x

9.9.15

သူ့ခေတ် သူ့အတွေး


ဒီပို့စ်လေးကို အစပျိုး ရေးခဲ့တာကြာပေါ့။ ရန်ကုန်ပြန်ရောက်ရင် ပြန်စီစစ်ပြီး လိုတာလေးတွေကို ပြင်ပြီးတာနဲ့ တင်မယ်လို့ စိတ်ကူးခဲ့တာ၊ ရန်ကုန်ပြန်ရောက်တဲ့နေ့မှာပဲ လာကြိုတဲ့သားကြီးက ခရီးရောက်မဆိုက် သူ့ရဲ့လက်ပ်တော့ပ် ပျက်သွားလို့ မေကြီးလက်တော့ပ် ခဏသုံးချင်တယ်လို့ ဆိုလာတော့လည်း အဖြည့်ခံ မိခင်တို့ဘ၀မို့ လက်လွှဲပေးခဲ့တယ်။ သူ့ခဏက ရက်တော်တော်ကြာသွားပြီး တစ်နေ့ကမှ ပြန်ရခဲ့တယ်။ လက်ထဲကို လက်ပ်တော့ပြန်ရောက်လာပေမယ့် လူမှုရေးတွေနဲ့ ချာချာလည်နေပြန်တာကြောင့် ဒီကနေ့မှပဲ အွန်လိုင်းကို ဆိုက်ဆိုက်မြိုက်မြိုက် တက်ဖြစ်တော့တယ်။ ဒီကြားကာလထဲမှာ ဖုန်းလေးနဲ့ သုံးနေရတာမို့ ဘလော့တွေမလည်နိုင်ခဲ့သလို မွေးနေ့ဆုတောင်းတွေကို အဆင်ပြေရင် ပြေသလိုသာ နှုတ်ဆက်ခဲ့ရတယ်။ သတိထားနေတဲ့ကြားကနေ နှုတ်မဆက်မိလို့ လွတ်သွားတဲ့ မွေးနေ့ရှင်တွေလည်း ရှိခဲ့တယ်။ ကျမရေးခဲ့တဲ့ပို့စ်လေးက-
ရက်တစ်ရက်မှာ သားငယ်အလုပ်သွားခါနီး-
‘မေကြီး ဒီကနေ့ အလုပ်ကိုခဏ၀င်ပြီးရင် အလုပ်သစ် အင်တာဗျူးကို ၁၀နာရီအရောက်သွားရမယ်။ ထုံးစံအတိုင်း ညနေ ၆နာရီကျော်မှပြန်ရောက်မယ်နော်’ ရှူးဖိနပ်ကြိုးကို ချည်နှောင်ရင်း ကျမကိုပြောလာတဲ့အတွက် ကျမက ‘ဟုတ်ပါပြီ အစစအရာရာ ဂရုစိုက်အုံးနော်’ လို့ မှာနေကျ စကားအတိုင်း မှာအပြီး သားငယ်ကနားကြပ်ကို နားမှာချိတ်လိုက်ကာ ရုံးအိတ်ဆွဲပြီး ထွက်သွားပါတယ်။ သားငယ်ရဲ့ နောက်ကျောပြင်ကို ငေးမောကြည့်ရင်း လွန်ခဲ့တဲ့တစ်နှစ်ကျော် အလုပ်ပိတ်ရက်နဲ့ တစ်ဆက်တည်းခွင့်၂-ရက်ယူကာ မြန်မာပြည်ကို အလည်တစ်ခေါက်ပြန်ရောက် လာစဉ်အခါက သားငယ် ပြောခဲ့တဲ့စကားကို ပြန်လည်လို့ ကြားယောင်နေမိပြန်တယ်။
‘မေကြီး သား အခုလုပ်နေတဲ့အလုပ်က ၆-နှစ်ကျော်တောင်ရှိပြီ အလုပ်ထဲမှာလည်း အဆင်ပြေပေမယ့် ရှေ့တက်လမ်းတော့ သိတ်မမြင်မိဘူး၊ လစာ ရာထူးကအစ သူဌေးက တိုးပေးချင်ပေမယ့် ကုမ္ပဏီရဲ့ အခြေအနေကြောင့် တိုးပေးဘို့အဆင်မပြေဘူး ကုမ္ပဏီမှာရှိနေတဲ့ လူတွေကိုတောင် တဖြည်းဖြည်း လျှော့ချနေတယ်’
‘ဒီလိုဆိုရင် သားကဘာဖြစ်ချင်တာလဲ’ ကျမရဲ့အမေးကို-
‘အလုပ်ပြောင်းဘို့ စဉ်းစားနေတာ အခြေခိုင်မယ်လို့ ထင်ရတဲ့ ကုမ္ပဏီကြီးတစ်ခုခုကိုပေါ့’
‘ကိုယ့်တစ်ယောက်ထဲ အတွေးမဟုတ်ပဲ ကိုယ့်ထက်ပိုပြီး သိ တတ် နားလည်တဲ့သူတွေကို မေးစမ်း အကြံဉာဏ်ယူပြီးလုပ်ပေါ့သားရဲ့’ ကျမဘာပြောပြော ခွန်းတုံ့ပြန်နေကျအတိုင်း ‘ဟုတ်ကဲ့’ တစ်လုံးနဲ့ ကျမတို့သားအမိ စကားအဆုံးသတ်ခဲ့တယ်။ စကားကို လိုတာထက်အပို မပြောတတ်တဲ့ သားငယ်နဲ့ လုပ်ငန်းရှင်ပီပီ စကားကိုတစ်ဖက်သား ကျေနပ်အောင် ပြောတတ်တဲ့သားကြီး သူတို့နှစ်ဦးရဲ့ အသွင်ကွဲပြား ခြားနားတဲ့စရိုက် လက္ခဏာများရှိကြပေမယ့် တူညီတဲ့အချက်က ဘယ်လိုလုပ်ငန်းကို ဘယ်သူက စတင်လုပ်လုပ် အချင်းချင်းတိုင်ပင်ညှိနှိုင်းပြီးမှ လုပ်ကိုင်တတ်တဲ့ ညီအစ်ကိုမို့ ကျမကျေနပ်မိတယ်။
ကျမရဲ့ ဦးနှောက်ထဲဝင်လာတဲ့ အတွေးလေးတစ်ခု၊ ခေတ်ကာလကွာခြားလာတာနဲ့အမျှ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်အနေအထား အခြေအနေ ပြောင်းလဲမှုအမျိုးမျိုးက ကျမတို့ထက် သူတို့လေးတွေရဲ့ အတွေးအခေါ်ဟာ ပိုမှန်ကန်ပြီး နဖူးတွေ့ ဒူးတွေ့လုပ်ရမည့် လုပ်ငန်းအတွက်လည်း ပိုထိရောက်လိမ့်မယ်လို့ တွေးခဲ့တယ်။ မိဘတိုင်းလိုလို သားသမီးတွေအပေါ် အကောင်းဆုံးတွေ ဖြစ်စေချင်ကြတာ သဘာဝပါ။ ရေခြားမြေခြား တိုင်းတပါးကို ၂၀၀၄-ခုနှစ်မှာထွက်ခွာသွားခဲ့ပြီး ၁၀နှစ်ကျော်ကြာ ရပ်တည်ခဲ့ပြီမို့လည်း အထူးတလည် စိုးရိမ်ကြောင့်ကျနေစရာ မလိုတော့ပါ။ သားငယ်မြန်မာပြည်ကို အခွင့်သာတိုင်း ရရင်ရသလို ပြန်လာတတ်ပြီး အများအားဖြင့် ၃-ရက် အများဆုံး ၅-ရက်နေလေ့ရှိပါတယ်။ ၂၀၁၂-ခုနှစ်တုန်းကတော့ အသက် ၂၄-နှစ်ကျော်သွားပြီမို့ ပဉ္ဇင်းခံဖြစ်တာကြောင့် ၈-ရက်ကြာ မြန်မာပြည်မှာနေခဲ့တယ်။ မြန်မာပြည်ကို ၃-ရက် ပြန်လာဖြစ်တိုင်း အိမ်ရောက်တာနဲ့ အိတ်ချ ရေချိုး ထမင်းစားပြီး ကိုယ်ပိုင်အလုပ်ဖြစ်တဲ့ ဂိမ်မာမဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ရုံးခမ်းကိုသွားကာ အချိန်ကုန်စေတတ်ပြီး ညနေပိုင်း သူငယ်ချင်းများနဲ့ ဆုံဆည်းတတ်တာကြောင့် ကျမ ပြောချင်တဲ့စကားတွေကို လေယာဉ်ကွင်းကနေ ကြိုချိန်နဲ့ လေယာဉ်ကွင်းကို ပြန်ပို့ချိန် ဒီအချိန် ၂-ချိန်မှာ ပြောနိုင်စေဘို့အတွက် စကားတွေကိုကြိုတင် စီထားရတယ်။ စည်းစနစ်ကြီးတဲ့ ဖခင်ဖြစ်သူ ရန်ကုန်ရောက်ချိန်နဲ့ ဆုံနေတဲ့အခါမျိုးမှာတော့ အိမ်အတွက် အချိန်မပေးနိုင်တဲ့ သားငယ်ကို အစာကြေပုံမရ။ မိသားစုအတွက် ပေါင်းကူးတံတား တာဝန်ကို ရာသက်ပန်ယူထားရတဲ့ မိခင်တစ်ယောက် အနေနဲ့ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုသလို နှစ်ဖက်စလုံး အဆင်ပြေအောင် ရင်ကြားစေ့ စကားလုံးများ ချွေရပြန်တယ်။
ခင်ပွန်းဖြစ်သူက သားတွေအပေါ် ကျမထက်ပိုပြီး စိုးရိမ်ပူပန်တတ်သလို သံယောဇဉ်ကြီးလွန်းသူ တစ်ယောက်ပါ။ သားနှစ်ယောက်ကလည်း ဖခင်အပေါ် ချစ်ကြောက်ရိုသေကြသလို ကိစ္စကြီးငယ်တိုင်း ကျမနဲ့ အရင်တိုင်ပင်ပြီးမှ ဖခင်ကိုပြောသင့်မပြောသင့် ကျမရဲ့အကြံပေးမှုကို ယူတတ်ကြတယ်။ ပြောသင့် မပြောသင့်ဆိုတဲ့စကားမှာ ချက်ခြင်းလက်ငင်း သူတို့တွေ တိုက်ရိုက်မပြောပဲ ကျမကတဆင့် အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ပြောခြင်းကို ဆိုလိုတာပါ။ မိသားစုမှာ တစ်ဦးနဲ့တစ်ဦး အသေးအဖွဲကအစ လျှို့ဝှက်ချက်အလျဉ်း မရှိအောင် နေထိုင်ကြခြင်းဟာ စိုးရိမ်ကြောင့်ကျမှု ကင်းတယ်လို့ ကျမခံယူထားပါတယ်။ အသက် ၃၀-ကျော်သွားတဲ့ သားကြီးကိုတောင် ကလေးတစ်ယောက်လို ထင်နေတတ်တဲ့ ခင်ပွန်းကို မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ ကြုံရင်ကြုံသလို စကားလုံးတစ်လုံးစ နှစ်လုံးစပစ်သွင်းရစမြဲ။ အရွယ်ရောက်လာတဲ့ သားနှစ်ယောက် အခုချိန်မှာတော့ သူတို့ဖခင်ရဲ့ တန်ဘိုးရှိတဲ့ ဆုံးမသြ၀ါဒ စကားတွေကို နားလည်သဘောပေါက် လာကြပါပြီ။ သားကြီးကပြောဘူးတယ်၊ ‘အသက် ၂၀-နှစ်အောက် အရွယ်တုန်းကထက် အသက်၂၅-နှစ် ကျော်လာတဲ့အခါ ဖေကြီးပြောသမျှ စကားတွေဟာ တန်ဘိုးရှိတယ်ဆိုတာကို ပိုပြီးနားလည် သဘောပေါက်လာတယ်’ တဲ့။ အတွေးအမျှင်လေးတွေနဲ့ ရစ်နွယ်ထုံးရင်း အိမ်မှုကိစ္စ အ၀၀ကို လုပ်ကိုင်ပြီး သားငယ်အလုပ်က ပြန်ရောက်လာရင် စားဘို့ရာ သူကြိုက်တဲ့ တောက်တောက်ကြော်နဲ့ အမယ်စုံပါတုံယမ်းဟင်းချို ချဉ်စပ်ကိုချက်နေစဉ်မှာပဲ သားငယ်ဆီက ဖုန်းဝင်လာတယ်။
‘မေကြီး၊ ပြီးခဲ့တဲ့အင်တာဗျူးက သားကိုရွေးလိုက်ပြီတဲ့၊ လျှောက်ထားတဲ့ လစာထက်လည်း ပိုပေးတယ်။ ဒါပေမယ့် တာဝန်ယူရမည့်အလုပ်ကတော့ သားဝါသနာမပါတဲ့ တစ်ချိန်လုံး ထိုင်ပြီး တွက်ချက်နေရမည့် အလုပ်ဖြစ်နေတာရယ်၊ နောက်တစ်ချက်က အသွားအပြန်ပေါင်းရင်း တစ်နေ့ကို ၃-နာရီက လမ်းမှာပဲ အချိန်ကုန်မှာ’ စကားကို ဖြတ်တောက်ထားစဉ် ကျမက-
‘သား အဆင်ပြေသလိုလုပ်လေ အရေးကြီးတာက ကိုယ်လုပ်ရမည့်အလုပ်ကို စိတ်ဝင်းစားပြီး အဲ့ဒီအလုပ်မှာပျော်ဘို့တော့ လိုတာပေါ့ ဒါကလည်း မေကြီးတို့ အလုပ်လုပ်တုန်းက ခံယူချက်မျိုးပါ သားကိုယ်တိုင် ဆုံးဖြတ်လေ’ ကျမရဲ့အကြံပေးချက်ကို သားငယ်က-
‘ဟုတ်ကဲ့’ တစ်လုံးဖြေပြီး ဖုန်းချသွားပါတယ်။
ကျမခန့်မှန်းထင်မြင်ယူဆထားတဲ့အတိုင်း သူစိတ်ဝင်စားမှုသိတ်မရှိဘူးဆိုတဲ့ အလုပ်ကိုမလုပ်ဖြစ်ခဲ့ပဲ နောက်တစ်ကြိမ် အလုပ်သစ်တစ်ခုက အင်တာဗျူးခေါ်လာပြန်တယ်။ ဒီတစ်ခေါက်အလုပ်ကတော့ Net working ဆိုင်ရာအလုပ်ဖြစ်ပြီး သားငယ်စိတ်ဝင်စားတဲ့အလုပ်မို့ စောဒကတက်မနေတော့ပဲ အလုပ်သစ်ကို တစ်ရက်စဉ်းစားပြီး စတင်လုပ်ဖြစ်ခဲ့တယ်။ သူစိတ်ဝင်စားတဲ့အလုပ်မို့ အလုပ်နဲ့အိမ်အကွာအဝေးကို သူဂရုမပြုတော့သလို ၀င်ငွေမှာ သူမှန်းသလောက်မရတာကိုလည်း မမှုတော့ပါ။ သားငယ်ရဲ့ အနာဂါတ် မျှော်လင့်ချက်နဲ့ အကောင်အထည်ဖေါ်မည့် ရည်မှန်းချက်တွေကတော့ သူ့ဦးနှောက်ထဲမှာ အစီအရီ ပုံစံသွင်းပြီးသားလို့ ကျမထင်မိတယ်။ မိဘတိုင်းရဲ့တူညီတဲ့အတွေးကတော့ သားသမီးတွေအပေါ် ကြီးမားတဲ့ မျှော်လင့်ချက် ထားကြခြင်းပါ။ ဘယ်သို့ရှိစေ မှန်းချက်နဲ့နှမ်းထွက် ကိုက်ညီခြင်းမရှိပဲ လွဲချော်မှုတွေနဲ့ ကြုံလာတဲ့အခါ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ကိုပုံပမာနှိုင်းကာ သူတို့လေးတွေအပေါ် နားလည်မှုပေးသင့်ပါတယ်။ မိမိရဲ့ ဆန္ဒပြင်းတဲ့စိတ်ကို ရှေ့တန်းတင်ခြင်းရဲ့ ရလာဒ်ကြောင့် မိဘနဲ့သားသမီး အကြား အမြင်သွေလွဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ သားငယ်ကံကောင်းတယ်လို့ ဆိုရမယ်။ သူလုပ်ခဲ့တဲ့ ကုမ္ပဏီက ၈-နှစ်ဆက်တိုက် အလုပ်လုပ်ခဲ့တဲ့ သားငယ်ကို ၈-လစာ ဘောနက်စ်ပေးပြီး အလုပ်သစ်ကို ရှာခိုင်းခဲ့တယ်လို့ သိရတယ်။  

အပင်လေးတွေကို အညွန့်တလူလူဖြစ်စေချင်တာ ပြုစုပျိုးထောင်သူတိုင်းရဲ့ ရင်တွင်းခံစားချက်ဖြစ်သလို သားသမီးတို့ အညွန့််တလူလူဖြစ်စေချင်တာလည်း မိဘတိုင်းရဲ့ရင်တွင်းဆန္ဒပါ။ မေ့ထားလို့မရတဲ့ ကိုယ့်ရဲ့ အတိတ်ကံအပေါ် လက်ရှိဘ၀မှာ ဉာဏ်ကူကာ ဇွဲ ၀ိရိယတို့ ထပ်လောင်း ပံ့ပိုးပေးမှသာ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း မကျသည့်တိုင် အနီးစပ်ဆုံး ဖြစ်လာနိုင်ဘွယ်ရာ ရှိမယ်လို့ ကျမယူဆမိတယ်။ သားတို့လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေ တိမ်းစောင်းသွားတာမျိုး မရှိဘူးဆိုရင်ပဲ ကျေနပ်ရမှာပါ။ တစ်ချိန်တုန်းကတော့ ကျမတို့အတွေးလေးတွေ မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ လွဲချော်ကောင်း လွဲချော်နိုင်တာမို့ သူတို့တွေရဲ့ အတွေးလေးတွေကိုသာ ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်
(ခရီးသွားပို့စ်လေးရေးပါလားလို့ ဆိုလာတဲ့ ဂျက်အတွက် နောက်တစ်ပုဒ်ကျရင် ရေးတင်ပေးမယ် ရေးနိုင်ဘို့အတွက် ခရီးထွက်လိုက်အုံးမယ်နော်)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz