x

16.2.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၄၀


ဒီတစ်ခေါက်တင်မည့် ပို့စ်ကို ကျမဘလော့မှာ ပို့စ်စတင်ရေးသားပြီး တစ်လပြည့်တဲ့နေ့မှာ ‘ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ’ ခေါင်းစဉ်နဲ့ အပိုင်း-၅ အထိရေးခဲ့ဘူးပါတယ်။ တစ်ဘ၀ရဲ့ မှတ်တိုင်များမှာ ပြီးပြည့်စုံဘို့ ရည်ရွယ်ကာ ထပ်မံဖော်ပြလိုက်ပါတယ်။ ပို့စ်တင်တဲ့အခါမှာ ကိုယ်တွေ့ အကြောင်းအရာလေးတွေ တင်တာကို ကျမ ပိုပြီးနှစ်သက်ပါတယ်။ စာဖတ်သူတွေချောချောမွေ့မွေ့ ဖတ်နိုင်အောင် ကြိုးစားပြီးရေးသားပေမဲ့လည်း တစ်ခါတစ်ရံ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး စိတ်တိုင်း မကျတာတွေလည်း တွေ့ရပြန်တယ်။
လွန်ခဲ့တဲ့ ၁၉၉၇ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ ရန်ကုန်မြို့မှာ လုပ်ငန်းရှင်သူဌေးတစ်ဦးက သိုးမွေးထိုးစက်ရုံ တစ်ရုံတည်ထောင်ဖို့အတွက် လှိုင်မြို့နယ်မှာ မြေနဲ့ အဆောက်အဦးကို နှစ်ချုပ်ငှားပြီး ပြုပြင်မှုလုပ်ငန်းတွေကို ပဏာမ စတင်လုပ်ခဲ့ပြီးနောက် စက်ရုံအတွက် ကျမအပါအဝင် စုစုပေါင်း မန်နေဂျာ(၄)ဦးကို အင်တာဗျူးလုပ် စီစစ်ရွေးချယ် အလုပ်ခန့်ခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ လုပ်ငန်းရှင်ဟာ မက္ကာအိုနိုင်ငံသားဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံမှာမွေးဖွားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာပြီးလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကျမတို့မန်နေဂျာ အဖွဲ့ကိုပြောပြခဲ့ပါတယ်။ သူဟာမြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက်(၇)နှစ် အရွယ်မှာ မိဘများနဲ့အတူ မက်ကာအိုနိုင်ငံကို လိုက်ပါသွားခဲ့ရပြီး နှစ်ပေါင်း(၃၀)ကျော်လာတဲ့အခါ အခုလိုမြန်မာနိုင်ငံက တရားဝင် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခွင့်အရေးမျိုး ကြုံချိန်မှာ မိမိတတ်စွမ်းသလောက် မြန်မာနိုင်ငံသား အချို့ကို အလုပ်ပေးနိုင်မှာဖြစ်ပြီး အလုပ်ရရှိတဲ့သူတွေအတွက်လည်း ကိုယ့်မိသားစုကို တဖက်တစ်လမ်း အကူအညီပေးနိုင်မှာ ဖြစ်တဲ့အတွက် စိတ်ကြည်နူးမိတဲ့အကြောင်း နောက်တစ်ချက်က မြန်မာလူမျိုးတို့ရဲ့ ရိုးသားကြိုးစားတဲ့ စိတ်ဓာတ်ကို သိထားတဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ ယုံကြည်ခဲ့တဲ့ အကြောင်းကြောင်းတွေကြောင့် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ လုပ်ငန်းရှင်သူဌေးက မန်နေဂျာများအားလုံး အခက်အခဲများကြုံတွေ့လာရင် ဖြေရှင်းပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး အထွေထွေမန်နေဂျာရာထူးရှိသူ .နိုင်ငံခြားသားတစ်ဦးကို မက္ကာအိုစက်ရုံကနေ ခေါ်ယူပြီး ကျမတို့တည်ထောင်မဲ့စက်ရုံမှာ တာဝန်ပေးထားပါတယ်။ ကျမတို့ မန်နေဂျာအဆင့် တာဝန်ပေးခြင်းခံရသူ အားလုံး လုပ်သက်အတွေ့အကြုံ ရှိဖူးသူကို ဦးစားပေးရွေးချယ်သလို တိုင်းတပါးနဲ့ လုပ်ငန်းများ အလွယ်တကူ ချောမွေ့စွာ ဆက်သွယ်လုပ်ကိုင်နိုင်စေရန် အတွက်လည်း တရုတ်စကား ဒါမှမဟုတ် အင်္ဂလိပ်စကား တစ်ခုခုကို တတ်ထားမှသာ ရွေးချယ်ခြင်းခံရပါတယ်။ အထွေထွေမန်နေဂျာက စက်ရုံရဲ့ဖွဲ့စည်းပုံကို မက္ကာအိုရှိ စက်ရုံရဲ့ ဖွဲ့စည်းပုံအတိုင်း တရုတ်ဘာသာနဲ့ ရေးဆွဲထားပြီး စီမံခန့်ခွဲရေးတာဝန် ယူထားရတဲ့ကျမကို အင်္ဂလိပ်နဲ့မြန်မာလို ဘာသာပြန်ခိုင်းကာ စည်းစံနစ်ကျတဲ့ စက်ရုံဖွဲ့စည်းပုံကို ဆွဲစေပါတယ်။ အထွေထွေမန်နေဂျာရဲ့ ညွှန်ကြားချက်အရ ဌာနကြီး ၄ခုဖြစ်တဲ့ စီမံခန့်ခွဲရေးဌာန (Administration Dept.) ငွေစာရင်းဌာန (Account Dept) ရောင်းကုန်ဌာန (Merchandise Dept.)နဲ့ ကုန်စည်ပို့ဆောင်ရေးဌာန (Shipping Dept.)၊ ဆိုပြီးသတ်မှတ်ပါတယ်။ ကျမ ကုမ္ပဏီမတိုင်မီ တာဝန်ထမ်းဆောင်ခဲ့တဲ့ စက်ရုံမှာတော့ စီမံခန့်ခွဲရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ထုတ်လုပ်မှုဌာန နဲ့ စီမံရေးဌာဆိုပြီး သိထားခဲ့ဖူးပါတယ်။ အခေါ်အဝေါ်တွေ အနည်းငယ်ကွာနေပါလားလို့ စိတ်ထဲမှာတွေးမိတာတွေဟာ နောင်လုပ်ငန်းခွင်မှာ လက်တွေ့ဆောင်ရွက်လာမှ အဓိပ္ပယ်နက်နဲမှုကို သိခဲ့ ရပါတယ်။
အထွေထွေမန်နေဂျာဖြစ်သူ နိုင်ငံခြားသားနဲ့ ပထမဆုံးအကြိမ် လက်တွဲ၍ စက်ရုံလုပ်ငန်းတွေကို ဆောင်ရွက်ရမယ်လို့ သိရချိန်မှာတော့ လုပ်ငန်းတွေကို ချောချောမွေ့မွေ့မှ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျမရဲ့ပင်ကိုယ်စရိုက်အတိုင်း အလုပ်တစ်ခုကို လုပ်ရင် ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ အကောင်းဆုံးတော့ လုပ်ကြည့်မယ်ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့ပါတယ်။ အထွေထွေမန်နေဂျာက မြန်မာစကားမတတ်သလို ကျမကလည်း တရုတ်စကားမတတ်တဲ့အတွက် နှစ်ယောက်စလုံး စကားပြော အဆင်ပြေစေဘို့ အင်္ဂလိပ်စကားကိုသာ တတ်သလောက် မှတ်သလောက် အသုံးပြုကြရပါတယ်။ လုပ်ငန်းရှင် သူဌေးက ကျမတို့မန်နေဂျာအဖွဲ့နဲ့ အထွေထွေမန်နေဂျာ ကိုတွေ့ဆုံပေးပြီးနောက် မက္ကာအိုစက်ရုံသို့ ပြန်သွားပါတယ်။ ကျမတို့တစ်ဖွဲ့လုံးကိုလည်း အားကိုး ယုံကြည်မှုအပြည့်အဝ ရှိတဲ့အကြောင်း အားပေးစကားပြောကြား သွားခဲ့ပါတယ်။
အထွေထွေမန်နေဂျာနဲ့ကျမတို့ ရုံးဌာနများအတွက် တစ်ဌာနကို ရုံးဝန်ထမ်း (၄)ယောက်နှုန်းနဲ့ စုစုပေါင်း ရုံးဝန်ထမ်း (၁၆)ယောက်ကို ပဏာမရွေးချယ်ချယ်ပြီး တာဝန်များ ခန့်အပ်ပါတယ်။ ရွေးချယ်ခံရသူ (၁၆)ယောက်ထဲမှာ ဌာနကြီး တစ်ဌာနဆီအတွက် လက်နှိပ်စက်ရိုက်တတ်သူ တစ်ဦးစီအပါအဝင် တစ်ပြိုင်တည်း ရွေးချယ်သွားပါတယ်။ အရည်အချင်းကို အနည်းဆုံး တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီးသူဖြစ်ရပါတယ်။ ရွေးချယ်ခံရတဲ့ ရုံးဝန်ထမ်းများရဲ့ လုပ်ငန်းတာဝန်နဲ့ ရာထူးများကိုလည်း တစ်ခါတည်း သတ်မှတ်ပြီး အရွေးခံရသူတွေက လိုက်နာနိုင်မှု ရှိမရှိကို အစမ်းခန့် (၃)လပြည့်ရင် အတည်ပြုမယ်လို့ ကြိုတင်ကြေငြာပြီး အလုပ်လျှောက်လွှာတွေမှာ ခံဝန်ချက်များ ထိုးခိုင်းကာ အလုပ်ဝင်ရက် စတင်သတ်မှတ်ပါတယ်။
စက်ရုံအသစ်စဖွင့်တယ်ဆိုပေမဲ့လည်း ကျမအတွက် ခက်ခက်ခဲခဲတော့ မရှိသလောက်ပါပဲ အကြောင်းရင်းကတော့ ကျမကို အထွေထွေမန်နေဂျာက အသေးအဖွဲကအစ မသိမတတ်တာမှန်သမျှကို စိတ်ရှည်စွာသင်ကြားပေးပါတယ်။ နောက်တစ်ခုက မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကအစ ကြိုတင်ပြီးလေ့လားထားပုံပါပဲ။ ရုံးပိုင်းဆိုင်ရာ ရွေးချယ်ပြီးတဲ့အချိန်မှာတော့ အလုပ်သမားတွေကို အုပ်ချုပ်ဖို့ရာ ကြီးကြပ်ရေးမှူးရာထူး အဆင့်ရှိသူများကို ဆက်လက်ပြီး ရွေးချယ်ပါတယ်။ ကျမတို့ရဲ့ အဓိကထုတ်ကုန်ဟာ စွယ်တာလုပ်ငန်း(Knitting Wear)ဖြစ်ပြီး ၁၀၀% နိုင်ငံခြားပို့ကုန် ဖြစ်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းကို ကုန်ကြမ်းကစပြီး ကုန်ချောထွက်တဲ့အထိ အဆင့်ဆင့်ဆောင်ရွက် ထုတ်လုပ်ရမဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကုန်ကြမ်းများအချိန်မှီ ရောက်မလာမှာကို စိုးရိမ်ရသလို ကုန်ချောလည်း သတ်မှတ်ထားတဲ့ အချိန်အတွင်း ပေးပို့ရမည့်နေရာကို မရောက်မှာကို စိုးရိမ်ရပြန်တယ်။
ထုပ်လုပ်မှုအတွက် လုပ်ငန်းအဆင့်စုစုပေါင်း ၁၃ဆင့်ရှိပြီး အလုပ်သမားအင်အား အနည်းဆုံး (၈၀၀)နဲ့ (၉၀၀)အတွင်း လိုအပ်ပါတယ်။ အလုပ်သမား ရာပေါင်းများစွာကို အုပ်ချုပ်နိုင်ဖို့ရာ ကြီးကြပ်ရေးမှူး ရာထူးကိုလည်း အနည်းဆုံး (၂၅)ယောက် ခန့်အပ်ဖို့လိုအပ်ပါတယ်။ ကြီးကြပ်ရေးမှူးတစ်ဦးဟာ အလုပ်သမား(၃၀)နဲ့ အထက်ကို အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ကြီးကြပ်ရေးမှူးများကို မခန့်ခင် တစ်ပတ်အလိုက မက္ကာအိုကနေ ရောက်လာတဲ့ နိုင်ငံခြားသား နည်းပညာရှင် (၇)ဦးဟာ ကျမတို့ခန့်အပ်မဲ့ ကြီးကြပ်ရေးမှူးတွေကို နည်းပညာပိုင်းဆိုင်ရာ သင်ပေးဖို့ရာ ဖြစ်ကြောင်း အထွေထွေမန်နေဂျာကနေ ရှင်းပြပါတယ်။ နည်းပညာရှင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေရဲ့ အကြားမှာ ဘာသာစကား ပြန်ပေးဖို့ရာ တရုတ်စကားပြန် ကြီးကြပ်ရေးမှူး(၄)ဦးကို ထပ်ခန့်ပါတယ်။ စကားပြန်ဆိုပေမဲ့ စကားပြန်သီးသန့် ခန့်တာမျိုးမဟုတ်ပဲ လုပ်ငန်းပိုင်းဆိုင်ရာကိုပါ လက်တွေ့လုပ်ကိုင်မှုမှာ ပါဝင်ဆောင်ရွက်ရတာမျိုး ဖြစ်တဲ့အတွက် စကားပြန်ကြီးကြပ်ရေးမှူး တာဝန်ကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ စကားပြန်(၄)ဦးဟာ ကြီးကြပ်ရေးမှူးတွေထက် အလုပ်တစ်ခုပိုပြီး လုပ်ရတဲ့အတွက် ခံစားခွင့်အနေနဲ့ လစာပိုပြီးပေးရပါတယ်။
ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အရည်အချင်းဟာ အနည်းဆုံးအထက်တန်းပညာကို ပြီးဆုံးရမှာဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရထားသူကို ဦးစားပေးခန့်အပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကြီးကြပ်ရေးမှူးတစ်ယောက် အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ အလုပ်သမားတွေကို အုပ်ချုပ်ရမှာဖြစ်တဲ့အတွက် ကိုယ်တိုင် တာဝန်ကျရာ လုပ်ငန်းများကို လုပ်ကိုင်တတ်ရန် တွက်ချက်တတ်ရန် ညွှန်ကြားတတ်ရန်နဲ့ အောက်ခြေရဲ့ ရိုသေလေးစားချစ်ခင်မှုကို ခံယူနိုင်တဲ့ ခေါင်းဆောင်အရည်အချင်း ရှိဖို့လိုအပ်ပါတယ်။ ကြီးကြပ်ရေးမှူးများကို ခန့်အပ်ပြီးတဲ့အချိန်ကစပြီး နေ့စဉ် လုပ်ငန်းပြီးချိန်မှာ ကျမတို့မန်နေဂျာများ ကြီးကြပ်ရေးမှူးများအားလုံး နိုင်ငံခြားသား နည်းပညာရှင်များပါမကျန် စက်ရုံကြီးတစ်ခုလုံးရဲ့ သန့်ရှင်းရေးကို တက်ညီလက်ညီ ပျော်ပျော်ပါးပါး အပိုင်းလိုက် လုပ်ဆောင်ကြပါတယ်။ မနက်တိုင်းမှာ အထွေထွေမန်နေဂျာက မန်နေဂျာများနဲ့ စက်ရုံရဲ့အနာဂါတ် လုပ်ဆောင်ရမဲ့လုပ်ငန်းစဉ်တွေ ရေးဆွဲပြီး ညှိနှိုင်းဆွေးနွေးကြပါတယ်။ တစ်ချိန်တည်းမှာပဲ နည်းပညာရှင်တွေကလဲ ဌာနအလိုက် ကြီးကြပ်ရေးမှူးများကို မိမိတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ အကြောင်းကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပါတယ်
ကျမလည်း ရက်ပေါင်းများစွာ လုပ်ငန်းခွင်မှာ တွဲပြီးအလုပ် လုပ်လာတဲ့အခါမှာ အထွေထွေမန်နေဂျာရဲ့ မန်နေဂျာများနဲ့ ကြီးကြပ်ရေးမှူးများအပေါ်ထားတဲ့ စိတ်ရင်းစေတနာကို နားလည်လာသလို နည်းပညာပိုင်းဆိုင်ရာ သင်ကြားပေးတဲ့ နိုင်ငံခြားသားတွေရဲ့ လုပ်ငန်းအပေါ်မှာထားတဲ့ စိတ်သဘောထား ကျမတို့အားလုံးအပေါ်ထားတဲ့ ရင်းနှီးခင်မင် လေးစားတတ်မှုတို့ကို နားလည် သဘောပေါက်လာပါတယ်။ အဖွဲ့ထဲမှာ နည်းပညာရှင် တစ်ယောက်ကတော့ စရိုက်ကြမ်းပြီး မြန်မာလူမျိုးတွေ မနှစ်မြို့တဲ့ ဟန်အမူအယာမျိုးကို လုပ်တတ်ပါတယ်။ ဥပမာ အလုပ်ခိုင်းတဲ့အခါမှာ ခြေထောက်နဲ့ ညွှန်ပြခိုင်းခြင်းမျိုး သင်ပေးတာကို နားမလည်တဲ့အခါမှာ စိတ်မရှည်ပဲ ဆဲခြင်းမျိုး စက်ရုံပစ္စည်းများကို လွှတ်ပစ်ခြင်းမျိုး ဖြစ်ပါတယ်။ ကျမအနေနဲ့ စီမံခန့်ခွဲရေးမန်နေဂျာတာဝန်ကို ယူထားရတဲ့အတွက် ကျမနဲ့တိုက်ရိုက် သက်ဆိုင်နေတာမို့ အထွေထွေမန်နေဂျာကို နိုင်ငံခြားသားတွေအတွက် လိုက်နာရမည့် စည်းကမ်းတွေကို ထုတ်ခွင့် တောင်းခဲ့ပါတယ်။ အဲဒီလိုစည်းကမ်းများ ထုတ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းကိုလည်း ရှင်းပြခဲ့တဲ့အတွက် အထွေထွေမန်နေဂျာရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပါတယ်။ ကျမရဲ့ တာဝန်အရ ကိုယ်တိုင် နည်းပညာရှင်တွေကို ခေါ်ယူပြီး သတိပေးကာ စည်းကမ်းတွေကို ဖတ်ပြခဲ့ပါတယ်။ အဓိကအချက်အနေနဲ့ ကျမတို့နိုင်ငံသားတွေရဲ့ ဓလေ့ထုံးစံနဲ့ စရိုက်များ အထက်လူကြီးများကို ရိုသေလေးစားတတ်မှု၊ နည်းပညာရှင်များအနေနဲ့ မိမိ အကြိမ်ကြိမ်သင်ပေးတာကို နားလည်မှုမျိုး မရှိခဲ့ရင် စီမံခန့်ခွဲရေးဌာနက တတ်မြောက်မှု အားနည်းသူ ကြီးကြပ်ရေးမှူးများကို အစမ်းခန့် (၃)လပြည့်တဲ့နေ့မှာ လက်ရှိတာဝန်ထက် တစ်ဆင့်နိမ့် လိုင်းခေါင်းဆောင်ရာထူးကို လျှော့ချ တာဝန်ပေးပါတယ် အကယ်၍သာ ရာထူးလျှော့ချတာကို လက်မခံပဲ အလုပ်ကနှုတ်ထွက်လိုရင်တော့ လစာပေးပြီး အလုပ်မှ ရပ်စဲပါတယ်။ ကျမရဲ့ အသေးစိတ်ရှင်းပြချက်ကို နည်းပညာရှင်များက နားလည်ကျေနပ် သဘောပေါက်တဲ့အခါမှာ သူတို့ရဲ့ ခံဝန်ချက်လက်မှတ်ကို ထိုးခိုင်းပါတယ်။ တစ်ချိန်ချိန်မှာ စည်းကမ်းဖောက်ဖျက်ခဲ့ရင် စီမံခန့်ခွဲရေး ဌာနအနေဖြင့် စည်းကမ်းဖောက်ဖျက်သူ နည်းပညာရှင်တို့ကို သူတို့ရဲ့မူလနေရာဌာန လာခဲ့သည့်နိုင်ငံကို ပြန်ပို့ပြီး လူလဲခွင့်ရှိပါတယ်။
အောက်တိုဘာလ (၁)ရက်နေ့ကစပြီး အလုပ်သမားများကို စီစစ်ခန့်အပ်မှာဖြစ်တဲ့အတွက် မတိုင်မီ နှစ်ပါတ်အလိုမှာ ကြော်ငြာစာများ နေရာအနှံ့အပြားမှာ ကပ်ကာ ကြော်ငြာခဲ့ပါတယ်။ အလုပ်သမား ခန့်ရန်အတွက်လည်း တစ်ပတ်ကို တစ်ရက်သာ သတ်မှတ်ခဲ့ပြီး တစ်ကြိမ်ခန့်လျှင် အင်အား(၅၀)သာ အလုပ်ခန့်ပါတယ်။ အောက်တိုဘာလမှာ အလုပ်သမား အင်အား(၂၀၀)ကို စီစစ်ရရှိခဲ့ပါတယ်။ အလုပ်သမားများ ရွေးချယ်တဲ့အခါမှာ အတွေ့အကြုံ လုံးဝ မရှိသေးသူ၊ ပညာအရည်အချင်းအနေနဲ့တော့ အတန်းပညာအသင့်အတင့် ပေါင်းတတ်နှုတ်တတ်သူ၊ အသက် ၁၈နှစ်မှ ၂၂နှစ်အထိ သတ်မှတ်ထားပါတယ်။ စာတွေ့လူတွေ့ နှစ်ပိုင်းခွဲကာစီစစ်ရွေးချယ်ပါတယ်။ အများအားဖြင့် ကျောင်းပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းဆက်မတက်သူများ စားဝတ်နေရေး ကြပ်တည်းသူများ အသက်အရွယ် ငယ်ပေမဲ့ မိမိအိမ်ကို အလုပ်အကျွေး ပြုနေရသူများ အများစုဖြစ်ပါတယ်။ အလုပ်ကို အမှန်တကယ် လုပ်လိုသူများ လာရောက်ပြီး အလုပ်လျှောက်ကြသလို အပျော်သဘောသက်သက် လာရောက်ကာ အလုပ်လျှောက်ကြသူ အနည်းစုကို တွေ့မြင်ရပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ အမှန်တကယ် အလုပ်လုပ်လို သူများကိုသာ စီစစ်ရွေးချယ်ခဲ့ပါတယ်။
အထွေထွေမန်နေဂျာရဲ့ သင်ကြားပေးမှုကြောင့် လူသစ်ရွေးချယ်ရာမှာ အရေးကြီးတဲ့ အချက်တွေကို ကျမ သိခွင့်ရခဲ့ပါတယ်။ ကျမအနေနဲ့ တတ်သိ နားမလည်သေးတဲ့ ပညာများစွာကို ဆည်းပူးခွင့် ရရှိခဲ့ပါတယ်။ အတွေ့အကြုံ မရှိသေးသူကို ရွေးချယ်ရခြင်းရဲ့ အဓိကမှာ ဖယောင်းကို ပုံသွင်းသလို မိမိလိုရာပုံစံကိုသွင်းနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ တချို့နည်းပညာ ပိုင်းတွေမှာ နူးညံ့သိမ်မွေ့ လွန်းလှပါတယ်။ အပ်၊ ချည်ပင်တို့ကို ကိုင်တွယ်တဲ့နည်းကအစ အတွေ့အကြုံရှိပြီးသူကို သင်ရတာထက် ဘာတစ်ခုမှ မတတ်သေးသူကိုသင်ရတာ ပိုပြီးလွယ်ကူပါတယ်။ စက်ရုံတွေကနေ တတ်လာတဲ့သူတွေ အတော်များများဟာ နည်းပညာပိုင်းမှာ ကြီးကြပ်ရေးမှူးများ သင်ပေးတာထက် မိမိအားသန်ရာ နည်းပညာကိုသာ အဓိကထားပြီး လုပ်တတ်ကြပါတယ်။ ကြုံကြိုက်တိုင်း အမြဲသင်ကြားပေးလေ့ရှိတဲ့ အထွေထွေမန်နေဂျာကို ကျမတို့အားလုံး ရိုသေလေးစားကြပါတယ်။ မန်နေဂျာများ ကြီးကြပ်ရေးမှူးများလည်း သူတို့တွေ့ကြုံရတဲ့ အခက်အခဲတိုင်းလိုလို အထွေထွေမန်နေဂျာရဲ့ အကူအညီကို ယူကြရပြီး အခက်အခဲကိုမေးတိုင်း ဖြေရှင်းလို့မရတဲ့ ပြဿနာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့တဲ့ အထွေထွေမန်နေဂျာကို လေးစား ချီးကျူးမိပါတယ်။
အလုပ်သမားများ ခန့်အပ်ပြီးတဲ့နောက်ပိုင်း သန့်ရှင်းရေးတာဝန်များကို ကျမတို့တစ်တွေကိုယ်စား အလုပ်သမားများကို လက်လွှဲတာဝန်ပေးခဲ့ပါတယ်။ အလုပ်သမားများနေ့စဉ် လုပ်ငန်းသိမ်းပြီးချိန်မှာ သန့်ရှင်းရေးလုပ်ဆောင်ရပြီး ကြီးကြပ်ရေးမှူးများက သန့်ရှင်းရေးလုပ်ရာမှာ လိုအပ်ချက်များကို အနီးကပ်သင်ကြား ကြပ်မတ်ကြပါတယ်။ ဌာနအလိုက် ကြီးကြပ်ရေးမှူးများကိုလည်း ကိုယ့်လက်အောက်မှာရှိတဲ့ အလုပ်သမားတွေထဲကနေ လုပ်ငန်းကို စိတ်ဝင်စားပြီး အခြားသူများထက် ထက်မြက် ကျွမ်းကျင်သူများကို ပြန်လည်စီစစ်ရွေးချယ်စေကာ ဌာနစိတ် ခေါင်းဆောင်များအဖြစ် ရာထူးသတ်မှတ်စေဖို့ စီမံခန့်ခွဲရေးဌာနကို လူစာရင်း တင်ခိုင်းပါတယ်။ အဆင့်ဆင့်အုပ်ချုပ်တဲ့ နည်းစံနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းပိုင်းမှာလဲ စည်းစနစ်ကျပြီး ပိုမိုထိရောက်တာတွေ့ရပါတယ်။
စက်ရုံသစ်စတင်ဖွင့်စမှ အစပြုကာ နေ့စဉ် အထွေထွေမန်နေဂျာကအစ အောက်ခြေဝန်ထမ်းအထိ လူတိုင်းလိုလို ကိုယ်စီအလုပ်တွေနဲ့ အားလပ်ချိန်မရှိသလောက် အလုပ်များနေကြပါတယ်။ နိုဝင်ဘာလရဲ့ ဒုတိယအပတ်ကို ရောက်လာတဲ့အခါမှာ စက်ရုံရှိ ဝန်ထမ်းအင်အား စုစုပေါင်း ၃၀၀ ကျော်ရှိလာပြီး နည်းပညာရှင်နဲ့ ကြီးကြပ်ရေးမှူးတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ထုတ်လုပ်မှုတွေ နေ့စဉ်သတ်မှတ်ချက်အတိုင်း ထုတ်လုပ်နေတာကို ကျေနပ်အားရစရာ တွေ့မြင်ရပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းများကို အဆင့်ဆင့်တာဝန်ယူထားတဲ့ လိုင်းခေါင်းဆောင် ကြီးကြပ်ရေးမှူးများနဲ့ နည်းပညာရှင်တွေကလည်း အရည်အသွေး အရေအတွက် ဘက်စုံချို့ယွင်းချက်မရှိအောင် တာဝန်ကျရာဌာနမှာ တာဝန်ကျေအောင် လုပ်ဆောင်ကြပါတယ်။ ဒီဇင်ဘာလအလယ်မှာ ထွက်ရမဲ့ကုန်ပစ္စည်းများ ရက်ရှေ့တိုးကာ နိုဝင်ဘာလ တတိယအပတ်မှာ ပထမဆုံးအသုတ်အဖြစ် ထွက်ရမယ့်သတင်း ရောက်လာချိန်မှာတော့ ကျမတို့ အုပ်ချုပ်ရေးအဖွဲ့အတွက် အကြပ်ရိုက်သွားပါတော့တယ်။ ထုပ်ပိုးဌာနမှာ လူသစ်ခန့်တာမှ ၁၀ယောက်မပြည့်သေးချိန်။ တတ်ကျွမ်းမှုလဲ မရှိကြသေး။ ထုတ်လုပ်ရမည့်ပစ္စည်း လုပ်ငန်းအဆင့်ဆင့်အတိုင်း အပေါ်ဌာနတွေကို ဦးစားပေးပြီး လူသစ်တွေကို ခန့်ခဲ့တဲ့အတွက် အောက်ဌာနမှာ အခက်တော့တွေ့တော့မယ်လို့ ပထမစိုးရိမ်မိခဲ့တယ်။ စက်ရုံစတည်ပြီး ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့အတွက် အစစအရာရာ အဆင်ပြေ ချောမွေ့စေချင်သလို သိက္ခာလည်း အကျမခံချင်ပါ။ ကုန်ပစ္စည်းများ အချိန်မှီထွက်ဖို့ရာ တာဝန်ရှိတဲ့ Shipping မန်နေဂျာရဲ့ မျက်နှာလည်း ဇီးရွက်လောက်ဖြစ်နေပြန်။ အလုပ်ဝင်စက အထွေထွေမန်နေဂျာရဲ့ ကျမတို့မန်နေဂျာများကို စကားဦးသန်းခဲ့တာကို ပြန်သတိရမိတယ်။ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး တစ်ဌာနမှာ အခက်အခဲဖြစ်နေရင် ကျန်ဌာနတွေက မဖြစ်မနေ ဝိုင်းကူရမယ်ဆိုတဲ့စကား။ တစ်ဌာနရဲ့ ကြုံတွေ့ရတဲ့ ပြဿနာဟာ ဌာနအားလုံးရဲ့ ပြဿနာဆိုတာ အားလုံးနားလည်ထားပါလို့ ပြောခဲ့ဖူးတယ်။ ဒီတော့ ကျန်တဲ့မန်နေဂျာတွေလည်း မနေသာတော့။
လတ်တစ်လော ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်စေရန် အစည်းအဝေးခန်းမမှာ မန်နေဂျာအားလုံးဆုံကြတယ်။ အထွေထွေမန်နေဂျာ ဝင်လာပြီး မန်နေဂျာများ အားလုံး ကျန်တဲ့အလုပ်တွေကို ခဏရပ်ဆိုင်းထားပါ။ ထုပ်ပိုးဌာနကို အားလုံး ဆင်းကြရအောင်ဆိုပြီး အထွေထွေမန်နေဂျာ ကိုယ်တိုင်ရှေ့က ဦးဆောင်ပြီး ထုပ်ပိုးဌာနကိုသွားကြပါတယ်။ ရုံးဝန်ထမ်းများ ကြီးကြပ်ရေးမှူးများ နည်းပညာရှင်များနဲ့ မန်နေဂျာများအားလုံးကို အထွေထွေမန်နေဂျာမှ ထုပ်ပိုးနည်းစံနစ် လက်တွေ့ သင်ကြားပေးပြီး စမ်းသပ် ထုတ်ပိုးခိုင်းကာ သူကိုယ်တိုင် ထုပ်ပိုးပြီး ကုန်များကို အရည်အသွေးစစ်ပါတယ်။ အဆင့်ဆင့်ထုပ်ပိုးနည်းစံနစ်ကို အသုံးပြုကာ ထုတ်လုပ်ပြီးစီးမှုက အံ့သြလောက်စရာပါ။ တစ်နေ့လုံး ထမင်းစားပြီးချိန်ကနေ မရပ်မနား ထုပ်ပိုးလိုက်ကြတာ ည၈နာရီ၁၀မိနစ်မှာ သတ်မှတ်စံချိန်ကို ပြည့်မှီသွားမှ ကျမတို့အားလုံး သက်ပြင်းချနိုင်ပါတော့တယ်။ အထွေထွေမန်နေဂျာက ပေါင်မုန့်များနဲ့ ကြက်ဥများကို ဝယ်ခိုင်းပြီး ၀န်ထမ်းအားလုံးကို ဝေမျှပေးစေကာ အထွေထွေမန်နေဂျာရဲ့ ဦးဆောင်မှုနဲ့စက်ရုံရဲ့ ပထမဆုံးပွဲဦးထွက် အောင်မြင်မှုခြေလှမ်းကို အစပျိုးခဲ့ပါတယ်။
(Pacific Star Manufacturing Co; Ltd. မှာ လုပ်ငန်းတာဝန်များ အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသူများရဲ့ အမြဲတန်းဆရာ အထွေထွေမန်နေဂျာ မစ္စတာဂျိုးဇက်နဲ့ လုပ်ဖော်ကိုင်ဖက် မန်နေဂျာများ ကြီးကြပ်ရေးမှူးများ နည်းပညာရှင်များ ရုံးအဖွဲ့များနဲ့ ကုမ္ပဏီဝန်ထမ်းအားလုံးကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz