်လိုက်တော့ လူအင်အား ၃၀၀ကျော်မှာ ၁၀%လောက်သာ လူပေလူတေလေးတွေ ပါနေတာကို တွေ့ရပါတယ်။ စက်ရုံမှူးရဲ့ စကားနိဒါန်းမှာလဲ ကျမကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ဘို့ အကြိုစကားဦး သန်းခဲ့စဉ်ထဲက ကိုယ့်ကိုယ်ကို အသင့်အနေအထား ပြင်ထားခဲ့တယ်။ သားကြီး ၈-နှစ် သားငယ် ၄-နှစ် အသက်အရွယ်သာ ရှိသေးတဲ့ သားနှစ်ယောက်ထက် ခါးပတ်ဌာနက စက်ပြင် လူဆိုးတပည့် လေးတွေကို ပိုပြီးဂရုစိုက် အချိန်ပေးခဲ့ရတယ်။ စစ်သည်တော်တွေအတွက် ချပ်ဝတ်တန်ဆာပလာ အပြင် ဘွဲ့ထူးဂုဏ်တံဆိပ်တွေကို ကာလဒေသအလိုက် ထုတ်လုပ်ရတဲ့ ဌာနဖြစ်တာကြောင့်လဲ ကျမကိုယ်တိုင် ကိုယ်ပိုင်ချိန် များများကို စက်ရုံအတွက် ပေးထားခဲ့ရတယ်။ အရာရှိအင်အား နည်းပြီး ညဂျူတီအလှည့်ကျ တာဝန်ယူရတာကြောင့်လည်း ၁၀ရက်တစ်ခါလောက် စက်ရုံမှာ ညအိပ်ရပြန်တယ်။ သားတွေကို မိခင်ရဲ့ စောင့်ရှောက်မှုထက် ပိုပြီးဂရုတစိုက် နွေးထွေးမှုပေးပြီး စောင့်ရှောက်တဲ့ ခင်ပွန်းနဲ့ ယောင်းမလေးတွေကိုလဲ ကျေးဇူးတင်မိတာ အခါခါ။ ကျမနဲ့ ခင်ပွန်းတို့ဟာ လုပ်ငန်း သဘောသဘာဝ တူညီတာကြောင့်လဲ ကျမအပေါ် အပြည့်အ၀ နားလည်မှုပေးထားပါတယ်။
ခါးပတ်ဌာနမှ အနီးကပ် တပည့်လေးများ ရီရီလှ မေဇင် အေးအေးမြင့်နဲ့ စန္ဒာဝေ
သားကြီး ၈နှစ် သားငယ် ၄နှစ် စက်ရုံသင်္ကြန်မှာ အမှတ်တရ
ခါးပတ်ဌာနကို ပထမဆုံးစ၀င်တဲ့နေ့မှာပဲ ဌာနရှိ ၀န်ထမ်းအားလုံးကို နားချိန်မှာ စုခိုင်းစေပြီး ကျမကိုယ်ကျမ မိတ်ဆက်ရင်း ၁၅ မိနစ်ခန့် နှုတ်ဆက်စကားချွေခဲ့တယ်။ စကားပြောရာမှာလဲ ဌာနမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ဖြေရှင်းဘို့ကိုသာ ဦးစားပေးတဲ့ စကားလုံးများကို ရွေးချယ်သုံးနှုံးခဲ့ပြီး မိမိဖြစ်ချင်တဲ့ ဆန္ဒ လိုလားချက်တို့ကို အရိတ်အမြွက်လောက်သာ ဟခဲ့ပါတယ်။ စကားပြောလို့ အပြီးမှာတော့ လုပ်ငန်းခွင်ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကျမထိုင်ရမဲ့ ၁၅ပေ ပတ်လည် ရုံးခမ်းလေးထဲကို ခြေဦးလှည့်ခဲ့တယ်။ ခါးပတ်ဌာန လက်အောက်မှာရှိတဲ့ ချည်ငင်ဌာနစိတ်မှ အစပြုပြီး ကုန်ချောဌာနစိတ်အထိ လုပ်ငန်းအဆင့်ဆင့်ကို စာရင်းအင်းလုပ်သူ ရုံးအဖွဲ့ ၄ဦးတို့ရဲ့ အကူအညီကို ရယူပြီး ဌာနအတွက် ထုတ်လုပ်ရန် ရည်မှန်းချက် အမှန်တကယ်ထုတ်ကုန်ကအစ အလေအလွင့်အဆုံးအရှုံးအထိ အသေးစိတ် လေ့လာ မှတ်သားခဲ့တယ်။ ခါးပတ်ဌာနဟာ ကြည်း ရေ လေ စစ်သည်တော်များအတွက် ချပ်ဝတ်တန်ဆာပလာ ထုတ်လုပ်တဲ့ ဌာနကြီးဖြစ်တဲ့အပြင် အပေါ်မှာ ရေးခဲ့သလို အဖွဲ့အစည်း အသီးသီးအတွက် ဘွဲ့ထူးဆောင် ဂုဏ်ထူးဆောင် တံဆိပ်အမျိုးမျိုးကို ထုတ်လုပ်ရတဲ့ ဌာနလဲဖြစ်တာကြောင့် အရေအတွက်သာမက အရည်အသွေးကိုပါ ရည်မှန်းချက်အတိုင်း ပြည့်မီဘို့ အားထည့်ရတဲ့ ဌာနကြီးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ကျမအနေနဲ့ စာရင်းဇယားပိုင်းအပြင် ထုတ်ကုန်များ ထုတ်လုပ်နေတဲ့ ချည်ငင်ဌာန ချည်ပေါင်းဌာန ချည်ရစ်ဌာန ခါးပတ်ကြီးထုတ်စက် သိုင်းကြိုးများထုတ်စက် ကျောပိုးအိတ် ရေဗူးအိတ်များ ချုပ်စက်နဲ့ ကြယ်သီးဖေါက်စက် ရိုက်စက် ကုန်ချောထုတ်ပိုး အဆင့်အထိ (Web equipments process) လုပ်ငန်းအဆင့်ဆင့်ရဲ့ စက်ပိုင်းဆိုင်ရာအားလုံးကို စိတ်ဝင်တစား အသေးစိတ် လေ့လာပြီးချိန်မှာတော့ ဆိုးသွမ်းတယ်လို့ နာမည်ကြီးနေတဲ့ တပည့်ကျော်အချို့ကို ချဉ်းကပ်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ နေ့စဉ် မနက် နေ့လည် ညနေပိုင်း စက်ထဲကို လှည့်လည် စစ်ဆေးတိုင်း သူတို့အဖွဲ့နဲ့ စကားမရှိ စကားရှာပြီး ဟိုဟိုသည်သည် ပြောရင်း တစ်ဦးချင်းရဲ့ အားသာချက် အားနည်းချက်ကို လေ့လာခဲ့သလို တစ်ခါတစ်ရံ ရယ်စရာမောစရာတွေကို ကြားညှပ်ပြောဆိုရင်း အချိန်ကာလ ကြာလာတာနဲ့အမျှ နာမည်ဆိုးထွက်နေတဲ့ သူတို့ အဖွဲ့နဲ့ စတင်ရင်းနှီးမှုကို ရလာတယ်။ ညနေပိုင်း အချိန်ပိုလေးတွေမှာ တပည့်ကျော်တွေနဲ့အတူ စက်ရုံနားမှာရှိတဲ့ လဘက်ရည်ဆိုင်ထိ သူတို့နဲ့အတူ လိုက်သောက်ရင်း အလာပသလာပ ပြောတာမျိုးအထိ ကျမအပေါ် ခင်မင်လာကြတယ်။ စက်ရုံမှာရှိတဲ့ အချို့အရာရှိများက ကျမကို လမ်းသရဲ အရာရှိလို့တောင် နောက်ပြောင် ခေါ်ဆိုတဲ့အထိပါ။
ယက္ကန်းဌာနမှာ ခင်ပွန်းဖြစ်သူနဲ့အမှတ်တရ
ကံကောင်းတယ်လို့ ဆိုရလေမလား။ မထင်မှတ်ပဲ ကျမတာဝန်ယူထားတဲ့ ခါးပတ်ဌာနကို ဂျပန်နည်းပညာရှင်ရဲ့ အကူအညီကို ရယူပြီး ( Web equipments , new one line process ) အဖြစ် နောက်ထပ် လိုင်းသစ်တစ်ခု တိုးချဲ့စေဘို့ အခြေအနေက ဖန်လာပါတယ်။ တစ်နည်းအားဖြင့် ခါးပတ်ဌာန (၂) ဖြစ်ပေါ်လာခဲ့ခြင်းပါ။ ကျမလည်း ရရှိတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ ခါးပတ်ဌာနဟောင်းမှာ နာမည်ကြီးနေတဲ့ စက်ပြင် တပည့်ကျော် အကျော်အမော်တွေကို ရွေးထုတ်ပြီး လိုင်းသစ်တိုးချဲ့တဲ့အပိုင်းကို စက်သစ်များ တပ်ဆင်မှုမှာ ကျမနဲ့အတူ လုပ်ငန်းများ လုပ်ကိုင်ဘို့ထည့်သွင်း တာဝန်ပေးခဲ့တယ်။ စက်သစ်တွေ တပ်ဆင်ရတဲ့ ၆-လတာ ကာလ တစ်လျှောက်လုံးဟာ ကျမတို့အတွက် အားလပ်ချိန် မရှိသလောက်ဖြစ်ခဲ့သလို အပင်ပန်းဆုံး အချိန်ကာလများလဲ ဖြစ်ခဲ့ပါတယ်။ ညနေတိုင်း သူတို့အတွက် မုန့်တစ်မျိုးမျိုးဖြစ်စေ ပေါင်မုန့်ဖြစ်စေ စားစရာတစ်ခုခုကို ကျွေးပြီး အအေးများဖျော်တိုက်ရင်း ပင်ပန်းနွမ်းနယ်မှုများကို အားသစ် လောင်းစေခဲ့တယ်။ အချိန်ကြာလာတာနဲ့ အမျှ တစ်ဦးချင်းရဲ့ ကိုယ်ပိုင် အရည်အချင်းလေးတွေကို မြင်တွေ့ရသလို မိသားစု အိမ်တွင်းပြဿနာများ ခေါင်းစဉ်မတူတဲ့ အခက်အခဲ ပေါင်းစုံကိုလဲ တစတစ သိလာရတဲ့နောက်ပိုင်း ကျမကိုယ်တိုင်လဲ သူတို့လေးတွေ အပေါ်ကို ခင်မင်သံယောဇဉ်ဖြစ်ခဲ့တယ်။ အခြားဌာနများပင် အံ့သြလောက်အောင် သူတို့လေးတွေရဲ့ စိတ်ထားတွေဟာ မထင်မှတ်လောက်အောင် တစ်နေ့တစ်ခြား နူးညံ့ပြောင်းလဲလာတာကို တွေ့ရတယ်။ အဖွဲ့လိုက် ဆိုးတဲ့သတင်းဟာလဲ မကြာခင်မှာ လုံးဝ ပျောက်ကွယ်သွားတာနဲ့အညီ စည်းစည်းလုံးလုံး ရှိပြီး ပျော်စရာကောင်းတဲ့ ခါးပါတ်ဌာန(၁+၂) မိသားစုအသွင်ကို ဖေါ်ဆောင်ခဲ့ပါတယ်။ တပ်မတော် မိုးရေကာဖျင်စက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၆-နှစ်တာကာလဟာ ကျမအတွက် မေ့မရနိုင်တဲ့ ပုံရိပ်လေးတွေအဖြစ် ခြေရာကျန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခါးပတ်ဌာနကို ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ လူဆိုးဌာနလို့ သတ်မှတ်ခြင်း သမုတ်ခြင်း မပြုတော့တာကြောင့် ကြည်နူးမှုများနဲ့အတူ ကျမ ခေါင်းမော့နိုင်ခဲ့ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ ဒီအကြောင်းအရာလေးတွေကို ပြန်လည်တွေးပြီး သုံးသပ်ရရင်ဖြင့် ကျောသားရင်သား မခွဲခြားပဲ စစ်မှန်တဲ့ မေတ္တာဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ကျမယူဆမိတယ်။ ဗုဒ္ဓအခါတော် ရက်တွေမှာလဲ စည်းလုံးလှတဲ့ ခါးပတ်ဌာနကြီးဟာ သိုက်သိုက်ဝန်းဝန်း အလှူလေးတွေ ထည့်ဝင်ပြီး အလှူဒါနလေးတွေ လုပ်တတ်သလို ဌာန၀န်ထမ်းတွေ စုပေါင်းပြီး စက်ရုံအရာရှိများကို ကန်တော့တဲ့ အလေ့ကျင့်ကောင်းလေး လုပ်လာတာကို မြင်ရပါတယ်။ မှတ်မှတ်ရရ တရုတ်ပြည်ကနေ ဗုဒ္ဓစွယ်တော် ကြွလာစဉ်မှာ ကျမတို့စက်ရုံ အလှည့်ကျ ၀တ်ရွတ်ရမယ့်နေ့မှာ သူတို့တစ်တွေရဲ့ အကူအညီ အများကြီးကို ကျမတို့ ၀တ်အသင်းက ရယူခဲ့ရသလို စက်ရုံခွဲ အနေနဲ့ မိတ္ထီလာကို တာဝန်ပေးရတဲ့ အချိန်အခါမှာလဲ သူတို့တွေကိုပဲ ကျမအားကိုးခဲ့ရတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz