28.3.16

မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၇


ရွှေတောင်ချည်မျှင်၊အထည်နှင့်အချောကိုင်စက်ရုံတွင် တာဝန်ကျနေသော်လည်း အသက် ၂-နှစ်ကျော်သာရှိသေးသည့် သားကြီးကို ရန်ကုန်မြို့၌ ဖခင်ဖြစ်သူနှင့်ထားခဲ့ရသည်က တစ်ကြောင်း အလုပ်ပိတ်ရက်များတွင် ပျင်းရိစွာဖြင့်ရွှေတောင်မြို့တွင် အချိန်ကုန်ဆုံးသည်ကို မလိုလားသည်က တစ်ကြောင်း အကြောင်းများစွာစုစည်းခြင်း၏ အဆုံးသတ်သည် အပတ်စဉ်သောကြာည ပြည်-ရန်ကုန် ရထားဖြင့်ဖြစ်စေ၊ ပြည်-ရန်ကုန် အဝေးပြေးကားဖြင့်ဖြစ်စေ မဟာရန်ကုန်မြို့တော်သို့ ပြန်နေစမြဲ။ စက်ရုံရှိ သူငယ်ချင်းများနောက်ပြောင် ကြယ်စယ်လေ့ရှိသော စကားဖြစ်သည့် ‘ရန်ကုန် အများဆုံးပြန်သူစာရင်းတွင် ကျမ နံပါတ်-၁’ ဟူသည်ကို တိုက်ဆိုင်မှုရှိတိုင်း သတိရနေဆဲ။ ရထားနှင့်ပြန်လာသည့် အခါများတွင် ခင်ပွန်းကသားကြီးကို ချီထားပြီး လမ်းမတော်ဘူတာမှာ ကြိုသကဲ့သို့ ကားနှင့်လာသည့်အခါများတွင် ကားကြီးများဂိတ်ဆုံးဖြစ်သည့် ကီလီလမ်း ကားဂိတ်တွင် လာကြိုလေ့ရှိပါသည်။ ကျမကိုမြင်လျှင် သားကြီးလက်ခုပ်တီးပြီး မြူးတူးစွာကြိုလေ့ရှိပါသည်။ ထူးခြားဖြစ်စဉ်လေးဖြစ်ခဲ့သည့် တစ်ပတ်မှာ မိသားစုအိမ်တွင်းသို့ ၀င်လာပြီး ထုံးစံအတိုင်း ရွှေတောင်စက်ရုံတွင် တွေ့ကြုံခဲ့ရသမျှ တစ်ပတ်စာ အကြောင်းအရာများ ခင်ပွန်းဖြစ်သူနှင့် သူမေးကိုယ်ဖြေပြောနေကြစဉ်၊ သားကြီးအနားမှာ မရှိတော့သည်ကို နှစ်ဦးစလုံး သတိမပြုမိချေ။ စကားလက်ဆုံကျနေစဉ် သားကြီး ကျမတို့အနားကိုရောက်လာပြီး ခေါင်းတစ်ခုလုံး ရေများစိုရွှဲနေသလို အင်္ကျီလည်းရေစိုနေသည် သိုသော်လည်း ၀တ်ဆင်ထားသော ဘောင်းဘီရှည်မှာ ထူးခြားစွာ ခြောက်သွေ့နေသည်ကို ကျမသတိပြုမိသည်။ ခင်ပွန်းဖြစ်သူက ‘ဟာ သားဘယ်လိုဖြစ်တာလဲ ရေတွေစိုနေပါလား’ လို့ ပြောပြောဆိုဆို ကောက်ချီလိုက်ရာ၊ သားကြီးက မီးဖိုချောင်ဘက်သို့ လက်ညှိုးညွှန်ပြရာ ကျမတို့နှစ်ဦးသား ပါးစပ်အဟောင်းသား ဘာပြောရမည်မသိ။ သေချာသွားအောင် မီးဖိုချောင်ဘက်ဆီသို့ သားကြီးကို ချီသွားပြီးမေးရာ ပန်းကန်ဆေးသည့်နေရာတွင် ထားသော ရေအပြည့်ဖြည့်ထားသည့် စည်ပိုင်းပြတ်ကို သားကြီးက လက်ညှိုးညွှန်ပြပြီး ‘ရေထဲ ဘုန်းကျတာ’ လို့ဖြေသည်။ ကျမခင်ပွန်းက ‘ဒါဆိုသား ဘယ်လိုပြန်တက်လာတာလဲ’ လို့ ပြန်မေးရာ ‘ဖေကြီးလုပ်ပေးတာ’ လို့ပြောပြောဆိုဆို သူ့အဖေ၀တ်ထားတဲ့ ပုဆိုးကွက်ကို လက်ညှိုးထိုးပြပါသည်။ ကျမတို့ နှစ်ယောက် ချက်ခြင်းဆိုသလို သဘောပေါက်သွားသည်ကား စည်ပိုင်းပြတ်ထဲသို့ ဇောက်ထိုး ပြုတ်ကျသော သားကြီးကို တစ်အိမ်လုံး လူတစ်ဦး တစ်ယောက်မျှ မရှိပါပဲနှင့် အပြင်ဘက်သို့ ပြန်ရောက်နေခြင်းမှာ သမရိုးကျတော့ မဖြစ်တန်ရာ။ အစောင့်အရှောက် ပုဂ္ဂိုလ်တစ်ဦးဦးက ဖခင်ဖြစ်သူ၏ ပုဆိုးကွက်အဆင်ဖြင့် သားကြီး၏ အသက်ကို ကယ်တင်လိုက်ခြင်းပင်တည်း။

 ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz