x

26.1.16

မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၅


သတင်းမှန်သတင်းစုံများရဲ့ သတင်းတစ်ပုဒ်အဖြစ် 'သရဲကအမျှတောင်းသောဖြစ်ရပ်မှန်' ဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့ဘုတ်မှာ မောင်ရန်အောင်က ပူးတွဲတင်ရင်း အစ်မဖြစ်သူရဲ့ လတ်တလောအတွေ့အကြုံ စတေးတပ်ကို ဖတ်မိပြီး ကျမအတွက် ရေးစရာ ပို့စ်တစ်ပုဒ် ပေါ်လာတယ်။ တခါတရံ ထူးဆန်းဖွယ်ရာ ကိစ္စများမြောင် လူတို့ဘောင်မှာ ကြုံတွေ့ရတတ်သလို မယုံရခက် ယုံရခက်ဖြစ်ရပ်မှန်များလည်း လက်တွေ့ကြုံပြန်တော့ ငြင်းဆိုစရာ အကြောင်းမရှိပြန်။ တကယ်တမ်း တွေးကြည့်မယ်ဆိုရင် နာနာဘ၀ ၀ိနာဘ၀ဆိုတဲ့ စကားလုံးတွေဟာ အိုင်တီခေတ်ရောက်မှ ပေါ်လာခြင်းမျိုးမဟုတ်ပဲ ကျမတို့ဘ၀ပေါင်းများစွာ ကျင်လည်ချိန်ထဲက သန္ဓေတည်ပြီးသား စကားလုံးများပါ။ အခုရေးမယ့် ပို့စ်လေးဟာ ကျမရဲ့ဘလော့မှာ ၇-၁၀-၂၀၁၅ရက်နေ့က တင်ခဲ့တဲ့ မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၄ နဲ့ ဆက်နွယ်လျက်ရှိပါတယ်။ အဲ့ဒီပို့စ်လေးရဲ့ အကြောင်းရင်းအတိုချုပ်ပြောရရင်ဖြင့် မိသားစုလုပ်ငန်းထဲက ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ဦးဝေလွင်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး ကောင်းရာမွန်ရာ ဘုံဘ၀ကိုရောက်ရှိစေခြင်း အလို့ငှာ လုပ်ငန်းတွေအပေါ် စေတနာထားကာ တာဝန်ကျေပွန်သူ ဦးဝေလွင်ဦးကိုရည်စူးပြီး သံဃာတော်အရှင်သူမြတ်တို့ကို လုပ်ငန်းလုပ်ကိုင်ရာ ရုံးခန်းသို့ ပင့်ဖိတ် ဆွမ်းကျွေး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့တဲ့ ပို့စ်လေးတစ်ပုဒ်ပါ။
ဒီဇင်ဘာလ ၂၅ရက်နေ့က သောကြာနေ့ဖြစ်ပြီး ရုံးပိတ်ရက် ၃-ရက်ဆက်တိုက် ဖြစ်ခဲ့တာကြောင့် ကျမတို့ ဇနီးမောင်နှံ၊ သားကြီးတို့ ဇနီးမောင်နှံနဲ့ တူမလေးအပါအ၀င် မိသားစု ၅-ယောက် ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားဖူးထွက်ခဲ့ပါတယ်။ ရုံးပိတ်ရက်ဖြစ်တာကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်မည်ကို ကြိုတင်စိုးရိမ်ပြီး ၁၀ရက်အလိုထဲက အခန်းကိုကြိုတင် ငှားထားခဲ့ပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို သားငယ်ရဲ့အသက် ၃-နှစ် ၁၉၉၀ ခုနှစ်ကစပြီး ၂၀၀၀ ခုနှစ်အထိ (၁၁)နှစ်တိုင်တိုင် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာ သင်္ကန်းကပ်ဖြစ်ခဲ့ပါတယ်။ သားကြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သင်တန်းတက်သွားချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် လင်မယားနှစ်ဦးစလုံး လုပ်ငန်းတာဝန်များတာကြောင့် ကျိုက်ထီးရိုးဘုရားဖူး မရောက်ဖြစ်တော့ပါ။ ယခုတစ်ကြိမ်ဘုရားဖူး ရောက်လာတဲ့အချိန်မှာ ပြောင်းလဲတိုးတက်မှု များစွာကို မြင်တွေ့ရပါတယ်။ ညပိုင်းမှာ မိသားစု ငါးပါးသီလခံယူပြီး ပဌာန်းဒေသနာတော်နဲ့ ဓါရဏပရိတ်တော် ရွတ်ဖတ် ပူဇော်ခြင်း ကမ္မဌာန်းစီးဖြန်းခြင်းနဲ့ မေတ္တာဘာဝနာပွားခြင်း ကောင်းမှုများကို ပြုလုပ်ကာ အာရုဏ်တက်မှာလည်း အာရုံဆွမ်း သစ်သီးဆွမ်း ရေချမ်း ပန်းမာလာ ဆီမီးတို့ကို ပူဇော်ဖြစ်ပါတယ်။
၂-ညတာလွန်မြောက်ပြီး ၂၇-၁၂-၂၀၁၅ တနင်္ဂနွေနေ့မနက် တောင်အောက်ကို ပြန်ဆင်းမည့်နေ့ မနက် ၄နာရီထိုးလုနီးနီးမှာ အိပ်မက်တစ်ခုကိုမက်ပါတယ်။ အိပ်မက်ထဲမှာ ဦးဝေလွင်ဦးက ကျမကိုပြောတယ် ‘အစ်မ ကျနော့်နေရာ အစားဝင်တဲ့ လူသစ်က စာရင်းဇယားတွေ သိတ်မနိုင်ဘူး၊ သူက လုပ်နေကျမဟုတ်တော့ တော်တော်လေးသင်ပေးနေရတယ်’ တဲ့။ အိပ်မက် မက်နေတာဆိုပေမယ့်လည်း ဝေလွင်ဦးဟာ သေဆုံးပြီးသူတစ်ယောက် အနေနဲ့ ကျမကသိနေတယ်။ ဒါကြောင့်တအံ့တသြ ‘ဟင် ဝေလွင်ဦး နင်သေသွားပြီးပြီ မဟုတ်လား ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ’ လို့မေးတော့ ‘ကျနော် အလုပ်တွေကို စိတ်မချလို့ ပြန်လာကြည့်တာ’တဲ့။ အိပ်မက်တိုလေးမက်ပြီး ကျမလည်း အိပ်ယာကနေ လန့်နိုးလာပါတယ်။ ခင်ပွန်းဖြစ်သူကို လှုပ်နှိုးပြီး အိပ်မက်အကြောင်း ပြောပြလိုက်တော့ ခင်ပွန်းဖြစ်သူက ‘သူ သာဓုခေါ်ချင်လို့ အခုလို အိပ်မက်လာပေးတာဖြစ်မယ်’ လို့ပြောပါတယ်။ ကျမလည်း အာရုဏ်ဆွမ်းကပ်ဘို့အတွက် ရေမိုးချိုးပြင်ဆင်ပြီး အခန်းထဲကအထွက် သားကြီးက သူ့အခန်းထဲက ထွက်လာပြီး ‘မေကြီး ကျော် ဦးဝေလွင်ဦးကို အိပ်မက်တယ်။ ငွေရေးကြေးရေး စာရင်းတွေလာလုပ်နေတာ စာရင်းဇယားတွေ စိတ်မချဘူးလို့လဲပြောတယ်’ တဲ့။ ကျမလည်း ကျမရဲ့တူညီတဲ့အိပ်မက်ကို ပြန်ပြောပြရင်း ဝေလွင်ဦးသာဓုခေါ်စေနိုင်ချင်းအလို့ငှာ ပြုပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် အမျှဝေပေးခဲ့တယ်။
ဒီအကြောင်းနဲ့စပ်လျဉ်းပြီး ကျမရဲ့မောင်ငယ် တူတူး ပျောက်ဆုံးသွားခဲ့တဲ့ အချိန်ကလည်း ညီအစ်မ သုံးယောက် တစ်ညထဲမှာ တူညီတဲ့အိပ်မက်ကို တစ်ပြိုင်တည်းမက်ခဲ့ဘူးတာ ပြန်တွေးဖြစ်သွားတယ်။ သွေးသံရဲရဲနဲ့ ကျမတို့ဆီရောက်လာတဲ့ မောင်ငယ်ဟာ သူ့ကိုကယ်ပေးပါလို့ ပြောခဲ့တယ်။ ကျမလည်း မိသားစု ဘုန်းကြီးကျောင်းလိုဖြစ်နေတဲ့ ဂန္ဓာရုံဥယျာဉ်တိုက်က ဆရာတော်ကိုပြောပြတော့ မောင်ငယ်တူတူးအတွက် အလှူတစ်ခု ပြုလုပ်ပေးပြီး အမျှပေးဝေခဲ့ဘူးတယ်။ ကျမဘလော့ကို မရောက်ဘူးသေးသူများ အလွယ်တကူဖတ်နိုင်ဘို့ ‘ဘယ်ရပ်ဌာနေ’ ပို့စ်လေးပူးတွဲပြီး တင်ပေးလိုက်ပါတယ်။ မကျွတ်မလွတ်သေးတဲ့ နာနာဘ၀ ၀ိနာဘ၀တို့ဟာ သူတို့ရဲ့ လက်ရှိခံစားနေရတဲ့ အနှောင်အဖွဲ့ အကျဉ်းအကြပ်ကနေ လွတ်မြောက်နိုင်စေဘို့ ရတဲ့နည်းနဲ့ အားထုတ်ကြိုးစားနေကြမှာပါပဲ။ ကျမတို့တွေ ကိုယ်ခံအား နည်းတဲ့အချိန်တွေမှာ ကံနိမ့်လို့ မြင်တွေ့နေရတယ်ဆိုတာလည်း တစ်နည်းအားဖြင့် သူတို့ သာဓုခေါ်ချင်လို့သာ အမျှဝေခိုင်းတာလို့ ထင်မြင်ယူဆမိတယ်။ ကျမအထင်ပြောရရင် သရဲ သစ္ဆေဆိုတာ ကြောက်စရာကောင်းဘို့ထက် သနားစရာကောင်းပါတယ်။ အဲ့ဒီလိုလေးတွေးလိုက်ရင် ကြောက်တဲ့စိတ်တွေ အလိုလိုလျော့နည်းသွားမှာပါ။ ကြုံတုန်းလေးတစ်ခုလောက် ပြောရရင် ကျမအောက်က ဒုတိယညီမဆိုရင် ငယ်ငယ်လေးထဲက သူများတွေမမြင်နိုင်တဲ့ ပုံစံအမျိုးမျိုး သစ္ဆေသရဲတွေကို သူမြင်တွေ့နေကျပါ။ သူ့အတွက်ကတော့ မြင်နေကျမို့ အဆန်းမပာုတ်တော့ပေမယ့် တပူးတတွဲတွဲနေတဲ့ အဒေါ်ငယ်ကတော့ ကြောက်တတ်သူပီပီ ညီမလေးက တစ်ခုခုပြောမယ်ဟန်ပြင်တိုင်း ‘တော်တော့ မပြောနဲ့ မိတူးမာ’လို့ ကြိုပြီး ဟန့်တားလေ့ရှိတယ်။ 
ကျိုက်ထီးရိုးအမှတ်တရ














ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz