x

1.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၁(စာကြွင်း)


ဂယာအပေါ်မှမြင်ကွင်း-

ဂယာလေဆိပ်သို့ဆင်းခါနီး-

ဂယာသို့ရောက်သည့် (၁၁-၄-၂၀၁၆)ရက်နေ့တွင်ပင် ညစာထမင်းစားပြီး နောက်တစ်နေ့ (၁၂-၄-၂၀၁၆)ရက်နေ့ မနက်တွင် နှစ်ဖက်မိဘများ အမှူးထား၍ အလှူရှင် ဦးအောင်နိုင်နှင့် ဇနီးဒေါ်သန်းသန်းမြင့် မိသားစုတို့၏ ရေစက်ချမည့် သိမ်တော်တွင် မြန်မာကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒောဘာသ တရားဟောမည် ဖြစ်သဖြင့် နားနေအခန်းမှ သိမ်တော်ဘက်သို့ထွက်လာခဲ့သည်။ သိမ်တော်နားသို့အရောက်တွင် ‘ဒကာမကြီး’ ဟုခေါ်သောအသံကို ကြားလိုက်၍ လှည့်ကြည့်ရာ မည်သို့မျှ ထင်မှတ်မထားသော ဘလော့ဂါ ဘုန်းဘုန်းတောက် (တောက်ပကြယ်စင်) ကို မြင်လိုက်ရသည့်အခါ ကျမလည်း အံ့သြစွာဖြင့် ‘ဟယ် ဘုန်းဘုန်းတောက်ပါလား ဘယ်ကဘယ်လို ရောက်လာတာလဲ’ ဟုမေးရာ ဘုန်းဘုန်းတောက်က ကျမတို့ ခင်နန္ဒာဘုရားဖူးအဖွဲ့များ ဂယာကို ဒီညရောက်မယ်ဆိုတာ ဖေ့ဘုတ်ကနေသိခဲ့ရလို့ဟု ဆိုပါသည်။ ကျမရဲ့ဘလော့ဂါတွေအပေါ် အလေးထားမှုကို သိထားသော ခင်ပွန်းဖြစ်သူနှင့်မိတ်ဆက်ပေးပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ဖြစ်အောင်ရိုက်လိုက်ပါသည်။ ဘုန်းဘုန်းတောက်ထံမှလည်း ကျေးဇူးတင်စွာဖြင့် ပုဝါအဖြူနှင့် ခင်ပွန်းအတွက် ပုဆိုးတစ်ထည်လက်ဆောင်ရခဲ့ပါသည်။ ခဏတာ စကားစမြည် ပြောဆိုကြပြီးနောက် ဆရာတော် ကြွလာတော့မည်ဖြစ်သဖြင့် ဘုန်းဘုန်းတောက်ပြန်သွားရာ ကျမတို့လည်း သိမ်အတွင်းသို့ ၀င်ခဲ့ပါသည်။
မထင်မှတ်ဘဲ ဆုံခဲ့ရသော ဘုန်းဘုန်းတောက်-

ခရီးဝေးမှလာရောက်တွေ့ဆုံတဲ့ ဘုန်းဘုန်းတောက်-

ဆရာတော်ဝင်မလာမီ ဘုရားဖူး ဓမ္မမိတ်ဆွေတို့၏ အလှူများကိုလက်ခံခြင်း ဓမ္မစာအုပ်များ အခမဲ့ဝေပေးခြင်းတို့ကို မြန်မာကျောင်းတိုက်မှ သံဃာတို့မှဆောင်ရွက်ပေးရာ ကျမတို့အဖွဲ့လည်း စာဖတ်ဝါသနာထုံသူများပီပီ လူစေ့စာအုပ်များ ရယူကြပါသည်။ ထို့နောက်ဆရာတော် ကြွရောက်လာပြီး တစ်နာရီခန့် တရားဒေသနာတော် ချီးမြှင့်ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပါသည်။ ဆရာတော်ပြန်ကြွသွားသည်နှင့် (၁၂-၄-၂၀၁၆) ရက်နေ့တွင် ရေစက်ချမည့် မဟာဗောဓိ သဒ္ဓမဇောတိကာ ခဏ္ဍသိမ်တော်ကြီး အလှူရှင် သူငယ်ချင်းမိသားစုနှင့် မှတ်တမ်းဓာတ်ပုံရိုက်ဖြစ်ပါသည်။ မြင့်မြတ်သော သိမ်တော် အလှူကြီးအတွက်လည်း ရင်တွင်းမှကြည်နူးစွာဖြင့် သာဓုအနုမောဓနာ သုံးကြိမ်ခေါ်ဆိုမိပါသည်။
ဆရာတော်ကြွလာစဉ်-

တရားတော်နာကြစဉ်-

သိမ်အလှူရှင်မိသားစုနဲ့ အမှတ်တရ-

မအိပ်ခင်မှတ်တမ်းပုံရိုက်-

မနေ့ကတင်ခဲ့သော ပို့စ်၏စာကြွင်းအဖြစ် ဤပို့စ်အား ထပ်တင်ခဲ့ခြင်းဖြစ်ပါသည်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနှင့် ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz