x

12.3.16

ကံ၏စေစားရာ


မနက်ကဖေ့ဘုတ်ထဲ လျှောက်လည်ရင်း အစ်မတစ်ယောက်က စေတနာနဲ့ ရေးထားတယ်။ ‘ကိုယ့်အပေါ် တစ်သက်လုံး နားလည်ပေးနိုင်တဲ့ ယောက်ျားမျိုးကိုသာ လက်တွဲဘို့’ အဲ့ဒီ စာကြောင်းလေးကနေ ပို့စ်တစ်ပုဒ်ရေးဘို့ စာလုံးတွေစီနေမိခဲ့ပြန်တယ်။ ကျမရဲ့အတွေးထဲကို ‘အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုးနောင်ပြင်ရန်ခက်’ ဆိုတဲ့စာကြောင်းလဲ မဆိုင်းမတွဝင်လာပြန်တယ်။ ကျမ အိမ်ထောင်ပြုစဉ် ကာလတုန်းက ဒီလိုစကားလုံးတွေ မစဉ်းစားခဲ့ရိုး အမှန်။ နှစ်ဦးနှစ်ဖက် နှစ်သက်သဘောကျလို့ နှစ်ဖက်မိဘကို ဖွင့်ပြောပြီး ရိုးစင်းတဲ့ အိမ်ထောင်တစ်ခု တည်ခဲ့ခြင်းပင်။ အိမ်ထောင်ပြုတယ်ဆိုတာ မိမိဘ၀ကို ကံစမ်းလိုက်တဲ့ သဘောလို့ ကျမထင်တယ်။ အိမ်ထောင်ပြူသူတိုင်းမှာ အတိတ်ရဲ့ဖူးစာကံဆိုတာ ငြင်းပယ်လို့ မရအောင် ခိုင်မြဲစွာ ကပ်ပါလာတတ်သလို အိမ်ထောင်ပြုပြီးသူနှစ်ဦးရဲ့ အနာဂါတ်ကျပြန်တော့၊ အတိတ်ကံရဲ့ စေစားရာအတိုင်း ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပြန်တယ်။ ကျမ၀န်းကျင်မှာတော့ မချစ်ပဲယူခဲ့ရတယ်ဆိုတဲ့ ဇနီးမောင်နှံမျိုး တစ်ကြိမ်တစ်ခါမှ မကြားဘူးခဲ့ပါ။ ချစ်ခင်နှစ်သက်ကြလို့ တစ်ဘ၀ လက်တွဲဖော်အဖြစ် သတ်မှတ်ပြီး ယုံကြည်ချက်အတိုင်း အကောင်အထည်ဖေါ်ကြတယ်။ တစ်ချို့ကျပြန်တော့ ရေစက်ပါလို့ဆုံကြပြီး ရေစက်ကုန်တော့ကွဲကြပြန်တယ်။ ချစ်လိုက်ကြ မုန်းလိုက်ကြအစရှိတဲ့ မပြီးဆုံးနိုင်တဲ့ သောကတွေ၊ လှိုင်းတံပိုးထန်ထန် ကံဆိုတဲ့ ၀ဲဂယက်ကြီးထဲမှာ မြုပ်ချည် ပေါ်ချည်နဲ့ မောပမ်း နွမ်းနယ်မှုများစွာကို ရင်မှာပိုက်ထွေးရင်း ကံရဲ့စေစားရာအတိုင်း ဘ၀ကိုရေဆန်လှော်နေကြရတဲ့ လူသားများပင်။
အလားတူ မိဘကို အနီးကပ်ပြုစုနိုင်သူ၊ အဝေးကနေ သတင်းနားထောင်ပြီး စောင့်ရှောက်ရသူ သားသမီးများလည်း ကိုယ်ပိုင်ရွေးချယ်လို့မရတဲ့ အခြေအနေမို့ ကံရဲ့စေစားရာအတိုင်း အလိုလိုက် အကြိုက်ဆောင်နေရခြင်းပါ။ ပြီးခဲ့တဲ့ ၂-ပတ်လောက်က မိခင်နဲ့အတူနေ နံပါတ်(၃) ညီမလေးဆီက ဖုန်းဝင်လာတယ်။ မာမီ့မျက်စိတစ်ဖက် မမြင်ရတော့ဘူးတဲ့။ တရားသဘောအရ အသက်ရလာတာနဲ့အမျှ မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ ချွတ်ယွင်းလာမှာ ဓမ္မတာဆိုပေမယ့် အခုလိုကြားလိုက်ရတော့ မိခင်အတွက် စိတ်မကောင်း ဖြစ်မိတယ်။ ညီမလေးလည်း မိခင်ကြီးရဲ့ ကျန်းမာရေးနဲ့ပတ်သက်လာရင် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတိုင်းလိုလိုကို ဆိုင်ရာဆိုင်ရာ အထူးကုဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း အစွမ်းကုန် ဂရုတစ်စိုက် စောင့်ရှောက်လျှက်ပါ။ တိုင်းတစ်ပါးရောက် မောင်နှမများနဲ့ မြန်မာပြည်မှာ ရှိပင်ရှိငြား နေ့တဓူဝ ခေါင်းစဉ်ကွဲ လူမှုရေး စီးပွားရေးအလုပ်တွေ အကြားနစ်မွန်းနေတဲ့ အစ်မများမှာ မိခင်ကြီးကို အနီးကပ် မပြုစုနိုင်။ ညီမလေး ဖုန်းဆက်မှသာ အပြေးကလေး အရောက်သွားလေ့ ရှိပြန်တယ်။ အတူနေတဲ့ သားသမီးဆိုတာ ကုသိုလ်ရသလို အကုသိုလ်လည်းရလေ့ရှိတယ်လို့ ဖွားဖွားရှိစဉ် ကာလက ဖွားဖွားနဲ့အတူနေသူ အဒေါ်အငယ်ပြောဘူးတာကို ပြန်သတိယသွားတယ်။ ဖွားဖွားကို ပြုစုခွင့်ရခဲ့တဲ့ အဒေါ်ငယ်ရဲ့ ကုသိုလ်ကံတွေကို ကျမတွေးခဲ့ဘူးတယ်။
တစ်ပတ် တစ်ကြိမ်လောက် ဖွားဖွားဆီသွားတွေ့ရင်း နို့ဆီ သကြားလက်ဆောင်လေး သယ်သွားတဲ့ ကျမကို ဖွားဖွားက သိတ်ချစ်သလို ချီးမွမ်းစကားတွေ ပြောလေ့ရှိတယ်။ ကျမ၀တ်ထားတဲ့ လက်ဝတ်ရတနာဆိုရင် အကောင်းမြင်ပေးလေ့ရှိပြီး အတူနေအဒေါ်ငယ်ကိုကျတော့ အပြစ်မြင်လေ့ ရှိပြန်တယ်။ ဒါကြောင့်ရယ်မောစရာအဖြစ် အဒေါ်ငယ်က ‘မမကလည်း မိတင့်လက်က လက်ကောက်က လေးမှာပေါ့ သူ့အရိုးကြီးပါ မမက မ,ထားတာကိုး’လို့ ပြောရင်းရယ်မောခဲ့တာ မှတ်မိပါသေးတယ်။ ကျမဖေဖေရဲ့ မောင်နှမများအားလုံးက မိခင်ဖြစ်သူ ဖွားဖွားကို ‘မမ’လို့ ခေါ်လေ့ရှိပါတယ်။
တူညီတဲ့ ပုံစံအတိုင်းပင် ကျမရဲ့မိခင်နဲ့ အတူနေ ညီမလေးအပေါ် မိခင်ဖြစ်သူက အပြစ်မြင်တဲ့ အခါတွေမှာ ညီမလေးက ကျမဆီဖုန်းဆက်ပြီး တိုင်တတ်သလို ကျမကလည်း မိခင်ကြီးနားဝင်အောင် ‘အခုချိန်မှာ မာမီ့သားသမီးတွေ အားလုံး မာမီ့ကို အနီးကပ် ပြုစုဘို့ အဆင်မပြေကြဘူး မာမီ့ကို ကိုယ်ဖိရင်ဖိ အနီးကပ် ပြုစုနိုင်တာ Rose တစ်ယောက်ပဲ ရှိတာကြောင့် မာမီ Rose အပေါ် မဆိုးပါနဲ့’လို့ ချော့ချည်တစ်ခါ ခြောက်ခါတစ်လှည့် ပြောပေးရပါတယ်။ အသက် (၈၄)နှစ်ရှိ မိခင်ကြီးဟာ တစ်ခါတစ်လေ ကလေးဆိုးကြီးလို ကောင်းကောင်းမွန်မွန် ပြောပြရင် ဆင်ခြင်များတဲ့ အတွက်ကြောင့်လည်း မဆူချင်ပေမယ့် ဆူရသလို သားသမီးတွေထဲမှာ သမီးကြီး ကျမပြောရင် နားထောင်တတ်တာမို့ မောင်နှမတွေက ကျမကို အမြဲခေါင်းတည်လေ့ရှိကြပါတယ်။ မျက်စေ့စ မမြင်တဲ့နေ့ကလည်း အလားတူ စိတ်ဆိုးစိတ်ကောက်ဖြစ်တာမို့ ပြေရာပြေကြောင်း ချော့ပြောရပြန်တယ်။ ဘယ်လောက်ပဲ ကျန်းမာရေး ကောင်းမွန်နေပါစေ ဇရာရဲ့လွှမ်းမိုးမှုကို အံတုနိုင်ခြင်း မရှိတာကြောင့် သမရိုးကျ ဖြစ်ရိုးဖြစ်စဉ်များကို ကျမတို့အားလုံး ကြုံတွေ့ကြရမှာပါ။ မာမီ့မျက်စိတစ်ဖက်က မမြင်ရတော့တဲ့အချိန်မှာ နောက်တစ်ဖက်ကလည်း မှုန်လာပြန်တယ်။ ဆရာဝန်ရဲ့မှတ်ချက်အရ မမြင်ရတော့တဲ့ တစ်ဖက်က ကုသလို့မရတော့ဘူးလို့ သိရပေမယ့် မှုန်လာတဲ့ တစ်ဖက်ကိုတော့ ပြီးခဲ့တဲ့ရက်အတွင်းမှာ ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဖခင်ကြီးတုန်းကလို ကုန်ကျစရိတ်စုစုပေါင်းကို မောင်နှမတွေ အချိုးကျခွဲဝေ ပေးနိုင်ရေးအတွက် တွက်ချက်ကြပြီး ကျမဆီငွေလွှဲပေးကြတယ်။ မိခင်ကြီးနဲ့ အတူနေခွင့် ပြုစုခွင့်ရတဲ့ ညီမရဲ့ ကုသိုလ်ကံတွေကို အဒေါ်ငယ်တုန်းကလို ကျမတွေးမိပြန်တယ်။
ကျမကတော့ အရာရာမှာ ‘ယောနိသောမနသိကာရ’ဆိုတာကို လက်ခံထားသူမို့ တွေ့ကြုံလာရသမျှ အခက်အခဲများကို “ဖြစ်ချိန်တန်တော့လည်း ရှောင်လွှဲလို့မရဘူး” “ဖြစ်ချိန်မတန်သေးလို့ပါ” အစရှိသဖြင့် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ခဲ့တယ်။ တစ်နည်းအားဖြင့်တော့ အတိတ်မှာ ကိုယ်ပြုခဲ့သမျှ ကောင်းကံ ဆိုးကံတို့သာ ကိုယ့်ထံကို မဆိုင်းမတွပြန်ရောက်လာခြင်းပင်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz