x

12.2.16

ထိရှစေတဲ့အရာ-


တစ်နေ့က မချော(အစိမ်းရောင်လွင်ပြင်)ရဲ့ စတေးတပ်တစ်ခုအောက်မှာ မြစ်ဆုံအကြောင်းလေး မထင်မှတ်ပဲ ဖတ်လိုက်ရသလို မောင်ဏီ(ဏီလင်းညို)ရဲ့ စတေးတပ်တစ်ခုမှာလည်း ဘလော့ဂါတွေနဲ့ ပတ်သက်ပြီး ဖတ်ဖြစ်ခဲ့တော့ တစ်ချိန်တစ်ခါက ရောင်စုံပန်းတို့နဲ့ ဝေေ၀ဆာဆာ ဖူးပွင့် မွှေးပျံ့ ကြိုင်လှိုင်လို့ နေခဲ့တဲ့ ဘလော့ဥယဉ်လေးကို အပြေးအလွှားလေးသတိရသွားတယ်။ မြစ်ဆုံအကြောင်းကို ဘလော့ဂါများ တူညီတဲ့ ပန်းတိုင်ကို အရောက်လှမ်းဘို့ရာ ကဗျာ ဆောင်းပါး စကားပြေ အမျိုးမျိုးနဲ့ မိမိကျွမ်းကျင်ရာ ကဏ္ဍကနေ ရေးသားဖေါ်ညွှန်းခဲ့ကြဘူးတယ်။ အခုချိန်မှာတော့ ကြည်လင်အေးမြတဲ့စမ်းရေနဲ့ ကင်းဝေးသွားခဲ့တဲ့ ပန်းများအလား ဘလော့ဥယဉ်လေး တစစနဲ့ ခြောက်သွေ့လို့နေပါပြီ။ ကျယ်ပြောလှတဲ့ ဘလော့ဥယဉ်ကြီးကို နှမြောတသသူတို့ အချိန်ရရင် ရသလို ဘယ်လိုပင် ရေလောင်းပေါင်းသင် မြေသြဇာကျွေး ကြိုးစားသော်ငြားလည်း ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ ထူးခြားပြီး ပြောင်းလဲလာခြင်းမရှိ တုတ်တုတ်မျှ မလှုပ်သည့်တိုင် ဘလော့ဂါများနဲ့ ပတ်သက်လို့ ကျမရဲ့ရင်ကိုထိရှစေခဲ့ပါတယ်။

ဘလော့ဂါများ ဆုံဆည်းခဲ့စဉ်ကအမှတ်တရ


၆ရက်နေ့မနက်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းရယ်လို့ တစ်ချိန်တစ်ခါက မြန်မာပြည်တစ်ဝှမ်းလုံးမှာ အင်ဂျင်နီယာကျောင်း တစ်ကျောင်းတည်းအဖြစ် တည်ရှိခဲ့ဘူးတဲ့ ကျောင်းတော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘သက်ကြီးပူဇော်ပွဲနှင့် ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများ တွေ့ဆုံပွဲ’ ကို ရောက်ခဲ့တယ်။ စီနီယာတစ်ဦးရဲ့ ကန်တော့ချိုးအတိုင်း ဆရာကြီး ဆရာမကြီးများကို နှစ်အသီးသီးမှ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများက သံပြိုင်ရွတ်ဆိုကြရင်း ကြည်နူးစွာ ပူဇော်ကန်တော့ဖြစ်ကြတယ်။ ကန်တော့ပွဲကအပြန် လမ်းတစ်လျှောက် အတွေးပင်လယ်ဝေခဲ့တယ်။ ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့က မွေးထုတ်လိုက်တဲ့ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများကို လက်တွေ့လုပ်ငန်းခွင် ၀င်ဆန့်နိုင်စေဘို့ အလို့ငှာ အသိပညာ အတတ်ပညာ နည်းပညာစုံကို စာတွေ့ လက်တွေ့ သင်ကြားပြသပေးလိုက်ကာ စက်ရုံ အလုပ်ရုံ လက်တွေ့နယ်ပင် အသီးသီးကို ၀င်စေခဲ့ပါတယ်။ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများမှာလည်း မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ၀ါကုန်ကြမ်းကနေ ချည်မျှင်နှင့် အထည် အချောကိုင်ပိတ်များ ဖြစ်သည်အထိ သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မှီတဲ့ အရေအတွက်များကို ထုတ်လုပ်နိုင်ခဲ့ငြားသော်လည်း တစတစပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ ခေတ်စနစ်၏ အပြောင်းအလဲ ဆိုသော အခေါ်အဝေါ်များ အကြားမှာ 'အထည်အလိပ်၊ ချည်မျှင်နှင့်အထည်စက်ရုံ’ ဟူသော ဝေါဟာရများလည်း တစဆီ လွင့်ကွယ် ပျောက်ပျက်လို့သွားပါပြီ ကျမအပါအ၀င် ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ စိတ်မကောင်းစွာဖြင့် ၀မ်းနည်းကြေကွဲကြခြင်းဟာ ဒုတိယမ္ပိ ကျမရင်ကို ထိရှစေခဲ့ပါတယ်။
 တခါတုန်းက ရန်ကုန်စက်မှုတက္ကသိုလ်
အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးခဲ့သော ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများ(၁၉၇၉ခုနှစ်)
ကန်တော့ခံ ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ ဆရာကြီး ဆရာမကြီးများ
ကန်တော့ခံ ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ ဆရာကြီး ဆရာမကြီးများ
ချည်မျှင်နှင့်အထည်အင်ဂျင်နီယာများ
ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများ

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz