x

19.5.15

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၄၂


ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံတကာရင်ဆိုင်ရချိန်မှာ ကံတရားရဲ့ မျက်နှာသာမပေးမှုကြောင့် စက်ရုံ(၅)ရုံစလုံး တစ်ရုံချင်းဆီ ပိတ်သိမ်းခဲ့ရသလို ၀န်ထမ်းများလဲ ၀မ်းနည်းစွာစက်ရုံကနေ ထွက်ခွာခဲ့ကြရပါတယ်။ ပိုင်ရှင်သူဌေးအနေနဲ့ အမြတ်အစွန်းမရတဲ့အပြင် အရှုံးနဲ့စတင်ရင်ဆိုင်ခဲ့ရတဲ့ ၂-နှစ်တာကာလကို ကျော်ဖြတ်ရင်း အားမတန်လို့မာန်ချခဲ့ရရှာပါတယ်။ ကျမကိုလဲမကြာခဏဆိုသလို ‘အလုပ်သမားတွေ ဒုက္ခမရောက်အောင် ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ’ ဆိုတဲ့မေးခွန်းကို အကြိမ်များစွာမေးခဲ့ပေမယ့် ကျမအနေနဲ့အဖြေရှာမထွက်ခဲ့ပါ။ စက်ရုံတွေအားလုံး ပိတ်သိမ်းခဲ့ပြီး နောက်ဆုံးစက်ရုံဖြစ်တဲ့ Myanmar Lucky Star မှာ ရုံးအဖွဲ့နဲ့ ဌာနဆိုင်ရာတို့ရဲ့ ကြီးကြပ်ရေးမှူးများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ခေါင်းဆောင်များလောက်သာ ကျန်ရစ်ခဲ့ပြီး စာရင်းဇယားနဲ့ စက်ပစ္စည်းများ ရွှေ့ပြောင်းသိမ်းဆည်းရေး လုပ်ငန်းများကို လုပ်ကိုင်ကာ စက်ရုံကြီးကို ပြန်လည်လို့ အပ်နှံခဲ့ပါတယ်။ လုပ်ငန်းအနေနဲ့ ကုန်ကြမ်းကစလို့ ကုန်ချောအထိလုပ်ကိုင်ရပြီး အနောက်နိုင်ငံများကို အရည်အသွေး ပြည့်မှီတဲ့ သိုးမွေးထည်တွေပို့ရခဲ့ရတဲ့ လုပ်ငန်းအတိုင်းအတာရဲ့ ထုထည်ကြီးကို အရင်ကျမတင်ခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်းများအရ စက်ပစ္စည်းများနဲ့ လုပ်ငန်းအဆင့်ဆင့်များကို စာဖတ်သူကိုခန့်မှန်းကြည့်လို့ရပါတယ်။
မိုးလင်းတာနဲ့ အလုပ်အတွက်ပြင်ဆင် မိုးချုပ်ခါနီးမှအိမ်ကို ပြန်ရောက်လေ့ရှိတဲ့ ကျမအနေနဲ့လဲ မိုးလင်းရင် စက်ရုံသွားစရာအကြောင်း မရှိတော့တဲ့အခါ ယောင်ချာချာနဲ့ အနေရခက်နေမိတယ်။ ဒီတော့ခရီးထွက်တဲ့ အလုပ်ကိုလုပ်ရင်း စိတ်ဖြေရာကို ရှာခဲ့သလို တစ်ဖက်ကလဲ လုပ်ငန်းတစ်ခုခုကို ခြေချဘို့ကို စဉ်ဆက်မပြတ် အတွေးနယ်ချဲ့ခဲ့တယ်။ အိမ်ထောင်ကျတဲ့ ကနဦးထဲက ခင်ပွန်းဖြစ်သူအပေါ် ရာနှုန်းပြည့်အမှီပြု မနေတတ်တဲ့ကျမအဘို့ အလုပ်တစ်ခုခု လုပ်ကိုင်လိုတဲ့အာရုံကို ပြောင်းလဲပစ်လို့ မရခဲ့ပါ။ စက်ရုံအလုပ်ကို လုပ်နေစဉ်ကာလထဲက မြို့ထဲမှာ ‘လှိုင်းတက်’ ဗျူးတီးဆလွန်းဆိုင်ကို ကျွမ်းကျင်ဝန်ထမ်း၆ယောက်ထားပြီး ဖွင့်ထားခဲ့ပါတယ်။ ဆိုင်မှာတစ်နေ့လုံး ထိုင်နေတဲ့အလုပ်ကျပြန်တော့ မလုပ်ချင်။ ခြေမှာဗွေပါလို့ထင်ပါရဲ့ တစ်နေရာတည်းမှာ အတည်တကျကျောက်ချမနေတတ်တဲ့ကျမ သွားလာလှုပ်ရှားရင်း စီးပွားရေးဆိုင်ရာ အလုပ်တစ်ခုခုကို ထပ်ရှာမိခဲ့တယ်။ ကျမရဲ့လှုပ်ရှားမှုတိုင်းကို တားဆီးကန့်ကွက်တာမျိုး မလုပ်ပဲ လုပ်တဲ့အလုပ်ပေါ်မှာ ပိုကောင်းအောင် အကြံပေးလေ့ရှိတဲ့ ခင်ပွန်းကြောင့်လဲ ကျမအတွက် စိတ်ဓာတ်မကျပဲ အားအင်သစ်များရစမြဲပါ။ သားကြီး သားငယ်တို့လဲ ကိုယ်စီဘ၀လေးတွေကို စမ်းတစ်ဝါးဝါးစတင်လို့ ခြေလှမ်းချိန် ခင်ပွန်းလဲ နယ်ဘက်ကိုတာဝန်ကျလို့ ပြောင်းသွားချိန်မို့ မိသားစု ၄-ယောက် လေးနေရာမှာ အခက်အခဲ ကြီးကြီး ငယ်ငယ်တွေကို ကိုယ့်ရှုထောင့်ကနေ ကိုယ်ဖြေရှင်းကြရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။ ဆန္ဒနဲ့လက်တွေ့ ရာနှုန်းပြည့် ကိုက်ညီဘို့ရာခက်ခဲတဲ့ အနတ္တသဘောကို လက်ခံရမှာအမှန်ပင်။ ကျမစမ်းတစ်ဝါးဝါးလုပ်ခဲ့တဲ့ လုပ်ငန်းလေးတွေ ရေတွက်လို့မရအောင်များပြားခဲ့သလို အဆင်မပြေတဲ့အခါ အလုပ်ကိုအဆုံးသတ်တိုင်းလဲ အပြစ်တင်မခံခဲ့ရတဲ့အတွက် ရင်ထဲကနေ ခင်ပွန်းဖြစ်သူကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ တစ်ဖက်ကလဲ အချိန်ပေးပြီး ကျင့်ကြံပွားများ အားထုတ်ရမယ့် ဘာသာသာသနာဆိုင်ရာကို အလျဉ်းသင့်သလို ဆောင်ရွက်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ရေစက်ချတိုင်းနှစ်ကိုယ်တူ ရေစက်ချလိုတဲ့ ခင်ပွန်းအပေါ် ရက် လ နှစ်တွေ ပြောင်းလဲသွားပေမယ့် ချစ်ခင်လေးစားမှုကတော့ ပြောင်းလဲခဲ့ခြင်းအလျဉ်းမရှိခဲ့သလို ဘ၀သံသရာ လည်ရာတစ်လျှောက် နိမ့်ကျတဲ့ ဘုံဘ၀မရောက်သရွေ့ ပဌာန်းဆက်ပါစေနိုင်ဘို့ ခင်ပွန်းဖြစ်သူရဲ့ အလှူအတော်များများကိုလဲ အရောက်သွားဖြစ်ခဲ့တယ်။ စိတ်ကူးစိတ်သန်းအရ ဟိုအလုပ်လုပ်ရ ကောင်းနိုးနိုး သည်အလုပ်လုပ်ရ ကောင်းနိုးနိုးနဲ့ အချိန်တွေလည်း တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် ကုန်မှန်းမသိကုန်ခဲ့ရင်း ခရီးဆုံးတော့ ရေကြည်ရာမြက်နု ရွာလေးတစ်ရွာ တွေ့ခဲ့တယ်။

သားကြီးရဲ့ အကြံပေးမှုကြောင့် နောက်ဆုံးအလျှံပယ် ပေါများကြွယ်ဝတဲ့ ၀င်ငွေမျိုး မဟုတ်ပေမယ့်လည်း အိမ်သုံးစရိတ်ကို အေးအေးဆေးဆေးဖြင့် ဖြေရှင်းပေးနိုင်တဲ့ ပုံနှိပ်လုပ်ငန်းလေးတစ်ခုကို သားကြီးကဦးစီး ကျမက အကူအညီပေးရင်း သားအမိနှစ်ယောက် အကောင်အထည်ဖေါ်ပြီး လုပ်ဖြစ်ခဲ့တယ်။ တစ်နှစ်ကျော် အချိန် ကြာမြင့်လာတဲ့အခါ ပုံနှိပ်စက်ကို သားကြီးအနေနဲ့ အကျွမ်းတ၀င်ဖြစ်လာသလို customer တစ်စစ တိုးလာတဲ့အတွက် 2 colorsကို တိုးချဲ့လုပ်ဆောင်ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာ တိုင်းတစ်ပါးရောက် သားငယ်ဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေတဲ့ကြားကနေ ၀ါသနာတူ သူငယ်ချင်းများစုပြီး လစဉ်ထုတ် Gamers magazineကို ထုတ်လုပ်နိုင်ဘို့ စီစဉ်ချိန်မို့ ညီအစ်ကိုနှစ်ယောက် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို လုပ်ငန်းကိုညှိနှိုင်းရင်း လုပ်ဖြစ်ခဲ့တယ်။ ဒီနေ့ဒီရက်မှာ သားငယ်တို့ရဲ့ ဂိမ်မာမဂ္ဂဇင်းရဲ့ သက်တမ်းလည်း နှစ်နှစ်ကျော်လို့ သုံးနှစ်အတွင်းကိုရောက်လာပြီ ဖြစ်သလို သားကြီးရဲ့ ပုံနှိပ်စက်လုပ်ငန်းလဲ ၃-နှစ်ကျော် ၄-နှစ်ထဲကို ရောက်ခဲ့ပါပြီ။ သားနှစ်ယောက်ရဲ့ လှုပ်ရှားမှုလေးတွေကို ပီတိအဟုန်နဲ့ တစေ့တစောင်း ဘေးကနေကြည့်နေမိသူကတော့ ကျမပေါ့။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz