x

24.7.15

ကံကြမ္မာ၏ ရုပ်ပုံလွှာများ



လွန်ခဲ့တဲ့ရက်က ညီမလေးရဲ့အိမ်မှာ အတူနေ တူမလေးက တရားပွဲကပြန်လာတော့ ကျမဖတ်ဘို့ဆိုပြီး တရားစာအုပ်တစ်အုပ်ကို ဓမ္မဒါနလုပ်တယ်။ အဲ့ဒီနေ့က ဖေ့ဘုတ်မှာတော့ စာပိုဒ်တစ်ပိုဒ်ကို ကောက်နှုတ်ပြီး ရွေးတင်ခဲ့တယ်။ စာအုပ်ကိုအစကနေ အဆုံးဖတ်ပြီးတဲ့အချိန်မှာ ပို့စ်တစ်ပုဒ်အဖြစ် တင်ဘို့ရာ အကြောင်းဖန်လာတယ်။ တဆက်တည်း တစ်ချိန်က ဖေ့ဘုတ်ထက် ဘလော့ရွာကြီးထဲမှာ ကျင်လည်ကျက်စား ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ပြန်လည်လို့သတိယမိပြန်တယ်။ ဘာသာရေးဆိုင်ရာ ဓမ္မရပ်ဝန်းမှာ မကြာခဏဖတ်ခွင့်ရခဲ့တဲ့ ကံကြမ္မာအကြောင်းတွေ ဆရာတော်ကြီးများရဲ့ ဆုံးမသြ၀ါဒများ တရားဓမ္မအမွေများ၊ ဓမ္မစာပေတွေဟာ ဘလော့လေးတွေအဖြစ် ရှင်သန်နေမှုကြောင့် ကိုယ်ဖတ်ချင်တဲ့ ပို့စ်တွေကို အချိန်မရွေးသွားရောက်ဖတ်ခဲ့တဲ့ အချိန်လေးတွေကို ပြန်တွေးမိတယ်။ အခုချိန်မှာ အလည်သွားတိုင်း ပို့စ်သစ်လေးတွေ အတက်နည်းတာကြောင့်လဲ တခါတရံ ဖေ့ဘုတ်မှာ အချိန်မပေးတော့ပဲ ဘလော့က ပို့စ်ဟောင်းလေးတွေ ပြန်ဖတ်ရင်း အချိန်ကိုကုန်လွန်စေမိတယ်။
သံသရာဝဲဂယက်မှာ တ၀ဲလည်လည် ကျင်လည်နေရတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အတိတ်ဘ၀တွေမှာ မိမိရဲ့ ကောင်းမှု မကောင်းမှုလုပ်ဆောင်ချက်များအပေါ် မူတည်ပြီး လက်ရှိဘ၀မှာ ကောင်းကံ မကောင်းကံ ကောင်းမွေ ဆိုးမွေတို့ကို တကျော့ပြန်ပြီး ခံယူနေကြရခြင်းဖြစ်တယ်ဆိုတာ ဥပက္ခောပြုလို့မရပါ။ ရုပ်ရည်ရူပကာယ ကွဲလွဲချက်များဟာလည်း အလားတူ မိမိလုပ်ခဲ့သမျှသော ကုသိုလ်ကံ အကုသိုလ်က အစရှိတဲ့ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့ လူအဖြစ်ကို ပုံစံအမျိုးမျိုး အသွင်ဆောင်ရင်း ဖြစ်လာကြရပြန်ပါတယ်။ ဘ၀ကို ရ,ထားသူ ပုဂ္ဂိုလ်တိုင်းဟာ ကံကြမ္မာရဲ့ ရုပ်ပုံလွှာတွေကို ကံကြမ္မာပန်းချီဆရာဆွဲတဲ့ ရုပ်ပုံလွှာများအတိုင်း လက်ခံထားကြရပါတယ်။ မြတ်စွာဘုရားလက်ထက်တော် အခါကာလတုန်းက ပသေနဒီ ကောသလမင်းကြီးရဲ့ မိဖုရားတစ်ဦးဖြစ်ခဲ့သူ ‘မလ္လိကာဒေ၀ီ’ဟာ ရုပ်ဆိုးပေမယ့် ဉာဏ်ကောင်းသလို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ချိုတယ်၊ ၀တ္တရားကျေပြွန်ပြီး အပြုအစုကောင်းတဲ့အတွက် ဘုရင်ကြီးက သူ့ကိုသဘောကျတယ်၊ မလ္လိကာမိဖုရားက ကောသလမင်းကြီးရဲ့ ဒုက္ခကို ကယ်ခဲ့တယ်။
ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်မက်ခဲ့တဲ့ ကောသလမင်းကြီးဟာ ပုဏ္ဏားတွေရဲ့ ‘ယဇ် ပူဇော်ပြီး ယတြာချေရင် ယတြာကျေပြီး အန္တရာယ်က လွတ်နိုင်တယ်’ ဆိုတဲ့အပြောကို နားယောင်ကာ လုပ်ဆောင်ဘို့ အမိန့်ပေးခဲ့ရာ၊ မလ္လိကာမိဖုရားက ‘အရှင်မင်းကြီး၊ အိပ်မက်မက်တာကို ဘုရားကို မေးကြည့်ပါလား’ လို့ဆိုခဲ့မှ ဘုရင်ကြီးက ဘုရားကိုမေးခဲ့တယ်။ ဘုရားက ‘ဒီ အိပ်မက်က သင့်အတွက် ဆိုးကျိုး ကောင်းကျိုး ဘာမှမပေးပါဘူး၊ နောင်ဖြစ်မယ့် ပုဗ္ဗနိမိတ်အနေနဲ့ မက်တာပါ’လို့ မိန့်မှာမှ ယဇ်ပွဲကြီးကို ဖျက်လိုက်တယ်၊ ဉာဏ်ထက်မြက်တဲ့ မလ္လိကာရဲ့ ကျေးဇူးကြောင့် ဘုရင်ကြီးဟာ အမှား အမှန်ကို ခွဲခြားသိခွင့်ရခဲ့တယ်။
ကံကြမ္မာရဲ့ ရုပ်ပုံလွှာများနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတစ်ခုကို မလ္လိကာမိဖုရားက မြတ်စွာဘုရားကို မေးခဲ့တယ်-
‘အရှင်ဘုရား၊ တစ်ချို့ အမျိုးသမီးတွေဟာ ရုပ် အင်မတန်ဆိုးတယ်၊ အရုပ်ဆိုး အကျည်းတန်ရုံ မကဘူး စားစရာသောက်စရာ ကိုယ်ပိုင်ဥစ္စာ မရှိလောက်အောင် မွဲတေနေပြန်တယ်၊ အရှိန်အ၀ါလဲ ဘာတစ်ခုမှ မရှိဘူး၊ အရှိန်အ၀ါ သေးသိမ်တယ်’
‘အရှင်ဘုရား၊ တစ်ချို့ အမျိုးသမီးတွေကတော့ ရုပ်ဆိုးပေမယ့် ချမ်းသာတယ်၊ အရှိန်အ၀ါတွေလဲ ရှိတယ်’
‘နောက်တချို့ အမျိုးသမီးတွေကတော့ ရုပ်ကတော့လှပါရဲ့၊ ပစ္စည်းဥစ္စာကမွဲတေပြီး အရှိန်အ၀ါမရှိတဲ့ တတိယအမျိုးသမီးလဲရှိတယ်’
‘စတုတ္ထ အမျိုးသမီးကတော့ ရုပ်လည်းလှတယ်၊ ပစ္စည်းဥစ္စာလည်း ပေါများတယ်၊ အရှိန်အ၀ါလည်း ရှိပြန်တယ်’၊ ‘အဘယ်ကြောင့် အဲဒီလို ကွဲပြားခြားနေရတာပါလဲ ဘုရား’ လို့ လျှောက်တင်ရာ-
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက-
‘လွန်ခဲ့တဲ့ ဘ၀များစွာမှာ-
နံပါတ်(၁) အမျိုးသမီးဟာ ထစ်ကနဲရှိ ဒေါသထွက်တယ်၊ စိတ်တိုတယ်၊ ဘာလေးပြောပြော မခံနိုင်ဘူး၊ ကက်ကက်လန် ရန်တွေ့တယ်၊ ထစ်ကနဲရှိ ဒေါသဖြစ်တယ်၊ ဒေါသဖြစ်ပြီး အတော်နဲ့လည်း မကျေချင်ဘူး၊ ရန်ဖြစ်တယ်၊ ဒေါသကြီးတယ်၊ ဘယ်သူ့ကိုမှ ထမင်းခဲဘွယ် စတဲ့ လှူစရာ တန်းစရာတွေကို ပေးတာကျွေးတာလည်း မလုပ်ခဲ့ဘူး၊ သူတစ်ပါးတွေ ကြီးပွားနေတာကို မနာလိုစိတ် ဖြစ်တယ်၊ အဲဒီ အကုသိုလ်ကံတွေ သူ့သန္တာန်မှာ ဖြစ်ခဲ့တဲ့အတွက် လူ့ဘ၀ရောက်လာတဲ့အခါ အဲဒီ ကံကြမ္မာပန်းချီဆရာက ရုပ်ပုံခြယ်လိုက်တဲ့အခါမှာ မ,ရုပ်ဆိုးပုံ ပေါ်လာတယ်။ မွဲတေပြီး ဂုဏ်သရေမရှိပြန်။ ဒါဟာ ကံကြမ္မာရဲ့ရုပ်ပုံလွှာပဲ။
နံပါတ်(၂) အမျိုးသမီးက စိတ်တိုစိတ်ဆပ်တယ်၊ သို့ပေမယ့် ပေးကမ်းလှူတန်းတာကြောင့် ဖြစ်လေရာ ဘ၀တွေမှာ အရုပ်ဆိုး အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ လူတကာက လေးစားလောက်တဲ့ အရှိန်အ၀ါ ရှိနေတယ်။
နံပါတ်(၃) အမျိုးသမီးကတော့ စိတ်မဆိုးတတ်ဘူး၊ အရာရာမှာ သည်းခံတယ်၊ ပြုံးပြုံးပဲနေတယ်၊ ဒေါသတွေ စိတ်ထဲမထားဘူး၊ အမှတ်မထားဘူး၊ အတော်နဲ့စိတ်မဆိုးတတ်ဘူး ဒါပေမယ့် အလှူအတန်း မလုပ်ဘူး၊ ‘ဣဿာ မစ္ဆရိယ’ ရှိတယ်။ အဲ့ဒီအမျိုးသမီးဟာ ဖြစ်လေရာဘ၀များမှာ ရုပ်ရည်ချောမောပေမယ့် အလှူအတန်းမရှိခဲ့လို့ ဆင်းရဲမွဲတေသူဖြစ်နေတယ်။
နံပါတ်(၄) အမျိုးသမီးကျတော့ စိတ်လဲမဆိုးတတ်သလို သည်းခံစိတ်လည်းရှိတယ်၊ အလှူအတန်း ၀ါသနာပါပြီး ဘယ်သူ့ကိုမှ ဣဿာ မနာလိုတဲ့စိတ်တွေ မဖြစ်ဘူး၊ အဲဒီအမျိုးသမီးက ရုပ်ချော ဥစ္စာပေါပြီး ဂုဏ်သရေရှိတဲ့ အမျိုးသမီးဖြစ်လာတယ်။ ဒါက ကံကြမ္မာက ပေးလိုက်တဲ့ ရုပ်ပုံလွှာတွေပါ။ ကံကြမ္မာ၊ လူ့စိတ်ရဲ့ အမှတ်သညာတို့ဆိုတာ အန်မတန်မှ ထူးဆန်းသလို စွမ်းအားကြီးမားတဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် ကံကြမ္မာက ဖန်တီးထားတဲ့ ရုပ်ပုံလွှာတွေကို လူတိုင်းရနေကြတာဖြစ်တယ်’ လို့ မြတ်စွာဘုရား ကိုယ်တော်မြတ်က ဖြေဆိုခဲ့တယ်။ ‘မလ္လိကာသုတ်’ ဆိုတာ အင်္ဂုတ္တရမှာရှိပါတယ်။
အမျိုးသမီး မလ္လိကာမိဖုရားက မေးခဲ့တဲ့မေးခွန်းမို့ အမျိုးသမီးများကို ဟောတာဆိုပေမယ့် အမျိုးသားတွေနဲ့ပါ သက်ဆိုင်တယ်ဆိုတာ မှတ်သားသင့်တယ်။
မြတ်စွာဘုရားရဲ့ အဖြေကိုသိပြီးတဲ့နောက် ရုပ်ဆိုးတဲ့ မလ္လိကာမိဖုရား လက်ရှိဘ၀မှာ စိတ်မတို ဒေါသမထွက်တတ်အောင် ဆင်ခြင်သွားခဲ့တယ်။ ဒီပို့စ်လေးကို ဖတ်မိသူတို့လည်း သိပြီဆိုတော့ ဆင်ခြင်သင့်တာလေးတွေကို ဆင်ခြင်နိုင်ပြီပေါ့နော်။
အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူတဲ့ ‘ကံကြမ္မာ၏ ရုပ်ပုံလွှာများ’ တရားတော်ကနေ တစ်ချို့တစ်ဝက်ကို ကောက်နှုတ်ပြီး ပို့စ်တခုအဖြစ် တင်ခွင့်ရလို့ ဓမ္မာဒါနလုပ်ခဲ့တဲ့ လွင်လွင်မိုးကိုကျေးဇူးတင်ပါတယ်လို့။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz