x

10.7.15

မျှော်လင့်မိတဲ့ ရက်တစ်ရက်


အရာရာဟာ အနတ္တသဘောမို့ ကိစ္စအတော်များများရဲ့ လွဲချော်မှုတွေ ကြုံတွေ့ရတိုင်း ‘ယောနိသော မနသိကာရ’ကို နှလုံးသွင်းခဲ့ပေမယ့် မသိစိတ်ကတော့ တိတ်တခိုးမျှော်လင့်ခဲ့တဲ့ ရက်လေးတစ်ရက် ရှိခဲ့ဘူးတယ်။ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပြီမို့ ကျမ၀မ်းသာကျေနပ် ပီတိတွေဝေခဲ့ရတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ရည်ရွယ်ချက် ကြီးမားလွန်းတဲ့ အဖေတူ သားငယ်နဲ့ တွေ့ကြုံလာတဲ့ အပေါ်မှာသာ အေးအေးဆေးဆေး ကျော်ဖြတ်တတ်တဲ့ အမေတူ သားကြီးတို့ရဲ့ မတူကွဲပြားတဲ့ ခံယူချက်ကိုယ်စီ။ မည်သို့ဆိုစေကာမူ ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်း အပေါ်မှာအမြဲတန်း အချင်းချင်းညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်တဲ့ ညီအစ်ကိုမို့ မိခင်တစ်ယောက် ဖြစ်တဲ့ ကျမအဘို့ သူတို့အပေါ် အပြည့်အ၀နားလည်မှုပေးခဲ့တယ်။ ဖခင်ရဲ့အလျဉ်းသင့်ရင် သင့်သလို ဆုံးမသြ၀ါဒ ပေးတာကလွဲပြီး သားနှစ်ယောက်အပေါ် ကိုယ်ပိုင်ဆုံးဖြတ် လုပ်ကိုင်ခွင့်ပေးထားခဲ့တယ်။
၈-၇-၂၀၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့ည ၇နာရီမှာ ကျမ သားငယ်နဲ့အတူ University Cultural Centre ကို ရောက်ခဲ့တယ်။ ခန်းမထဲအ၀င် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်တော့ တက်ကြွလန်းဆန်းနေတဲ့ ဘွဲ့တက်ယူမည့် သူတို့လေးတွေရဲ့ လှုပ်ရှားနေမှု ပုံရိပ်များ၊ အပြုံးကိုယ်စီ ရင်မှာပိုက်ရင်း ကြည်နူးပီတိ ဖြစ်နေကြတဲ့ ဘွဲ့ယူသူတို့ရဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများနဲ့ အ၀င်ခန်းမကြီး တခန်းလုံး ပြည့်လျှံလို့နေတာကို မြင်ရပါတယ်။ ကျမလည်း အခြားသူများလို သားငယ်နဲ့အတူ အမှတ်တရ ခြေရာကျန်စေရန်အတွက် မှတ်တမ်းပုံလေးတွေ ရိုက်ဖြစ်ခဲ့တယ်။ ဒီလိုပွဲမျိုးတက်ရောက်ခွင့်ရခဲ့လို့ သာမာန်ခံစားချက်ထက်ကို ပိုလို့ ၀မ်းသာပျော်ရွှင်မှုနဲ့အတူ ကျေနပ်မိတယ်။ စင်္ကာပူလိုနိုင်ငံမျိုး NUS ကျောင်းမှာ အင်ဂျင်နီယာဘွဲ့ တစ်ခုရယူဘို့ဆိုတာ ငွေအားပံ့ပိုးမှုနဲ့တင် မလုံလောက်ပဲ အဓိကအားဖြင့် ကာယကံရှင်ရဲ့ လိုလိုလားလား ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ သားနှစ်ယောက် စင်္ကာပူနိုင်ငံမှာ ပညာသင်ခွင့်ရဘို့ အခြေအနေ ဖန်လာစ ကနဦးထဲက ကျမ ကျောင်းစရိတ်တစ်ခုသာ တာဝန်ယူခဲ့ပြီး နေထိုင် စားသောက်ရေးနဲ့ အခြားအသုံးစရိတ် မှန်သမျှအားလုံးကို သူတို့ကိုယ်တိုင် Part time လုပ်ကိုင်ပြီး ငွေရှာခဲ့ကြရပါတယ်။ ငွေရဘို့ ဘယ်လောက်ထိ ပင်ပင်ပန်းပန်းလုပ်ရတယ်ဆိုတာ ကြုံဘူးသူတိုင်း သဘောပေါက်မှာပါ။









မြန်မာပြည်ကို သားတို့အလည်ပြန်လာတဲ့အခါ ကြားရတဲ့စကားလေးတွေ သတိယနေပါသေးတယ်။ သားကြီးရဲ့ ‘အလုပ်ပြီးချိန်က အရမ်းနောက်ကျတော့ MRTက မရှိတော့ဘူး၊ ဘတ်စ်ကားနဲ့ပြန်တာ ဘတ်စ်ကားပေါ် အိပ်ပျော်သွားလို့ အိပ်ယာနိုးတော့ အလုပ်နေရာကို ပြန်ရောက်နေပြီး MRTလဲ ထွက်နေပြီမို MRT စီးပြီးအိမ်ပြန်ရတယ်’ သားငယ်ကျပြန်တော့ ‘သတိထားနေတဲ့ကြားက ဆီပူက ခဏခဏလောင်တယ်၊ ဒီမှာမြင်လား မေကြီး’ ဆိုပြီး သူ့လက်ကို ပြတယ်။ အစပိုင်းမှာတော့ သူတို့ဖေဖေက စိတ်မကောင်းဖြစ်ပြီး ‘မိန်းမရယ် သားတွေဒီလောက် အပင်ပန်း အဆင်းရဲခံနေရတာ ဒီမှာပဲ အေးအေးချမ်းချမ်း အလုပ်လုပ်ပါစေ ပြန်ခေါ်လိုက်ပါလား’လို့ ပြောခဲ့ပေမယ့် ကျမခေါင်းမာခဲ့တယ်။ လတ်တလော အခက်အခဲကို သူတို့လေးတွေ ကျော်ဖြတ်နိုင်မှ နောင်အချိန် ကြုံတွေ့လာရမယ့် အခက်အခဲ များစွာကိုပါ ဖြေရှင်းနိုင်မယ်လို့ ကျမတွေးခဲ့တယ်။ မိခင်တစ်ဦးအနေနဲ့ သားတို့အပေါ် အနာဂါတ်မှာ မပူမပင် မကြောင့်မကျ အေးအေးချမ်းချမ်း နေထိုင်စေချင်တဲ့ ရိုးစင်းတဲ့ အတွေးတစ်ခု သန္ဓေတည်ခဲ့လို့ပါ။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz