3.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၂


ကျမတို့တည်းခိုရာ မဟာဗောဓိ ပရဟိတ မြန်မာကျောင်းတိုက်တွင် ဘုရားဖူးအဖွဲ့များ ၃-ဖွဲ့ခန့် ဆုံသောအခါတွင် ရေပြတ်တောက်တတ်သော်လည်း ဘုရားဖူးအဖွဲ့များ ရေပြန်လည်ရရှိစေရန် ကျောင်းတော်ရှိ တာဝန်ခံများက ဆောင်ရွက်ပေးပါသည်။ ဘုရားဖူးအဖွဲ့မနက် ၅နာရီအချိန်တွင် အဆင်သင့်အနေအထား ရှိရမည်ဖြစ်သောကြောင့် ကျမတို့အဖွဲ့တွင် ၀ိရိယအကောင်းဆုံးနှင့် အသက် (၇၆)နှစ်ရှိသူ ဒေါ်တင်မာဌေးက ကျမတို့ထက် စောလျင်စွာ နံနက်၃နာရီထက်နောက်မကျပဲ ရေချိုးလေ့ရှိပြီး အအိပ်မက်သူ ကျမညီမကတော့ နောက်ဆုံးမှရေချိုးလေ့ရှိပါသည်။ 
ဘုရားဖူးအဖွဲ့များ သတ်မှတ်ထားသော ခုံနံပါတ်များအတိုင်း နေရာယူကြရ-

၂၀၁၆-ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့ မနက် ၆-နာရီတွင် မနက်စာကို စားသုံးပြီးကြချိန်၌ ကျမတို့ဘုရားဖူးအဖွဲ့ သတ်မှတ်ထားသည့် ခုံနံပါတ်များအတိုင်း ကားကြီးပေါ်တွင် နေရာယူကြရပါသည်။ ကားပေါ်တွင် နေရာယူပြီးသည်နှင့် ကုမ္ပဏီဝန်ထမ်းများက လူပြည့်မပြည့် စစ်ဆေးပြီး သောက်ရေဗူးငယ်များ လိုက်ဝေပေးပါသည်။ ပထမဦးစွာ ဗောဓိစေတီတော်မြတ်ကြီးတွင် ကုမ္ပဏီမှယူလာသော စုပေါင်းကြာသင်္ကန်း ဆက်ကပ်မည့်အစီအစဉ်ကို တစ်နေ့တာအတွက် ဘုရားသမိုင်းရှင်းပြရန် ကျမတို့နှင့်လိုက်ပါလာသည့် ဦးဇင်း၏ ညွှန်ကြားချက်အတိုင်း စနစ်တကျနှစ်ယောက်တွဲ တန်းစီကြပါသည်။ ထို့နောက်ကြာသင်္ကန်းကို တစ်ဖက်တစ်ချက် မ ကာပုခုံးပေါ်သို့တင်ကြပြီး ဘုရားဂုဏ်တော်များကို ညီညာစွာ သံပြိုင်ရွတ်ဖတ် ပူဇော်ကြရင်း မဟာဗောဓိ စေတီတော်အား လက်ျာရစ်ပတ်သည်။ ထိုမှတဖန် ဗုဒ္ဓဂယာ ဂူတန်ဆောင်းတော်ထဲမှ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ကြာသင်္ကန်းကပ်လှူပူဇော်ကြပါသည်။ စကားလုံးဖြင့် ဖေါ်ပြ၍ပင် မလုံလောက်နိုင်သော စိတ်ကြည်နူးမှုအဟုန်သည် ကျမ၏ရင်ကို လှုပ်ခတ်စေသည်။ ထိုပရ၀ုဏ်အတွင်းသို့ လက်ကိုင်ဖုန်းများ ယူလာခွင့်မရှိကြောင်းကို ဘုန်းကြီးကျောင်းမှ မထွက်ခွာမီ ကုမ္ပဏီဝန်ထမ်းမှ ကြိုတင်၍ သတိပေးထားသည့်အတွက် မှတ်တမ်းပုံများ ကိုယ်တိုင်ရိုက်ခွင့် မရခဲ့ပါ။ ကင်မရာကို ရူပီ (၁၀၀)အခွန်ဆောင်၍ ယူခွင့်ရှိကြောင်း နောက်မှသာ သိရပါသည်။ မှတ်တမ်းပုံနှင့် ဗွီဒီယိုရိုက်သော ဓာတ်ပုံဆရာကို ကုမ္ပဏီမှ စီစဉ်ပေးထားသဖြင့် ထိုသူ၏အကူအညီဖြင့် မှတ်တမ်းပုံ အနည်းငယ် ရိုက်ဖြစ်ခဲ့ပါသည်။
ဘုရားအဆူဆူတို့ပွင့်တော်မူရာနေရာတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်

ဗုဒ္ဓရုပ်ပွားတော်မြတ်အား ကြာသင်္ကန်းကပ်လှူရန်အတွက် မဟာဗောဓိစေတီတော်ကြီးအားလက်ျာရစ်ပူဇော်စဉ်-

ဗုဒ္ဓရုပ်ပွားတော်မြတ်အား ကြာသင်္ကန်းကပ်လှူရန်အတွက် မဟာဗောဓိစေတီတော်ကြီးအားလက်ျာရစ်ပူဇော်စဉ်-

သင်္ကန်းကပ်လှူပြီးချိန်တွင် ကျမတို့အုပ်စု မှတ်တမ်းပုံရိုက်-

 နှစ်ကိုယ်တည်း မှတ်တမ်းပုံရိုက်-
မဟာဗောဓိစေတီတော်မြတ်ကြီးနှင့်အမှတ်တရ မှတ်တမ်းပုံရိုက်-

ကျမတို့ ရောက်နေသော ဤနေရာတွင် လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ကျော်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ ဘီစီ(၅၂၈)ခုက အလောင်းတော် သိဒ္ဓတ္တမင်းသားနှင့် ဖွားဖက်တော် မဟာဗောဓိပင် ပေါ်ထွန်းခဲ့သည်။ ထိုဗောဓိပင်အောက်၌ပင် အပရာဇိတပလ္လင်တော် ပေါ်ထွက်ကာ ထိုပလ္လင်တော်၌ အလောင်းတော်မြတ် သဗ္ဗုညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူပြီး လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဦးခိုက်ပူဇော်ရာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဤနေရာ ဤဒေသသည် နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သည့်တိုင် ဘုရားဖူးတို့ တစ်ပါးသူ၏ အတင်းအဓ္ဓမ တိုက်တွန်းချက်မပါဘဲ မိမိတို့၏ဆန္ဒဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသည့်တိုင် လာရောက်ဖူးမြော် ကြည်ညိုသူများဖြင့် စည်ကားနေမြဲပင်။ မဟာဗောဓိစေတီတော်သည် ဗုဒ္ဓဘာသာ ဘုရားဖူးများအတွက် အမြင့်မြတ်ဆုံးသော စေတီတော်တစ်ဆူဖြစ်ပါသည်။ ဤစေတီတော်ကြီးကို အသောကမင်းကြီး ဆောက်လုပ်ခဲ့ပြီး၊ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ဗြဟ္မဏတစ်ဦးက အေဒီ ၆-ရာစုတွင် ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မဟာဗောဓိစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသော ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေသွားရောက် ဖူးထိုက်သည့် နေရာများအနက် သတ္တဌာန(၇)ဌာနသည် အပါအ၀င်ဖြစ်သည်။

(၁) ဗောဓိပင်နှင့်ပလ္လင်တော်-
ဘုရားရှင်လက်ထက်က ဗောဓိပင်မှာ ပေ-၁၀၀ မကမြင့်မားပြီး ဟူယင်ဆင် (တရုတ်ရဟန်းတော်) ရောက်ခဲ့စဉ်က ပေ-၅၀ ခန့်မြင့်သည်ဟု ဆိုသည်။ ဘုရားအဖြစ်သို့ ရောက်ရာအပင်ဖြစ်၍ သမ္ဗောဓိပင် ဟုလည်းခေါ်သည်။ မိစ္ဆာအယူ ရှိခဲ့စဉ်က အသောကမင်းကြီးနှင့် ၄င်း၏မိဖုရားတို့က တစ်ကြိမ်စီ ခုတ်လှဲခဲ့ကြသည်။ ၄င်း၏အဓိဌာန်ဖြင့် ၂-ကြိမ်လုံး ပြန်ပေါက်လာသဖြင့် နောက်ဆုံးတွင် ရန်သူများ မဖျက်ဆီးနိုင်ရန် ၁၀-ပေခန့်မြင့်သော အုတ်တံတိုင်း ကာရံခဲ့သည်။ ထို့နောက် ဘင်္ဂေါနယ်မှ ဟိန္ဒူဘုရင် သသင်္က ခုတ်လှဲပြီး အေဒီ ၆၁၀-ခန့်တွင် မာဂဓတိုင်း မောရိယမင်းဆက် တစ်ပါးဖြစ်သည့် ပုဏ္ဏ၀မ္မာ ထပ်မံစိုက်ပျိုးခဲ့သည်။ ၁၈၆၇-ခုနှစ်တွင် လေဒါဏ်ကြောင့် အပင်အိုကြီး လုံးဝပြိုလဲသွားခဲ့သဖြင့် ယခင် အပင်ကြီးနေရာတွင် အင်္ဂလိပ်ကျောက်စာဝန် ကင်နန်ဟန်က စိုက်ပျိုးခဲ့သည်။ ယခုတွေ့ရသောအပင်ဖြစ်၏။

(၂) အနိမိသစေတီ-
စေတီတော်၏အရှေ့မြောက်ထောင့် ၂၂၇-ပေကွာ ကုန်းမြင့်တခုပေါ်၌ တည်ရှိသည်။ ဉာဏ်တော် ၅၅-ပေ မြင့်သည်။ ပင်မ စေတီတော်ကြီးနှင့် ပုံစံတူ စေတီငယ်တစ်ဆူအထဲတွင် ဗောဓိသတ္တ (ဘုရားလောင်း) ရုပ်ထုရှိသည်။ ဤနေရာမှနေ၍ ဘုရားရှင်သည် မမှိတ်သော မျက်လုံးတော်ဖြင့် ဗောဓိပင်နှင့် ပလ္လင်တော်ကို ၇-ရက်ကြာ တစိမ့်စိမ့် ရှုတော်မူသည်။

(၃) ရတနာစင်္ကြံတော်-
စေတီတော်ကြီး၏မြောက်ဘက် ဗောဓိပင်မှ ၅၈-ပေကွာ၌ အရှေ့အနောက် အလျှား ၅၄ပေ ၉လက္မ၊ အနံ ၄-ပေ၊ အမြင့် ၃ပေရှိ စင်္ကြံထိပ်၌ ၁၉ပွင့်ပုံ ပြုလုပ်ထားသည်။ ဘုရားရှင် ခုနှစ်ရက်ပတ်လုံး စင်္ကြံ ကြွတော်မူသည့် နေရာတော် အထိမ်းအမှတ်ဖြစ်သည်။

(၄) ရတနာဃရရွှေအိမ်-
ဗောဓိပင်မှမြောက် (အနောက်ယွန်းယွန်း) ၁၅၃-ပေ အကွာ၌ ၁၄ပေx၁၂-ပေခန့် ကျယ်ဝန်းသည့် အမိုးမဲ့ အုပ်တိုက်ငယ် တစ်လုံးရှိပြီး၊ ၄င်းအထဲတွင် ဗောဓိသတ္တဘုရားနှင့် အခြားရုပ်ထုများရှိသည်။ နတ်တို့ ဖန်ဆင်းအပ်သော ဤအိမ်၌ ပိဋကတ်တော်ဓမ္မများကို ဆင်ခြင်တော်မူစဉ် ပဌာန်းကျမ်းအရောက်၌ ရောင်ခြည် ၆-သွယ် ကွန့်မြူး၍ ၇-ရက်လုံး စံတော်မူသည်။

(၅) အဇပါလ နိဂြောဓ
ဆိပ်ကျောင်းညောင်ပင်ကား ယခုမရှိတော့ပေ။ စေတီတော်ကြီး၏အရှေ့မုခ် လှေကားအဆင်းတည့်တည့်၌ အသောကမင်းကြီး စိုက်ခဲ့သော အမြင့် ၁၂-ပေခန့်ရှိ ကျော်တိုင်တခုရှိသည်။ ထိုစဉ်ကရှိခဲ့သော ညောင်ပင်ရင်းတွင် မာရ်နတ်သမီး ၃-ဦးတို့၏ ဖျားယောင်းခြင်းကို လစ်လျူရှုတော်မူရင်း ၇-ရက် စံတော်မူသည်။
(၆) မုစလိန္ဒာအိုင်-
ဗောဓိပင်မှ တောင်ဘက် ၃၃၂-ပေ အကွာ ရေကန်ကြီးထဲတွင် မြန်မာနိုင်ငံမှ လှူဒါန်းထားသော နဂါးရုံ ဘုရားရှင်ကို လှမ်းမျှော် ပူဇော်နိုင်သည်။ ထိုစဉ်က ကန်အနီးရှိ ကျေးပင်ရင်း၌ ဘုရားရှင် သီတင်းသုံးတော် မူခဲ့စဉ် အခါမဲ့မိုးရွာသဖြင့် မုစလိန္ဒနဂါးမင်းက ပါးပျဉ်းမိုး၍ ပူဇော်မှုကို ခံယူကာ ၇-ရက်စံတော်မူခဲ့သည်။

(၇) ရာဇယတန-
လင်းလွန်းပင်ငယ် တစ်ပင်ကို မြန်မာနိုင်ငံသား ဗိုလ်မှူးကြီးလှအောင်က စိုက်ပျိုးပေးထားသည်။ စေတီတော် (အတွင်းမဟာရံ တံတိုင်းနှင့်ကပ်လျှက်)၏ တောင်ဘက်တွင် တည်ရှိသည်။ ပေ ၈၀-ခန့် စတုရန်းဧရိယာ ကျယ်ဝန်းသည့် ရှေးခေတ် စေတီတော်ကြီး တစ်ခု၏ အုပ်ခုံ(ဘိနပ်)ကို တွေ့ရသည်။

ဘုရားအလောင်းတော် ၆-နှစ်တာကာလ ဒုက္ကရစရိယာကျင့်တော်မူရာ လိုဏ်ဂူသို့အသွား-
ဗုဒ္ဓရှင်တော်မြတ်ဒေသစရီကြွချီရာနေရာများအားအတွေးနယ်ချဲ့ရင်း
ရင်တွင်းဆွေးမြေ့စွာခံစားရသောမြင်ကွင်း
တောင်ထိပ်သို့-
ဥသျှစ်သီးများလှိုင်လှိုင်ပေါသည့်တောင်-

နားနားပြီးတက်ရသော တောင်တက်လမ်းတစ်လျှောက်
မတက်နိုင်သူများထမ်းစင်သုံးနိုင်-

လိုဏ်ဂူသို့ မ၀င်မီ ဥသျှစ်နံ့သင်းသော ရေနွေးကြမ်းဖြင့်
ဘုရားဖူးသူတို့ အမောပြေသောက်သုံးကြရ-

ရောက်ရာအရပ် မှတ်တမ်းပုံရိုက်ဖြစ်-
ဘုရားသမိုင်းရှင်းပြသည့် ဦးဇင်းနှင့် ဘုရားဂုဏ်တော်များရွတ်ဖတ်သရစ္ဇျာယ်သော ဘုရားဖူးအဖွဲ့

လိုဏ်ဂူအတွင်း ဒုက္ကရစရိယာ ကျင့်တော်မူဟန် ဗုဒ္ဓရုပ်ပွားတော်မြတ်-
သူတို့လေးတွေလည်း လွတ်လပ်စွာပျော်ပါးနေကြ-
သတိမထားလျှင် လွယ်ထားသောအိတ်ကို အလစ်သုပ်တတ်-

နေ့လည်စာ ထမင်းစားပြီးချိန်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ဘုရားအဖြစ်သို့ မရောက်မီကာလက ကျင့်ကြံပွားများ အားထုတ်ခဲ့သော ဒုက္ကရစရိယာကျင့်ရာလိုဏ်ဂူသို့ ခရီးဆက်ကြပါသည်။ ဘုရားအလောင်းတော်သည် လွန်စွာခဲယဉ်းသောအကျင့် (ဒုက္ကရစရိယာ) ကျင့်ကြံခဲ့သဖြင့် အရိုးပေါ် အရည်တင်သော ခန္ဓာကိုယ် အမှတ်ရဘွယ် ရုပ်ထုအား ကျောက်ဂူထဲ၌ ဖူးမြော်နိုင်ပါသည်။ ဘုရားလောင်း ဥရုဝေလတောတန်း (ဥသျှစ်ပင်များ ပေါက်နေသော တောတန်း)၌ ဒုက္ကရစရိယာ ခြောက်နှစ်တာ ကျင့်ကြံခဲ့သော လိုဏ်ဂူကြီးမှာ အလျား (၁၂)နှင့် အနံအမြင့် (၁၀)ပေခန့်သာရှိသဖြင့် ဘုရားဖူးများ (၃)ဦး (၄)ဦးခန့် ၀င်ပြီးဘုရားရှိခိုးခြင်း ဆီမီး အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း ပြုလုပ်နေပါက ကျန်ဘုရားဖူးများ လိုဏ်ဂူအတွင်းသို့ ၀င်ရန်အတွက် အပြင်ဘက်မှ တန်းစီရင်း စောင့်နေရပါသည်။ လိုဏ်ဂူ၏အပြင်ဘက်တွင် အသင့်အတင့် ကျယ်ဝန်းသောနေရာရှိသဖြင့် ထိုနေရာ၌ ကျမတို့ဘုရားဖူးအဖွဲ့များ တရားတော်များကို သံပြိုင် ရွတ်ဖတ်ပူဇော်ကြပါသည်။
ဥရုဝေလတောတန်းမှ သုဇာတာအမျိုးသမီး ဃနာနို့ဆွမ်းကပ်လှူသည့်နေရာ၊ သုဇာတာ အိမ်နေရာ၊ မြက်ရှစ်ဆုပ်ကပ်လှူသည့်ရာနေရာတို့အား သွားရောက်ပါသည်။
သုဇာတာ အမျိုးသမီး ဃနာနို့ဆွမ်း ကပ်လှူနေဟန်-
ဦးဇင်းမှ ဘုရားဖူးအဖွဲ့အား သုဇာတာအကြောင်း ရှင်းပြစဉ်-
မှတ်တမ်းပုံရိုက်ဖြစ်-
မှတ်တမ်းပုံရိုက်ဖြစ်-

သုဇာတာအိမ်ရာ စေတီတော်-

မြက်ရှစ်ဆုပ်ကပ်လှူသည့်နေရာ-
ရွှေခွက်မျှောတော်မူသည့် နေရဉ္စရာမြစ် လက်ရှိရေများ ခမ်းခြောက်နေ

ထိုမှတဆင့် ကမာကူရဂျပန်ဘုရားကြီးသို့ သွားရောက်ပြီး နေ့လည်စာကို သုံးဆောင်ပြီးချိန်တွင် မဂဓတက္ကသိုလ်သို့ သွားရောက်လှူဒါန်းကြပါသည်။ အိန္ဒိယနိုင်ငံတွင် မြန်မာစာသင်သား သံဃာ(၅၀၀)ကျော်ရှိရာ ထိုမဂဓတက္ကသိုလ်မှ သံဃာများမှာ အနွမ်းပါးဆုံးနှင့် လိုအပ်ချက်အရှိဆုံး ဖြစ်ကြောင်းကြောင့် ကျမတို့ဘုရားဖူးအဖွဲ့အား ရောက်အောင်ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ ထိုမှတဖန် ‘ဦးစန္ဒြမဏိကျောင်းသားများကျောင်း’သို့ သွားရောက်ပြီး ကျောင်းအလှူ လှူဒါန်းပါသည်။ ထိုကျောင်းတွင် ဘုရားဖူးတို့အား ရောက်မဆိုက် အရသာရှိသော နွားနို့နှင့် ဧည့်ခံသဖြင့် ဘုရားဖူးများ သောက်သုံးခဲ့ရသည်ကို ပြန်လည်လို့သတိရမိပါသည်။ တစ်နေ့တာ အချိန်ဇယား ပြီးဆုံးသွားပြီဖြစ်၍ ဘုရားဖူးအဖွဲ့ ကုသိုလ်များရင်တွင်ပိုက်ရင်း တည်းခိုရာမြန်မာကျောင်းသို့ ပြန်လာကြပါသည်။

ကမာကူရ ဂျပန်ဘုရားကြီး-
အမှတ်တရရိုက်-

ညနေ(၆)နာရီ ထမင်းစားပြီးချိန်တွင် ခင်ပွန်းဖြစ်သူနှင့် ဘုရားဖူးအဖွဲ့မှ နှစ်ဦး စုစုပေါင်း သုံးဦး၊ သီလရှင်ဝတ်သူ တစ်ဦးတို့ ဆံရိတ်ခြင်းအမှုကိုပြုကြသည်။ ဒုလ္လဘရဟန်းခံသူတို့မှာ ကိုရင်ကြီးဝတ်ပြီးက တဆက်တည်း ထိုဌာနေ၏ ဓလေ့ထုံးစံအရ ညတွင်းချင်း သိမ်ဝင်ခြင်း သိမ်ဆင်းခြင်းအမှုတို့ကို ပြုလုပ်ရာ ဘုရားဖူးအဖွဲ့မှ သိမ်ဆင်းလောင်းပြီး ဆန္ဒနှင့်ထပ်တူကျသော ကျမရဲ့အလှူတစ်ခု အောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့ပါသည်။

ဆံမချမီ-
ဒုလ္လဘရဟန်းအဖြစ်ခံယူရန်ဆံချစဉ်-
သိမ်ဆင်းလောင်းလှူ-
သိမ်ဆင်းလောင်းလှူ-
ဆရာတော်အား ၀တ္ထုကပ်လှူစဉ်-
သံဃာတော်များအား ၀တ္ထုကပ်လှူစဉ်-
 ဖြစ်လိုသောဆန္ဒတစ်ခုအောင်မြင်ခဲ့ရ-

တစ်ရက်တစ်မနက်အသက်ရှင်စဉ် သံသရာအတွက်ရိက္ခာစုရင်း ကောင်းမှုပြု-

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz