x

9.2.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၉


တိုင်းတစ်ပါးမှာ သင်ယူမှတ်သားခဲ့တဲ့ နည်းပညာပိုင်းတွေနဲ့ ပတ်သက်ပြီး အစကနေ အဆုံးထိ အသေးစိတ်ကို စာတမ်းပြုစုပြီး ပညာတော်သင်လွှတ်ခဲ့တဲ့ အဖွဲ့အစည်းကို ပြန်တင်ပြရသလို ဟောပြောပွဲအနေနဲ့ ဒါဘာမှာပြန်ပြောဖြစ်ခဲ့တယ်။ ၁၉၉၄ ခုနှစ်ဟာ ကျမအတွက် တစ်ကြိမ်တစ်ခါမျှ အိပ်မက်တောင် မမက်ဘူးခဲ့တဲ့ ခရီးစဉ်လေးမို့ ၀မ်းသာပျော်ရွှင် ကြည်နူးမှုအပြည့်နဲ့ ရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုပါ။ ကျမရဲ့ ချပ်ဝတ်တန်ဆာထုတ် ဌာနလေးလည်း တစ်ဖြည်းဖြည်း ထုတ်လုပ်မှု အရှိန်အဟုတ်မြင့်မားလာသလို အင်အား ၃၀၀ကျော် ၀န်ထမ်းများရဲ့ ချစ်ခင် ရင်းနှီးမှုလည်း ပိုမိုတိုးတက်လာတာကြောင့် လစဉ်သတ်မှတ်ချက်စံချိန်ကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ထုတ်လုပ်ကြရင်း ပစ္စည်းအကြွေးများ လျော့နည်းလာပါတယ်။ ပစ္စည်းအကြွေးလို့ဆိုတဲ့အပိုင်းမှာ ကျမတို့တာဝန်ထမ်းဆောင်စဉ်ကာလက လစဉ် ကိုယ်ထုတ်လုပ်ရမည့် စံချိန်ကိန်းဂဏန်းတစ်ခု ပေးထားပါတယ်။ မဖြစ်မနေထုတ်ရမည့် ထုတ်လုပ်မှု အရေအတွက်ပါ။ ဥပမာ ခါးပတ်ကြီး (Belt waist large) တစ်နှစ်ကို ခုရေ ‘၁၅၀,၀၀၀’ ခါးပတ်သေး (Belt waist small) တစ်နှစ်ကို ခုရေ ‘၁၂၅,၀၀၀’လို့သတ်မှတ်ပြီး မဖြစ်မနေထုတ်ရမှာ ဖြစ်သလို စက်ရုံရဲ့ ဌာနအလိုက် ထုတ်လုပ်မှုများကို အထက်ရုံးချုပ်ကို လစဉ်ပထမအပတ်မှာ စာရင်းဇယားတွေ ပို့ရပါတယ်။ မပို့ခင်ဌာနကြီးမှူးများ အစည်းအဝေးလုပ်ပြီး သက်ဆိုင်ရာဌာနတာဝန်ခံတွေက တစ်လှည့်ဆီ မိမိဌာနရဲ့ ထုတ်လုပ်ရမည့် ပစ္စည်းအမျိုးအစား အရေအတွက်၊ အမှန်တကယ် ထုတ်လုပ်ရရှိတဲ့ အရေအတွက် အသေးစိတ်စာရင်းကို စက်ရုံမှူးဆီတင်ပြရပါတယ်။ မပြည့်မှီတဲ့အရေအတွက်တွေကို အကြွေးအနေနဲ့ သတ်မှတ်ခံရပြီး နောက်တစ်လမှာ သတ်မှတ်စံချိန်အရေအတွက်အပြင် အကြွေးကိုပါ တစ်ပါတည်း ပြန်ဆပ်ရပါတယ်။ တစ်ခါတစ်ရံ စက်ပျက်ချိန်ကြာတာမျိုး ၀န်ထမ်းများ ရာသီဥတု အပြောင်းအလဲကြောင့် ပျက်ကွက်မှုများတဲ့အခါမျိုး ကုန်ကြမ်းများ အချိန်မှီ ရောက်မလာခြင်း မတ်လလို တော်လှန်ရေးနေ့ ချီတက်ပွဲအတွက် ခါးပတ်ကြီး အဖြူများ သီးသန့်ထုတ်ရတဲ့အခါမျိုး စသဖြင့် မျှော်မှန်းလို့မရတဲ့ အခက်အခဲများနဲ့ ကြုံတွေ့ရတဲ့အခါမှာ ထုတ်လုပ်မှု အကြွေးတင်တတ်တာမို့ ကျမတို့လို ထုတ်လုပ်မှုတာဝန်ခံများအတွက် ထုတ်လုပ်မှုအကြွေးဟာ မထူးဆန်းလှပါ။
တစ်လတစ်ကြိမ် နောက်ဆုံးအပတ်မှာ အထက်ရုံးချုပ်ကနေ အရည်အသွေး စစ်ဆေးရေးအဖွဲ့များ ရောက်လာကြပြီး ဌာနအလိုက် ထုတ်ကုန်များကို ကျဘန်း (Random) စစ်ဆေးခြင်းခံရပါတယ်။ ထုတ်လုပ်ပစ္စည်းတွေရဲ့ ၃၀%ကို စစ်ဆေးပြီး အရည်အသွေး ပြည့်မှီခြင်းမရှိတဲ့ ပစ္စည်းများကို သတ်မှတ်ချိန်အတွင်း အစားထိုးပြန်ထုတ်ပေးရပါတယ်။ စည်းစနစ်ကျကျနဲ့ ဆောင်ရွက်မှုတိုင်းမှာ လူရော စိတ်ပါ ပင်ပန်းခဲ့ပေမယ့် လုပ်ငန်းခွင်မှာ အဆိုင်းလိုက် အချိန်ပြည့် ပျော်ရွှင်စွာလုပ်ကိုင်နေတဲ့ ၀န်ထမ်းများကိုမြင်တွေ့ရတဲ့အချိန်တိုင်း ကျမရဲ့အမောတွေ အလိုအလျောက် ပြေသွားစမြဲပါ။ ကျမတို့ စက်ရုံဟာ မြေနိမ့်ပိုင်းမှာ တည်ဆောက်ထားတဲ့အပြင် ကျမရဲ့ခါးပတ်ဌာနက အခြား ယက္ကန်းဌာန ဆေးဆိုးဌာတွေထက် မြေအနေအထား နိမ့်နေတာမို့ မိုးတွင်းရောက်ပြီဆိုရင် သာမန်ထက် မိုးပိုမများဘို့ ဆုတောင်းရတာ အမောပင်။ လေပါရေများ မိုးတွင်းရာသီမျိုးနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ဌာနမှာ ရေလျှံတဲ့ပြဿနာကို ရင်ဆိုင်ရစမြဲ။ ပစ္စည်းတွေ မပျက်စီးအောင်လုပ်ရတဲ့ အပိုအလုပ်တွေကြောင့် ထုတ်လုပ်မှုတွေကျဆင်းပေမယ့် မိသားစုပမာ ခိုင်မာတဲ့ စိတ်ဓာတ်ကို အရင်းတည်ကာ ကျမတို့ဌာန ၀န်ထမ်းလေးတွေ စိတ်ဓာတ်ကျခြင်းမရှိ ပိုလို့သာအားထုတ်ရင်း အခက်အခဲများကို ဖြတ်ကျော်ကြပါတယ်။ စည်းလုံးခြင်းသည် ‘အား’ ဆိုတဲ့စကားလုံးဟာ ကျမအတွက် ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ပင်။ ချပ်ဝတ်တန်ဆာထုတ်ဌာန အနေနဲ့ တစ်ခြားဌာနများထက် ထူးခြားချက်က ပစ္စည်းအမျိုးအစား အရေအတွက်များပြားခြင်းကြောင့် သမရိုးကျနည်းအတိုင်း ချုပ်လုပ်ထုတ်ပိုးလို့ မရပဲ နည်းအမျိုးမျိုးကြံဆရင်း ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ အရေအတွက် ပြည့်မှီရေးကို ဦးတည်ချက်တစ်ခု အဖြစ်ထားပြီး စမ်းသပ်ထုတ်ရတဲ့ ဌာနမျိုးလည်းဖြစ်ပါတယ်။ ကျမရဲ့ ၀န်းကျင်မှာရှိနေကြတဲ့ အတွေ့အကြုံရင့် စုမှူးများ စက်ပြင်များနဲ့ ရုံးအဖွဲ့ရဲ့ အကြံပေးချက်များအပေါ် သုံးသပ်ပြီး ဆုံးဖြတ်ဆောင်ရွက်ခဲ့ရတာ အကြိမ်ကြိမ်မို့ သူတို့လေးတွေရဲ့ ပံ့ပိုးမှုသာ မရှိခဲ့ရင် အောင်မြင်တဲ့ ဌာနတစ်ခုလည်း ဖြစ်လာဘို့ခက်ခဲမှာဖြစ်ပါတယ်။
အရာရှိများရဲ့ အလှည့်ကျ ညဂျူတီကျချိန်ရက်တွေမှာ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်တွေ ထုတ်လုပ်တဲ့စက်မှာ အရည်အသွေး မမှီလို့ပယ်ထားတဲ့ ဘွဲ့တံဆိပ်ချည်များနဲ့ ကျမရဲ့ ကျောင်းတုန်းကသင်ဘူးခဲ့တဲ့ ဒီဇိုင်းများကို ပြန်လည်ပုံဖော်ကာ စမ်းသပ်ထုတ်လုပ်ခွင့်ရပြန်တယ်။ ကျမရဲ့လုပ်ဆောင်မှုများ အချို့မှာ အမှားပါတဲ့တိုင် စမ်းသပ်တီထွင်မှုအနေနဲ့ အပြစ်မမြင်ပဲ အမြဲအားပေးပံ့ပိုး ပြင်ဆင်ခွင့်ပေးပြီး အရာရှိ အခြားဆင့်များအပေါ် ကျောသားရင်သား ခွဲခြားခြင်းမရှိ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ အလင်းရောင်ကို မီးမောင်းထိုးပြခဲ့တဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်သိန်းထွန်း (အမှတ်-၁ စက်မှုဝန်ကြီးဌာန)ကို ယနေ့တိုင် ကျေးဇူးတင် သတိတရ ရှိနေဆဲပါ။ လူသေသွားပေမယ့် နာမည်မသေခဲ့တဲ့ ဗိုလ်ချုပ်ကို ကျမသာမဟုတ် အတူတကွ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဘူးသူတိုင်း တူညီတဲ့စိတ်တစ်ပြေးညီ ရှိကြမယ်ထင်ပါတယ်။ ကျမပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရင်း ၁-၆-၁၉၉၇ ရက်နေ့မှာ ကျမရဲ့ဖခင်ကြီး စိုးရိမ်ရတဲ့ အခြေအနေထိ နေထိုင်မကောင်းဖြစ်တဲ့အတွက် ကျေးဇူးရှင်ဖခင်ကြီးကို ပြုစုဘို့ရာ အလုပ်ကနေ ရုတ်တရက် နှုတ်ထွက်ခဲ့ရပါတယ်။ ပျော်ရာမှာ မနေရ တော်ရာမှာနေရမယ်ဆိုတဲ့ စကားအတိုင်း အရာရာဟာ အနတ္တသဘောလို့ ဆိုရလေမလား ရေစက်ကုန်သွားလို့ပဲ ဆိုရလေမလား ကျမချစ်ခင် သံယောဇဉ်တွယ်ခဲ့မိတဲ့ ချပ်ဝတ်တန်ဆာဌာနကြီးကို ကျောခိုင်းရင်း ငိုသံများကို မကြားဟန်ပြုကာ ထွက်ခွာခဲ့ရတယ်။ အဲ့ဒီအချိန်ကာလက ကျမအောက် ညီမလေးတွေဟာ နိုင်ငံခြား တိုင်းတစ်ပါးမှာ မြေစမ်းခရမ်းပျိုးချိန် ဖခင်ကြီးကို အနီးကပ် အားပေးပြုစုဘို့ လူလိုနေချိန်မို့ အလုပ်ကနေ မဖြစ်မနေ နှုတ်ထွက်ခဲ့ရခြင်းပါ။
လူတိုင်းအပေါ် စိတ်ရင်းစေတနာ မေတ္တာအပြည့်အ၀ထားတတ်သူ ဗိုလ်ချုပ်သိန်းထွန်းနဲ့ အမှတ်တရ
ကျမအလုပ်က နှုတ်ထွက်ပြီးတဲ့နောက် အချိန်အတော်များများ ဖခင်ကြီးအတွက် အချိန်ပေးနိုင်ခဲ့တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး မတည့်တဲ့အစာများကို ပူဆာတတ်လေ့ရှိတဲ့ ဖခင်ကြီးကို ကလေးတစ်ယောက်လို ချော့လိုက် ခြောက်လိုက်နဲ့ နေ့တဓူဝ ဖြတ်သန်းရင်း မထင်မှတ်ပဲ ၂-လအကြာမှာ အောက်ပိုင်း လေဖြတ်သလိုဖြစ်ခဲ့တဲ့ ဖခင်ကြီး လမ်းပြန်လျှောက်လာပါတယ်။ ကိုယ်တိုင် လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ဆောင်ခြင်းရဲ့ အကျိုးလို့ဆိုရမလား ဖခင်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့် ကျမအလုပ်က နှုတ်ထွက်အပြီး ၃-လမှာ ဖခင်ကြီး လူကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ ဖခင်ကြီးနေပြန်ကောင်းစ အချိန်ထဲက အလုပ်တစ်ခုခု လုပ်နေရမှ နေတတ်တဲ့ကျမ အလုပ်ပြန်ရှာခဲ့ပါတယ်။ ကံအကြောင်း တိုက်ဆိုင်မှုက ဆန်းကျယ်ပါဘိ။ မြန်မာပြည်မှာဖွားပြီး တိုင်းတစ်ပါးကို မိဘများနဲ့အတူ လိုက်ပါသွားကာ မက်ကာအိုနိုင်ငံ တရုတ်နိုင်ငံတို့မှာ သိုးမွေးလုပ်ငန်းဆိုင်ရာ စက်ရုံကြီးများကို တည်ထောင်ပြီး လုပ်ကိုင်နေကြသူ မစ္စတာချူးတို့ ညီအစ်ကို နှစ်ယောက်ဟာ မြန်မာပြည်မှာ မွေးဖွားခဲ့သူပီပီ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားအချို့ရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ဖြေရှင်းပေးကာ အကောင်အထည်ဖေါ်လိုတဲ့စိတ်ကို အရင်းတည်ပြီး သိုးမွေးစက်ရုံ တစ်ရုံ စမ်းသပ်တည်ထောင်ဘို့ ဆုံးဖြတ်ခဲ့တာနဲ့အညီ စီမံခန့်ခွဲတဲ့ မန်နေဂျာ တစ်ယောက်ရှာချိန်ပါ။ ကျမအတွက် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို အလုပ်ခန့်အပ်ဘို့ မစ္စတာချူး ကိုယ်စား အစစအရာရာ လုပ်ပိုင်ခွင့်ပေးထားခံရသူ အထွေထွေ မန်နေဂျာ မစ္စတာဂျိုးဇက်က ကျမကို အရည်အချင်းနဲ့ပတ်သက်ပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ မစ္စတာချူးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဓာတ်ပုံတွေရှာချိန်မရလို့ လတ်တစ်လော အဆင်သင့်ရှိတဲ့ ဓာတ်ပုံလေးပဲ တင်ပေးလိုက်ပါတယ်။
စက်ရုံနှစ်ပတ်လည်မှာ ပေါက်မဲကို ကိုယ်တိုင်ချီးမြှင့်ခဲ့သူ Mr.Chio Kue Leong (ပိုင်ရှင်)
 ကျမနဲ့ Mr.Joseph တို့ပြောသမျှကို ခပ်ပြုံးပြုံးနားထောင်နေတဲ့ Mr.Chio Kue Cheng (ပိုင်ရှင်)
စီမံခန့်ခွဲရေး မန်နေဂျာရာထူးကို အင်တာဗျူးခဲ့တဲ့ Mr. Joseph နဲ့အမှတ်တရ

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz