x

20.2.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၄၁


၁၉၉၇ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ပြီးအကောင်အထည်ဖော်ခဲ့တဲ့ ကျမတို့ရဲ့ စက်ရုံလေးဟာ တစတစ အောင်မြင်လာပါတယ်။ အောင်မြင်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ဝန်ထမ်းများရဲ့ လစာကို တခြား သိုးမွေးစက်ရုံတွေထက် မနိမ့်ကျအောင် စီစဉ်ပေးသလို သွားလာရာမှာ အဆင်ပြေ ချောမွေ့စေဘို့ရာ ဖယ်ရီတွေ စီစဉ်ပေးပြီး ဖယ်ရီအသုံးမပြုတဲ့ ဝန်ထမ်းတွေကို ခရီးစရိတ်ဆောင်းပေးပါတယ်။ ရှားပါးစရိတ်အဖြစ်နဲ့ ထပ်ဆောင်းငွေပေးပါသေးတယ် တူညီဝတ်စုံတွေကို အခမဲ့ချုပ်ပေးပြီး တစ်နှစ်မှာ နှစ်ကြိမ်ထုတ်ပေးပြန်တယ် ခရီးဝေးကလာရတဲ့ တချို့ဝန်ထမ်းအချို့ ထမင်း ဟင်း ဝယ်စားရလွယ်ကူအောင် စက်ရုံဖက်က ၃၀% စိုက်ပေးပြီး အစားအသောက်ကို စီစဉ်ပေးပါတယ်။ အခုလိုဆောင်ရွက်ပေးနိုင်ဖို့ လုပ်ငန်းပိုင်ရှင်ကိုတောင်းဆိုတဲ့ အချက်တိုင်းလိုလို ပိုင်ရှင်ရဲ့ ဝန်ထမ်းတွေအပေါ် ထားရှိတဲ့ စေတနာ ကြီးမားနက်ရှိုင်းမှုကြောင့် တစ်ကြိမ်တစ်ခါမျှ ငြင်းဆန်မှုမရှိပဲ ခွင့်ပြုပေးခဲ့ပါတယ်။ ၀န်ထမ်းများဘက်က တောင်းဆိုမှုမပြုခင် ကျမတို့တာဝန်ယူရတဲ့ စီမံခန့်ခွဲအုပ်ချုပ်ရေးဌာနက ဦးအောင်တောင်းဆို ပေးခဲ့တဲ့အတွက်လဲ မျှော်လင့်မထားတဲ့ ခံစားချက်များ ခံစားရရှိတဲ့ဝန်ထမ်းများ မပျော်ပဲဘယ်သူရှိပါ့မလဲ။ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမြင့်ဆုံးတာဝန်ခံ အထွေထွေမန်နေဂျာက အစအောက်ခြေ သန့်ရှင်းရေးတာဝန် ယူတဲ့သူအထိ ဝန်ထမ်းအားလုံးဟာ ကျမတို့ စီမံခန့်ခွဲရေးဌာနကနေ ထုတ်ပြန်ထားတဲ့ အလုပ်ခွင်စည်းကမ်းပေါင်း (၂၆)ချက်အပေါ် တိတိကျကျ လိုက်နာပြီး မိသားစုစိတ်ဓာတ်နဲ့ အလုပ်ကို မခိုမကပ် အလုပ်ခွင်မှာပျော်ရွှင်စွာနဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့်လဲ အောင်မြင်ခဲ့ပါတယ်။ ဒီပို့စ်လေးမှာတော့ လုပ်ငန်းအဆင့်ဆင့်နဲ့ပတ်သက်ပြီး ဓာတ်ပုံလေးတွေနဲ့ မီးမောင်းထိုးပြမှာ ဖြစ်သလို စက်ရုံတစ်ရုံရဲ့ အဓိကလိုအပ်ချက်လေးတွေကို အမှတ်တမဲ့မဖြစ်စေပဲ သတိထားသင့်တဲ့အချက်လေးတွေ ထည့်သွင်း ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ စာဖတ်သူအချို့မှ အတွေ့အကြုံများပြီး ပိုကောင်းမွန်တဲ့ နည်းစနစ်လေးများကို အကြံဥာဏ်ပေးမယ် ဆိုရင်လဲ အများသူငှာတို့ သိရှိစေနိုင်ဘို့အတွက် ပြန်လည်မျှဝေ ပေးစေချင်ပါတယ်။
အရာရာတိုင်းမှာ Give and take ဆိုသလို အပေးအယူမျှတမှုရှိဘို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တာချည်း ရှေ့တန်းတင်လို့မဖြစ်သလို ရယူလိုမှုတစ်ခုအတွက် ဦးစွာပေးဆပ်ရမှာပါ။ ဒါမှလဲ အခက်အခဲမရှိ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ ကျမတို့စက်ရုံမှာ ဖွဲ့စည်းထားတဲ့ ဌာနကြီး ၄-ခုထဲက ကျမတာဝန်ကျတဲ့ စီမံခန့်ခွဲရေးဌာန (Administration Dept.) အနေနဲ့ လူအမျိုးမျိုး စိတ်အထွေထွေ လူသားများအပြင် ကုန်ပစ္စည်းမျိုးစုံနဲ့ ကူးလူးဆက်ဆံ အုပ်ချုပ်ရတဲ့ ဌာနတစ်ခုပါ။ ကျန်ဌာနကြီး ၃-ခုဖြစ်တဲ့ ငွေစာရင်းဌာန (Account Dept) ရောင်းကုန်ဌာန (Merchandise Dept.) ကုန်စည်ပို့ဆောင်ရေးဌာန (Shipping Dept.) တို့နဲ့ သဘာဝအားဖြင့်ကွာခြားတာကြောင့် ကျမဌာနဟာ ပြဿနာပေါင်းစုံ ဖြေရှင်းရတဲ့ ဌာနတစ်ခုဆိုလဲ မမှားပါဘူး။ လူချစ်များပြီး လူမုန်းနည်းတဲ့ ဌာနအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကျမဌာနကို ကျေနပ်စွာနဲ့ တာဝန်ထမ်းခဲ့ပါတယ်။ နေရာဒေသကိုလိုက်ပြီး စည်းကမ်းဆိုတာ ရှိသင့်တဲ့အရာပါ။ ကျောင်းလဲ ကျောင်းစည်းကမ်း ရပ်ကွက်လဲရပ်ကွက်စည်းကမ်း အိမ်လဲအိမ်စည်းကမ်း စက်ရုံအတွက်လဲ စက်ရုံစည်းကမ်း ရှိမှသာ အခက်အခဲများစွာကို ကျော်လွှားပြီး တည်ငြိမ်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်မှာပါ။ ရက် လ ကနေ နှစ်သို့တိုင် တာဝန်ထမ်းဆောင်လာတဲ့ စက်ရုံဝန်းထမ်းအားလုံးကို ရက်မပျက်ဆု၊ တစ်လတစ်ကြိမ် ထုတ်လုပ်မှု အများဆုံးထုတ်နိုင်သူကို စွမ်းဆောင်နိုင်မှုဆုများ စီစဉ်ပေးသလို နှစ်ပေါင်းများစွာ လက်တွဲအလုပ်လုပ်သူ ၀န်ထမ်းများအားလုံးကို ၅-နှစ်တစ်ကြိမ် ရွှေပြားဆု ဆုချခဲ့ပါတယ်။ ဆုပေးပွဲရောက်လာတိုင်း ပိုင်ရှင်သူဌေး ညီအစ်ကိုနှစ်ယောက်စလုံး တက်ရောက်ပြီး ၀န်ထမ်းများနဲ့ ရင်းနှီးစွာဆက်ဆံကာ လုပ်ငန်းများ ရှေ့ဆက်ရန်အတွက် အားပေးပါတယ်။ အမြတ်အစွန်းကိုသာ အဓိကမထားပဲ စက်ရုံဝန်ထမ်းများအပေါ် မှန်ကန်တဲ့စေတနာ မေတ္တာတရား ထားရှိမှုရဲ့ ရလာဒ်အနေနဲ့ လှိုင်မြို့နယ်မှာ စတင်အကောင်အထည် ဖေါ်ခဲ့တဲ့ Pacific Star Manufacturing Co; Ltd. မှဆက်လက် တိုးချဲ့ကာ တောင်ဥက္ကလာပမှာ Pacific garment, လှိုင်သာယာမှာ Pacific Star စက်ရုံခွဲနဲ့ Golden Star Manufacturing Co; Ltd. အောင်ဆန်းမှာ Myanmar Lucky Star Manufacturing Co; Ltd. ဆိုပြီး စက်ရုံ ၅-ရုံ ၀န်ထမ်းအင်းအား ၃၀၀၀ ကျော်အထိရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာပါ တိုးချဲ့ ဖွင့်လှစ်အောင်မြင်ခဲ့ပေမယ့် ၁၀-နှစ်အကြာမှာ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံတကာရင်ဆိုင်ရချိန်မှာ ကံတရားရဲ့ မျက်နှာသာမပေးမှုကြောင့် စက်ရုံတွေ တစ်ရုံချင်းဆီ ပိတ်သိမ်းခဲ့ရသလို ၀န်ထမ်းများလဲ ၀မ်းနည်းစွာစက်ရုံကနေ ထွက်ခွာခဲ့ကြရပါတယ်။
Knitting section
Linking section
Pieces Inspection section
Stitching & Mending section
Washing ,Separator & Drying section
Ironing section
Sewing section
P.Q.C section
Packing & Cartoning section
Ship out production & import raw
Production knit wears 

(Pacific Star Manufacturing Co; Ltd. ,Pacific garment ,Pacific Star branch, Myanmar Lucky Star Manufacturing Co; Ltd. ,Golden Star Manufacturing Co; Ltd. တို့မှာ လုပ်ငန်းတာဝန်များ အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတဲ့ အထွေထွေမန်နေဂျာ လုပ်ဖော်ကိုင်ဖက် မန်နေဂျာများ ကြီးကြပ်ရေးမှူးများ နည်းပညာရှင်များ ရုံးအဖွဲ့များနဲ့ ကုမ္ပဏီဝန်ထမ်းအားလုံးကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz