x

26.5.15

နတ်စီတဲ့အိပ်မက်မှ ဘလော့ဆီသို့ယွန်း


ဘလော့ဖက်ကို မလှည့်နိုင်ခဲ့တဲ့ကျမ ၉-၅-၂၀၁၅ (စနေနေ့) မှာ မောင်ဏီ (ဆရာဏီလင်းညို)ရဲ့ ‘နတ်စီတဲ့ အိပ်မက်ဆိုတာ’ လုံးချင်းဝတ္ထုအသစ် မိတ်ဆက်ပွဲကို အရောက်လှမ်းခဲ့တယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဘလော့ဘက်ကို ခြေဦးမလှည့်ဖြစ်ခဲ့တာကြာပေါ့။ ရောက်ခဲ့တဲ့ပွဲလေးကနေ ပို့စ်တွေပြန်တင်နိုင်စေဘို့ အတွက် ခွန်အားလေးတွေ တစ်စွန်းတစ်စ ရရှိခဲ့တယ်။ အချိန်ရရင် ရသလို ရောက်ခဲ့တဲ့ စာပေဟောပြောပွဲတွေထဲကနေ ကျမအတွက် မှတ်မှတ်ရရ အထူးတလည် သတိရနေတဲ့ ပွဲလေးတွေ ရှိခဲ့တယ်။ အဲ့ဒီလို စာပေဟောပြောပွဲလေးတွေကနေ ပြန်လာတိုင်းလဲ ပို့စ်ထပ်ရေးပို့ ကုန်ကြမ်းလေးတွေ ရလာစမြဲပါ။ တစ်ချို့တစ်ဝက်ကို ချရေးပြရမယ်ဆိုရင်တော့ စိတ်တူကိုယ်တူ ၀ါသနာတူ သူငယ်ချင်းတွေစုပြီး အကောင်အထည်ဖော်ခဲ့တဲ့ သားငယ်တို့ရဲ့ ဂိမ်မာမဂ္ဂဇင်းအသစ် မိတ်ဆက်ပွဲ၊ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာတို့ရဲ့ အားပြိုင်မှုလေး အင်မတန်မှ ချစ်စရာကောင်းတဲ့ ပွဲလေးတစ်ပွဲရောက်ခဲ့တယ်၊ တစ်ခါ မချစ် (ဆရာမ ချစ်ကြည်အေး)ရဲ့ ချစ်ကြည်အေးအစစ်၊ ချစ်ကြည်အေးအတုနှင့် ချစ်ကြည်အေးများ စာအုပ်သစ် မိတ်ဆက်ပွဲ၊ စင်္ကာပူကို ရောက်တဲ့အချိန်နဲ့ ကြုံကြိုက်လို့ သွားခဲ့တဲ့ ‘အနုပညာဟောပြောပွဲ’၊ လက်ရှိပို့စ်လေး ရေးဖြစ်ဘို့ခွန်အားတွေ ရခဲ့တဲ့ မောင်ဏီရဲ့ လုံးချင်းဝတ္ထုအသစ် မိတ်ဆက်ပွဲလေးတွေပါ။ ကျမရောက်ခဲ့တဲ့ စာပေပွဲတိုင်းလိုလိုကို နှစ်သက်သဘောကျခဲ့ပါတယ်။ ပွဲတိုင်းကိုသာ ချရေးပြရရင်ဖြင့် တစ်ထောင့်တစ်ည ပုံပြင်လို ဖြစ်သွားနိုင်ဘွယ်ရာ ရှိမယ်ထင်ပါရဲ့။ ဘလော့တွေထဲမှာ ကျမနှစ်သက် သဘောကျတဲ့ ပို့စ်လေးတွေ အတော်များများကတော့ တဂ်ပို့စ်လေးတွေဖြစ်သလို တဂ်ပို့စ်ကိုဖတ်ခြင်းဖြင့် စာရေးသူတွေရဲ့ မတူကွဲပြားတဲ့ အတွေးအခေါ် သုံးသပ်ချက်လေးတွေ ဖတ်ပြီးသိခွင့်ရခဲ့ပါတယ်။ ကျမဘလော့ဂါဘ၀ကို မရောက်ခင်ကတည်းက စာဖတ်သူ တစ်ယောက်အနေနဲ့ ဘလော့ အတော်များများရဲ့ ပို့စ်လေးတွေကို ရင်းနှီးပြီးသားမို့ တစ်ခါတစ်ရံ သတိတရ ပြန်ဖတ်ချင်တဲ့အခါ အလွယ်တကူရှာဖွေ ဖတ်နိုင်ခဲ့တယ်။ ကျမဘလော့ဂါဘ၀ကို ၂၃-၄-၂၀၁၁မှာ စတင်ခြေချခဲ့ပြီး ကျမတင်ခဲ့တဲ့ ပို့စ်တွေအားလုံးကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အဆင်ပြေရင် ပြေသလို အားလပ်ချိန်မှာ လာရောက်ဖတ်ရှု အားပေးကြတဲ့ စာဖတ်သူများကြောင့်လဲ ကျမရဲ့ဘလော့သက်တမ်းဟာ (၄)နှစ်ကျော်လာတဲ့ ဒီကနေ့အထိ ဆက်လက်ရှင်သန်နေလျှက်ပါ။
ကျမခင်တွယ်ခဲ့တဲ့ ဘလော့လောကလေးကို အခုတော့ ဖေ့ဘုတ်လောကကြီးက မသိမသာဝါးမြိုသွားပါပြီ။ ဘလော့ဂါတွေရဲ့ သုံးသပ်ချက် ကွန်မန့်လေးတွေကိုတောင် ဖတ်နိုင်ခွင့် အင်မတန်ရှားပါးသွားပြီဖြစ်တဲ့ ဘလော့လောကလေး သိသိသာသာ မှေးမှိန်သွားခဲ့ပါပြီ။ ဘလော့ဂါ အတော်များများအနေနဲ့ စိတ်ကသာရောက်နေပြီး လက်တွေ့ရောက်ဘို့ အတားအဆီး အပိတ်အပင်များစွာကြောင့် ဘလော့လောကလေး စည်ပင်သာယာဝပြောဘို့ရာ ခြေဦးမလှည့်နိုင်ကြတော့ပါ။ ဘလော့ရွာကြီး ပြန်လည်စည်ကား ဖွံ့ဖြိုးလာဘို့အတွက် တုံးဖလားသူကြီးမင်းနဲ့ ကျမတို့ လက်လှမ်းမှီသလောက် ဘလော့ဂါတွေကို တွန်းတွန်းတိုက်တိုက် ကြိုစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မဖြစ်နိုင်တာကို တမ်းတနေမယ့်အစား ဖြစ်နိုင်တဲ့ဘက်ကို ခြေလှမ်းဘို့အတွေးဝင်လာတယ်။ စာဖတ်သူတွေတော့ ပိုတယ်လို့ ထင်လေမလား အမှန်တကယ်ပြောရရင် ဘလော့ဂါလို့ သိလိုက်တာနဲ့ သိကျွမ်း ရင်းနှီးပြီးခဲ့တဲ့ သူများကို ပြန်တွေ့ရသလို ဘယ်အချိန်တွေ့တွေ့ ရင်းနှီးခင်မင်ပြီးသားဖြစ်နေတယ်။ အခုလို အခြေအနေတွေအကြားမှာ ကျမအတွက် စိတ်ရဲ့ဖြေရာကတော့ ဘယ်အချိန်ဖြစ်ဖြစ် ညီမမြသွေး၊ သူသူ(ရွှေအိမ်စည်မေ)တို့ရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ စာဖတ်ဝိုင်းလေးတွေပါ။ အခြေအနေ အရပ်ရပ်ကြောင့် ကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိသည့်တိုင် ပြန်လည်လို့ဖတ်ခွင့်ရခဲ့တယ်။ ဘလော့ဂါအချို့ ပုံနှိပ်လောကကို တိုးဝှေ့ဝင်ရောက်လာတာကို မြင်ရပြန်တော့ ကျေနပ် အားကျမိတာ ရင်ထဲကပါ။ စည်းစနစ်တကျ ခြေရာချန်ခွင့်ရတဲ့ ပုံနှိပ်စာအုပ်လေးတွေကို မြင်ရတဲ့ ကြည်နူးမှုဟာ ဘယ်အရာနဲ့မျှ နှိုင်းယှဉ်လို့မရတာကို စာဖတ်သူ ကျမအနေနဲ့ ခံစားမိတယ်။ ကာယကံရှင် စာရေးသူတို့အဘို့တော့ အတိုင်းထက်အလွန် ပီတိတွေဖြာနေမှာ အသေအချာ။ အားမသန်တော့လဲ မာန်လျှော့ရင်း ဘလော့လောကမှတဆင့် အခြေအနေပေးတဲ့ စာဖတ်ဝိုင်းလေးတွေဘက်ကို ခြေဦးလှည့်ဖြစ်လာတယ်။ ညီမရွှေစင်နဲ့ ညီမမြသွေးတို့က ကျမကို အစကနေဦးထဲက ၀တ္ထုတို ၀တ္ထုရှည်ရေးဘို့ မကြာခဏဆိုသလို တိုက်တွန်းခဲ့ဘူးတယ်။ ပင်ကိုယ်ပါရမီဓာတ်ခံ အားနည်းတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့တာကြောင့် မရေးဖြစ်ခဲ့ပေမယ့် သူတို့လေးတွေရဲ့ အားတက်သရော် အားပေးမှုလေးတွေအတွက် အမြဲကျေးဇူးတင်နေမိတယ်။ စိတ်ကူး အတွေးလေးတွေထဲမှာ မျောပါရင်း ဇာတ်လမ်းတစ်ပုဒ် ဖန်တီးနိုင်တဲ့ ဉာဏ်အရည်အသွေး ရဘို့ကြိုးစားဘို့ အချိန်ကာလတစ်ခု လိုသေးတာကြောင့် ဘ၀ဖြစ်စဉ်လေးတွေကို မှတ်တိုင်လေးများအဖြစ် ရေးတင်ရင်းစာဖတ်သူတို့ရဲ့ အားပေးမှုကိုခံယူခဲ့တယ်။
တစ်ခါက ကျမမှာ ညီအစ်မလို ချစ်ခင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက် ရှိခဲ့ဘူးတယ်။ ကျမထက် စီနီယာဖြစ်ပေမယ့် ယူတဲ့ဘာသာရပ်က ချည်/ထည်ဘာသာရပ်။ ဘာသာရပ်ခြင်း တူပြီး စွပ်ကျယ်အင်းစိန် စက်ရုံမှာ အတူတကွ တာဝန်ကျခဲ့ဘူးတော့ ညီအစ်မလို ရင်းနှီးခင်မင်ကြတယ်။ ကျမကတော့ အဖျားဆွတ်ပြီး ‘မမအေး’လို့ သူ့ကိုခေါ်ခဲ့တယ်။ ဂျပန်နိုင်ငံ နည်းပညာရှင်တွေအကြားမှာ လုပ်ငန်းနဲ့ ပတ်သက်လာရင် အမြဲတန်းသွက်လက်ချက်ခြာ ထက်မြက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သူ အစ်မတစ်ယောက်။ ကျောင်းပြီးခါစ ကျမအနေနဲ့ သူ့ဆီကနေ ပညာတွေ အများကြီး ဆည်းပူးခွင့်ရခဲ့တယ်။ အခုတော့အဆက်အသွယ် မရတစ်ချက် ရတစ်ချက်နဲ့ မဆုံတာကြာခဲ့ပြီ။ သူ့ခင်ပွန်းက စက်မှုဘာသာရပ်နဲ့ အင်ဂျင်နီယာဘွဲ့ယူခဲ့တဲ့ နာမည်ရ စာရေးဆရာတစ်ယောက်ပါ။ သူရေးတဲ့ ကဗျာအတော်များများ ကျမစုဆောင်းခဲ့ဘူးသလို သူ့ကဗျာတွေဖတ်မိသူတိုင်း စိတ်ထဲမှာ စွဲကျန်ခဲ့လောက်အောင် ထိရှသူ တစ်ယောက်ပါ။ ‘တစ်ပင်ထဲရင်ထဲကနွယ်’ ခေါင်းစဉ်လေး ဖတ်မိတာနဲ့ စာဖတ်သူအများလဲ သိနေကြမှာပါ။ ပြောချင်တဲ့အကြောင်းက ‘မမအေး’ကပြောဘူးတယ် သူ့အမျိုးသားက ၀တ္ထုတစ်ပုဒ်ရေးတော့မယ်ဆိုရင် သူရေးသားမယ့် အကြောင်းအရာနဲ့ဆက်နွယ်တဲ့ နေရာကို အရောက်သွားပြီး ပတ်ဝန်းကျင်အပေါ် ခံစားချက်ရယူပြီးမှရေးတာ’တဲ့။ စာအုပ်တစ်အုပ် ထိထိရောက်ရောက် ဖြစ်လာရခြင်းရဲ့ အကြောင်းအရေးတစ်ခုပါ ကိုယ်ရောစိတ်ပါ ကိုယ်ရေးမည့် အကြောင်းအရာထဲက နစ်ဝင်စီးမြောပြီးမှ ရလာတဲ့ ရလာဒ် မကောင်းဘယ်မှာ ရှိမှာလဲ။ တစ်ချို့သော စာရေးဆရာတွေ အတော်လေးစား အားကျဘို့ကောင်းတယ်။ ကျမဖတ်ဘူးခဲ့တဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်’ ဆိုတဲ့ဝတ္ထုဆိုရင် နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပေမယ့် ခေါင်းထဲမှာ သံမှိုရိုက်ထားသလို စွဲကျန်နေဆဲပါ။ အခုတော့ ‘နတ်စီတဲ့အိပ်မက်ဆိုတာ’ ကနေ ဘလော့ဘက်ကို တစ်ကျော့်ပြန်လည်လို့ ယွန်းခဲ့သလို ဘလော့ကနေ ‘ပုံနှိပ်လောကလေးကို’ ဆက်ယွန်းဘို့ အခွင့်အရေးလေးကို မမှီသေးတဲ့ ဉာဏ်ရည်လေး သွေးရင်း ကြိုးစားကြည့်ချင်ပြန်တယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz