21.3.16

မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၆


ပေ၁၅၀ ပတ်လည်ကျယ်ဝန်းတဲ့ ခြံဝန်းကြီးအတွင်းမှာ နေထိုင်ကြကုန်သော ကျမတို့မိသားစု၊ ထမင်းချက် ဦးထွန်းအောင်မိသားစု၊ ဝေယျာဝိစ္စဆောင်ရွက်သူ ဦးအောင်ခင်မိသားစု၊ ကားမောင်း ဦးစိန်လှမိသားစု ရှိသမျှမိသားစုများအားလုံးပေါင်းလျှင် လူတစ်ဆယ့်ငါးဦးထက်မနည်းရှိကာ တစ်ဦးချင်းကိုယ်စီ တစ်ကြော်ကြော် အော်ခေါ်နေသောအသံများကား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည့် ခြံဝန်းကြီးကို တမဟုတ်ချင်း နိုးထစေကာ ဆူညံပွက်လောရိုက်ကာ နေလေသည်။ ဖခင်ကြီး ပြန်မရောက်လာမီ တူတူးကို ပြန်တွေ့မှဖြစ်မည်မဟုတ်ပါလား။ ကလေးထိန်း မူတူးလူအဆိုအရ  တူတူးကို နေ့လည်စာ ထမင်းခွံ့ကျွေးပြီး ပါးစပ်ဆေးပေးကာ ရေတိုက်ပြီးနောက် တူးတူးအား ကစားနေကျ လေယာဉ်ပျံရုပ်ကလေးနှင့် ကစားနေစေပြီး တူတူးစားပြီးသော ပန်းကန်အား သွားဆေးကြောနေစဉ် တိုတောင်းတဲ့ ၅-မိနစ်အတွင်း တူတူးပျောက်သွားသည်ဟု ဆိုပါသည်။ အသက်အရွယ်အားဖြင့် ၂-နှစ်သာသာရှိသေးသည့် ကလေးငယ်တစ်ယောက်အဘို့ လုံခြုံခိုင်ခန့်သည့် ခြံစည်းရိုးအတွင်း ပျောက်ဆုံးနေခြင်းသည် ထူးဆန်း အံ့သြဘွယ်ရာ ကောင်းသလို တစ်အိမ်သားလုံး ရှာနေသည့်ကြားက စိုးရိမ်စိတ်ဖြင့် ရတက်မအေးနိုင်။
ထမင်းကျွေးပြီးချိန် ၁၁နာရီကစပြီး ခြေရာချင်းထပ် နေရာခြင်းထပ်ကာ လူပျောက်ရှာနေကြသော်လည်း အရိပ်အယောက်မျှပင် မမြင်ရသဖြင့် နာရီများကုန်ဆုံးလာသည်နှင့်အမျှ တစ်အိမ်သားလုံး ခေါင်းနပန်း ကြီးလာပေတော့သည်။ ဖွားအေဖြစ်သူကလည်း မျက်ရည်လေးတစ်စမ်းစမ်းနှင့် ၀တ်ဆင်ထားသော ပဒုမ္မာအင်္ကျီ ဘယ်ဘက်လက်ရှည် အဖြူစလေးကို ညာလက်ဖြင့်ဆွဲဆွဲကာ မျက်ရည်စကို တို့တို့ကာ သုတ်နေသလို ကျမနှင့်အတူ လိုက်ရှာနေသူ အဒေါ်အကြီးဆုံးကလည်း နှုတ်ကနေ ဘုရားစာများကို ခရားရေလွှတ် တစ်တွတ်တွတ် ရွတ်ဖတ်ရင်း သက်ပြင်းတစ်ချချ။ ခြံအပြင်ဘက်ကို ထွက်သွားနိုင်စရာ အကြောင်းမရှိသော တူတူးကို ခြံဝန်းကြီးအတွင်း အိမ်အတွင်း အိမ်အပြင် နေရာအနှံ့ ပိုက်စိပ်တိုက်၍ နေရာသတ်မှတ်၍ ရှာပင်ရှာငြားသော်လည်း မတွေ့ပါပဲ တစစနှင့် ညနေဘက်တိုင်ကူးလာသောအခါ လူကြီးတွေလည်း မျက်စိပျက်မျက်နှာပျက်သည့် အခြေအနေကို ဆိုက်ရောက်လာပါတော့သည်။
တူတူးပျောက်သည့်သတင်း အနောက်ခြံ ဘေးခြံတို့ကကြားသော် မကြာသေးသော ကာလကမှ မိခင်ဖြစ်သူ ဆုံးရှုံးထားခံရသူ ကလေးငယ်တူတူးကို သနားပြီး လာရောက် ကူညီရှာပေးကြပြန်သည်။ ခြေရာနှင့် နေရာများသာ အကြိမ်ကြိမ်ထပ်ကာရှိချေပြီ ပျောက်သောသူက ရှာလို့မတွေ့။ ညနေဖခင်ဖြစ်သူ ရောက်လာချိန်မှာတော့ မပြောမဖြစ်တဲ့အဆုံး ကားပေါ်ကဆင်းဆင်းခြင်း ကားဆင်ဝင်အောက်တွင်ပင် အဖွားဖြစ်သူက စီကာပတ်ကုံး ရှင်းပြလို့မပြီးသေး မထင်မှတ်ပဲ ခြံထောင့်ကနေ လေယာဉ်ရုပ်လေးကို ကိုင်ထားရင်းတူတူး လျှောက်လာတာကို မြင်ရပါတော့သည်။ အားလုံးလိုလိုက မှင်သက်စွာဖြင့် တူတူးကို စိုက်ကြည့်နေကြစဉ် ဖခင်ဖြစ်သူက အပြေးကလေးသွားရောက် ပွေ့ချီလိုက်ရင်း ‘တူတူး ဘယ်တွေ လျှောက်သွားနေတာလဲ’ လို့မေးတော့ တူတူးက ခြံထောင့်မှာရှိတဲ့ သံချပ်ကာကားအပျက်ကြီးကို လက်ညှိုးထိုးပြရင်း 'မေမေနဲ့ အဲ့ထဲမှာအိပ်နေတာ’ လို့ဖြေပြီး သူ့အရုပ်လေးနဲ့ ဆက်ကစားနေပါတော့တယ်။ ကျမတို့ အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြောစရာစကားလုံး ရှာမတွေ့ခဲ့။ အဆိုပါ သံချပ်ကာကား အပျက်ကြီးထဲကို ကျမတို့လူစေ့နီးပါး အကြိမ်များစွာရှာဖွေခဲ့ပေမယ့် တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ခြင်းမှာ ထူးဆန်းလှပေစွ။ တစ်ယောက်တစ်ပေါက် ပြောပြီးချိန်မှာတော့ ဖွားဖွားက ‘နတ်ဖွက်တာ’ လို့ တိုတိုတုတ်တုတ်ပြောပြီး စကားဝိုင်းကနေ ထထွက်သွားပါတော့တယ်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz