x

9.6.15

မယုံပေမယ့် ကြုံခဲ့ဘူးတယ် - ၁


နောက်တစ်နေ့ အစည်းအဝေးမှာ အထွေထွေမန်နေဂျာကို တင်ပြစရာရှိတဲ့ အုပ်ချုပ်မှုဆိုင်ရာ စာရင်းဇယားတွေကို ကျမလက်စ သပ်နေရတဲ့အတွက် အလုပ်သမားတွေ အလုပ်ဆင်းချိန် ရုံးအဖွဲ့များ အချိန်ပိုဆင်းချိန်တွေသာ လွန်မြောက်လို့သွားကာ ကျမတစ်ယောက်သာ ပေ၅၀xပေ၄၀ ရုံးခန်းကျယ်ကြီးထဲမှာ ကျန်ရစ်ခဲ့တယ်။ အလုပ်ခန်းနဲ့ အတော်အသင့် အလှမ်းဝေးတဲ့ ဂိတ်မှာတော့ စက်ရုံလုံခြုံရေး ၃-ဦးရှိပြီး စက်ရုံဝန်းအတွင်း တစ်ဦးတစ်ယောက်မျှမရှိ။ အလုပ်ထဲမှာ စိတ်နှစ်ထားတာကြောင့်လဲ တိတ်ဆိတ်လွန်းတဲ့ ပတ်ဝန်းကျင်ကို သတိမပြုမိသလို သတိရလို့ စားပွဲတင်နာရီကို လှမ်းကြည့်လိုက်တော့ ည ၉နာရီထိုးဘို့ ၅-မိနစ်လောက်သာလိုတော့တယ်။ ပြီးစီးသွားတဲ့ ဖိုင်တွေကို နောက်တစ်ကြိမ် ပြန်စီစစ်ပြီးရင် ပြန်တော့မယ်လို့တွေးရင်း ရေအိမ်သာ ရှိရာဘက်ကို လျှောက်လာခဲ့ပါတယ်။ စက်ရုံ အလုပ်သမားများအတွက် ရေအိမ်သာ ၂၆-လုံးကို အလုပ်ရုံရဲ့ အပြင်ဘက်မှာ တည်ဆောက်ထားပေးပေမယ့် ရုံးအဖွဲ့အတွက်ကိုတော့ ရုံးခန်းအပြင်ဘက် အလုပ်ရုံဝန်း အတွင်းမှာပဲ ဆောက်ပေးထားတာကြောင့် ရုံးခန်းကနေ အေးအေးဆေးဆေးသွားရင် ၁-မိနစ်ခန့်ကြာသာ သွားရပါတယ်။ ရုံးခန်းတံခါးကနေ ထွက်လိုက်တာနဲ့ ဘယ်ဘက်ရှိ စင်္ကြံသဖွယ်လမ်းလေးအတိုင်း လျှောက်သွားကာ ရေအိမ်သာ မရောက်မီ အောက်ဘက်ကို လှေခါးထစ် သုံးထစ်လောက်ဆင်းကာ ဘယ်ဘက်ကိုကွေ့လိုက်တာနဲ့ ထုပ်ပိုးဌာနသုံးပစ္စည်း စတိုခန်းနဲ့ မျက်နှာခြင်းဆိုင်မှာ ရုံးသုံး ရေအိမ်သာတည်ရှိပါတယ်။ အလုပ်ထဲမှာ ဇောကပ်နေတဲ့ကျမ နာရီပေါင်းများစွာ နေရာကနေ မထဖြစ်ခဲ့ဘဲ ပြန်ခါနီးမှ သတိရတာကြောင့် အညောင်းလဲပြေ သဘောမျိုးနဲ့သွားခြင်းပင်။ ရုံးခန်းတံခါးကနေထွက်ပြီး အပြင်စင်္ကြံဘက်ကို လှည့်လိုက်ချိန်မှာ လှေခါးထစ်သုံးထစ်ကို ဆင်းသွားပြီး ရေအိမ်သာဘက်ကို ချိုးကွေ့သွားတဲ့ ဆံပင်တိုတို ရုံးဝန်ထမ်းတစ်ဦးကို လှစ်ခနဲမြင်လိုက်တော့ စိတ်ထဲမှာ ‘အော် သူလဲအခုထိ မပြန်သေးဘဲ အလုပ်လုပ်နေတာပါလား’ လို့ တွေးခါ ရေအိမ်သာဘက်ကို ဆက်လျှောက်ခဲ့တယ်။ ရုံးအဖွဲ့အသုံးပြုဘို့ရာ ရေအိမ်သာက ၂-လုံးရှိပြီး ဘယ်အခန်းကို ၀န်ထမ်းဝင်သွားပါလိမ့်လို့ စဉ်းစားမိတာနဲ့ တံခါးစေ့ထားတဲ့ ၂-ခန်းစလုံးကို တစ်လုံးစီ ခေါက်ကြည့်ရာ အထဲကပြန်ထူးသံ မကြားလို့ စေ့ထားတဲ့ တံခါးကိုဖွင့်လိုက်တော့ ၂-ခန်းစလုံး ဘယ်သူမှ မရှိတာကို မြင်လိုက်ရတဲ့ တခဏ ကြက်သီးမွှေးညှင်း ဖြန်းကနဲထသွားသလို ချက်ခြင်းအပြင်ဘက်ကို ပြန်ထွက်ပြီး စတိုခန်းကိုစစ်လိုက်တော့ ပုံမှန်အတိုင်း သော့ခပ်ထားတာ မြင်ရတယ်။ အလုပ်ဌာနထဲကို မျက်လုံးဝေ့ကြည့်ရင်း အကဲခတ်လိုက်ပြန်တော့ ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်။ မသိစိတ်ကအလိုလိုခြောက်ခြားသွားကာ ‘မတော်တဆများ ငါ့ရဲ့အသိစိတ် လွင့်သွားခဲ့ရင်’ ဆိုတဲ့ အသိစိတ်လေးဝင်လာပြီး ပါးစပ်ကနေ ကိုယ့်ကိုယ်ကို သရဏဂုံတင်မိသလို ပတ်ဝန်းကျင်ရှိ သဗ္ဗေသတ္တာ ဝေနေယျာအပေါင်း သာဓုခေါ်နိုင်ပြီး ကျွတ်လွတ်စေဘို့ရာ ကိုယ်ပြုခဲ့သမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကို အမျှပေးဝေမိတယ်။

ရုံးခန်းရှိရာကို ခပ်သွက်သွက်ပြန်လာပြီး ကျမစားပွဲကိုရောက်တာနဲ့ ပြန်ဘို့ရာ ပစ္စည်းတွေ သိမ်းဆည်းနေချိန်မှာ စက်ရုံရဲ့ ဌာနအလိုက်ထုတ်ကုန်နဲ့ ငွေရေးကြေးရေးဆိုင်ရာ အသုံးပြုတဲ့ အလျား ၂ပေကျော်ရှိတဲ့ ပရင်တာစက်ကြီး ဘုံမဆင့်ဆိုင်းမဆင့် တဂျုန်းဂျုန်းနဲ့ထလည်ပါတော့တယ်။ လျှပ်စစ်ပိုင်း ရှော့ခ်ဖြစ်တာနေမယ်လို့ ဇွတ်အတင်းစိတ်ကို ဖြေရင်း လုံခြုံရေးဌာနကို ဖုန်းနဲ့လှမ်းအကြောင်းကြားတော့ လုံခြုံရေးခေါင်းဆောင် အပြေးအလွှားလေး ရောက်လာပြီး ‘အန်တီ ဘာဖြစ်လို့လဲ’ လို့မေးတယ် ‘ဒီစက်က အလိုလို ထလည်နေလို့ ပါဝါလိုင်းများ ရှော့ခ်ရှိနေလားမသိဘူး’ လို့ပြောလဲပြော စက်ရဲ့ပါဝါ ခလုတ်တွေကို စစ်လဲစစ် လုပ်မိတယ်။ ခလုတ်တွေအားလုံး ပိတ်ထားတာကို မြင်ရပြန်တယ်။ လုံခြုံရေးခေါင်းဆောင်ကို လှည့်ကြည့်ရင်း ‘ကျမရဲ့အလုပ်တွေလဲ အားလုံးပြီးနေပါပြီ ရုံးခန်းသော့ခတ်ဘို့ ကျမကိုခဏစောင့်ပေးပါ’ လို့ပြောကာ သိမ်းလက်စ စာရွက်စာတမ်းတွေသိမ်းလိုက်ပြီး ဘေးလွယ်ပိုက်ဆံအိတ်နဲ့ ထမင်းချိုင့်ထည့်တဲ့ ခြင်းလေးကိုဆွဲကိုင်ကာ ရုံးခန်းအပြင်ထွက်လိုက်ပြီး လုံခြုံရေးခေါင်းဆောင်ကို ရုံးခန်းသော့ ခတ်စေတယ်။ အိမ်အပြန်လမ်းခရီးမှာ ပေါ်လာတဲ့ဆန္ဒလေးကတော့ အလုပ်ပါးချိန်ရွေးပြီး စက်ရုံမှာအလှူအတန်းလေး တစ်ခုလောက်လုပ်ကာ မိမိပတ်ဝန်းကျင်မှာ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ်အားလုံးကို အမျှဝေပေးခြင်တဲ့ စိတ်ကလေးဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz