x

29.4.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၁


၂၀၁၆-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ ဂိတ်-၃တွင် လူစုရန်နှင့် မနက်၉နာရီခွဲတွင် အရောက်လာကြရန်ကို ကြိုတင်ဖုန်းသတင်း ရထားပြီးဖြစ်သည့်အတွက် ၆-ယောက်ပါသော ကျမတို့အဖွဲ့ သတ်မှတ်ချိန်အတိုင်း ရောက်လာခဲ့ကြပါသည်။ ကျမတို့ ရောက်သွားချိန်တွင် ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်း၏ တာဝန်ခံများနှင့် ဂယာဘုရားဖူးအဖွဲ့များ အတော်များများ ရောက်နေကြောင်းကို ခင်နန္ဒာအမှတ်အသား တံဆိပ်များပါသည့် ခရီးဆောင်အိတ်ကြီးများ၊ ဘေးလွယ်အိတ်ငယ်များ၊ လက်ကိုင်အိတ်များ၊ အပိုဆောင်းအ၀ါရောင် လက်ဆွဲအိတ်များနှင့်အတူ ရင်ထိုးတံဆိပ်ပါ တူညီယောဂီဝတ်စုံပြည့် ၀တ်ဆင်ထားခြင်းများက သက်သေခံလျှက်ရှိပါသည်။ မြင်ရသည့်မြင်ကွင်းမှာ စိတ်ကြည်နူးစရာအတိပင်။ မှတ်တမ်းဓာတ်ပုံ ရိုက်ဘို့လောက်သာ အာရုံရနေသည့် ကျမအတွက် အချိန်ရသမျှ မှတ်တမ်းပုံများသာ ရိုက်နေမိတော့သည်။ ခရီးစဉ်အတွက် ပတ်စ်ပို့စ်အပါအ၀င် အခြားစာရွက်စာတမ်းများနှင့် လတ်တလော အဆာပြေ စားနိုင်ရန်အတွက် မုန့်၊ အအေးဗူးတို့ကို ခင်နန္ဒာအဖွဲ့ဝင်တို့က ဘုရားဖူးအဖွဲ့အား လိုက်လံ ပေးကြသည်။ ယောဂီသဘက် ပုခုံးပေါ်တင်သည့်နည်းမှာ ခင်နန္ဒာအဖွဲ့၏စာသားများ ထင်ရှားစွာပေါ်လွင်စေမည့်နည်းကို သုံးထားကြောင်း ထူးခြားစွာသိခွင့်ရပါသည်။ ထို့နောက်အိန္ဒိယနိုင်ငံသို့ ဘုရားဖူးအဖွဲ့ ရောက်သည့်အခါတွင် ဖုန်းများအသုံးပြုနိုင်စေရန်အတွက် ဆင်းကဒ်များအား အသုံးလိုသူများကို ထုတ်ပေးပါသည်။ ခင်နန္ဒာ၏ ဘုရားဖူးသွားမည့် အဖွဲ့များအနက် ကျမတို့အဖွဲ့တွင် ကုမ္ပဏီဝန်ထမ်းတစ်ဦး အပါအ၀င် စုစုပေါင်း (၃၅)ဦးပါသော အဖွဲ့ဖြစ်ပါသည်။
သူငယ်ချင်းလေးယောက် ကြုံတုန်းလေးအမှတ်တရ-

ဘုရားဖူးမထွက်မီ ဆွေမျိုး မိတ်ဆွေသင်္ဂဟများ အမှတ်တရ-

သံဝေဇနိယ လေးဌာနသို့ သွားရောက်ဖူးမြှော်ကြမည့် ဘုရားဖူးအဖွဲ့-

ထွက်ခွာဂိတ်မှာ အမှတ်တရ-

ကျမတို့ စီးနင်းလိုက်ပါလာသော လေယာဉ် Air Bus A320 သည် ရန်ကုန်မြို့မှ နေ့လည် (၁၃း၃၀)နာရီတွင် ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံ ဂယာလေဆိပ်သို့ နေ့လည် ဒေသစံတော်ချိန် (၁၄း၃၀) နာရီတွင် ဆိုက်ရောက်ပါသည်။ အိန္ဒိယစံတော်ချိန်သည် မြန်မာပြည်စံတော်ချိန်ထက် ၁နာရီနောက်ကျပါသဖြင့် မိမိပါတ်လာသော နာရီလက်တံ (၁၅း၃၀) နာရီ ညွှန်ပြနေခြင်းမှ နောက်ပြန် (၁)နာရီသို့ ရွှေ့ပြီး အိန္ဒိယစံတော်ချိန်နှင့် ကိုက်ညီအောင် ညှိလိုက်ပါသည်။ ပစ္စည်းထုပ်များအားလုံးတွင် လေဘယ်များ တပ်ပေးထားခြင်းကို ကြိုတင်ဆောင်ရွက်ထားသဖြင့် အဖွဲ့တာဝန်ခံကုမ္ပဏီဝန်ထမ်းမှ ခရီးသည်များ၏ ပစ္စည်းထုပ်များကို အချိန်တိုအတွင်း အလွယ်တကူ စုဆောင်းနိုင်တာ တွေ့မြင်ရပါသည်။ 
လေယာဉ်ပေါ်တွင် ကျွေးသော ထမင်း၊ ငါးဟင်း ဆင်းဒ၀စ်နှင့်ကိတ်မုန့််-

လေယာဉ်တစ်စီးလုံး ဘုရားဖူးများသာ-

ဂယာလေဆိပ်၏ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ပူလောင်လှသော လေပူများ တိုက်ခတ်ခြင်းကို အသက်ရှူလို့ပင် မ၀နိုင်လောက်အောင် ခံစားလိုက်ရပါသည်။ ကြိုတင်စောင့်ဆိုင်းကာ ကြိုဆိုနေသော ခင်နန္ဒာအဖွဲ့၏ အကူအညီဖြင့် လေအေးပေးစက်ဖွင့်ထားသော လူ(၄၀)ကျော်ဆန့် ဘတ်စ်ကားကြီးပေါ်သို့ တက်ရောက် နေရာယူကြကာ လူစုံသည်နှင့် ဂယာလေဆိပ်မှ ဘုရားဖူးအဖွဲ့တည်းခိုမည့် ‘မဟာဗောဓိ ပရဟိတ မြန်မာကျောင်းတိုက်’သို့ ထွက်ခွာလာပါသည်။ ကျမတို့အဖွဲ့အား ခရီးစဉ်တစ်လျှောက် တာဝန်ယူကာ လိုက်ပါလာသည့် ကုမ္ပဏီဝန်ထမ်း မောင်အောင်နိုင်ဦး (ကိုစိုင်း)က ခရီးသွားအဖွဲ့ကို မိမိကိုယ်ကို မိတ်ဆက်ရင်း တဆက်တည်း ဂယာလေဆိပ်သို့ လာရောက်ကြိုပေးသည့် ကုမ္ပဏီဝန်ထမ်းများနှင့်ပါ မိတ်ဆက်ပေးပါသည်။ ထို့နောက် ကျမတို့အားလုံး ကြိုတင်ရရှိထားသည့် ခရီးစဉ် အချိန်ဇယားမှ တစ်နေ့တာအတွက်နှင့် နောက်တစ်ရက် သွားလာမည့်နေရာများကို ရှင်းပြပါသည်။ တစ်နာရီခန့်အကြာတွင် မိမိတို့တည်းခိုရမည့် မြန်မာကျောင်းတိုက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။ ဘုန်းကြီးကျောင်းတွင် ခေတ္တအနားယူကြပြီး ညနေ(၆)နာရီတွင် ညစာကို သုံးဆောင်ကြသည်။ ထို့နောက်အိန္ဒိယနိုင်ငံသုံးငွေ လဲလှယ်ပေးခြင်း၊ ဖုန်းများကို ငွေဖြည့်ပေးခြင်း အခန်းစေ့ သောက်ရေဗူးကဒ်များ လာချပေးခြင်း အစရှိသည့် အလုပ်များကို ကုမ္ပဏီဝန်ထမ်းမှ ဘုရားဖူးအဖွဲ့အား ဆောင်ရွက်ပေးပါသည်။ အိပ်ယာဝင်ချိန်တွင် ခရီးပမ်းလာသော်လည်း ကျမအိပ်မပျော်ပါ၊ မနက်ဖြန်တွင် မဟာဗောဓိ စေတီတော်မြတ်ကြီးကို ဒုတိယအကြိမ် သွားရောက်ဖူးမြှော်ရမည့်အရေး တွေးနေမိသလို လွန်ခဲ့သော ၁၉၉၄-ခုနှစ်က အတူလာရောက်ကာ ဘုရားဖူးခွင့်ရခဲ့ကြသော သူငယ်ချင်းများကို ပြန်လည်၍ သတိယမိနေသည်။ သန်းခေါင်ကျော်တွင် အိန္ဒိယနိုင်ငံ၏ ပူလောင်လှသည့် ရာသီဥတုကိုဆန့်ကျင်ကာ အေးချမ်းကြည်နူးသောစိတ်တို့ဖြင့် အတွေးနယ်ချဲ့ရင်း အိပ်ပျော်ခဲ့ကာ တစ်ညတာကိုကျော်ဖြတ်ခဲ့ပါသည်။
 မှတ်တမ်း ၃-ပုံမှ အကောင်းဆုံးပုံ မှုန်နေသော်လည်းအမှတ်တရတင်-

လေပူတွေစဉ်ဆက်မပြတ်တိုက်နေခြင်းကို ဂရုမပြုနိုင်ကြသော ဘုရားဖူးအဖွဲ့-

ဂယာလေယာဉ်ကွင်းမှ အဲယားကွန်းဘတ်စ်ဆီသို့-

မြန်မာကျောင်းတိုက်သို့ ရောက်လာချိန်-

 သပ်သပ်ရပ်ရပ် ၅-ယောက်နေအခန်းလေး အမှတ်တရ-

အနားယူကြရန်အတွက် တစ်နေ၀င်-

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz