x

12.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၄ရက်မြောက်


၂၀၁၆-ခုနှစ် ဧပြီလ(၁၄)ရက်နေ့ နံနက်စာကို ပတ္တနားဘုန်းတော်ကြီးကျောင်းမှာ မနက်စာစားသုံးပြီးနောက် ထိုမြို့ရှိ တတိယသင်္ဂါယနာတင်သော နေရာနှင့် မဟတ္တမဂန္ဒီ အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားသော ဂင်္ဂါမြစ်ကူးတံတားကြီးတို့အား ကားပေါ်မှဖြတ်ကျော်ရင်း လေ့လာကြပါသည်။ တတိယသင်္ဂါယနာတင်ပွဲအား (၂၄၄)ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ပါဋလိပုတ္တပြည်၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ရဟန္တာမြတ်အား အသောကဘုရင်က ကျောင်းဆောက်လှူဒါန်းရာ နေရာ၌ကျင်းပခဲ့သည်။ ပတ္တနားမြို့ (ပါဋလိပုတ်)သည် ဗီဟာပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက မဂဓတိုင်းကြီးသခင် ဘုရင်အဇာတသတ်မင်းသည် လိဇ္ဇ၀ီမင်းတို့ကို တိုက်ခိုက်၍ ဝေသာလီပြည်ကို သိမ်းယူရန်အတွက် ဂင်္ဂါမြစ်ကမ်းရှိ ပါဋလိရွာကို ခံတပ်မြို့အဖြစ် တည်ဆောက်ခဲ့သည်။ မြို့တည်စဉ်က မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အခမ်းအနား ဖွင့်ပွဲတွင် အနုမောဒနာတရား ဟောကြားတော်မူခဲ့သည်။ ပါဋလိပုတ်မြို့တော်သည် ဇမ္ဗူဒိပ်ကျွန်းတွင် အကြီးအကျယ်ဆုံး ဖြစ်သည်။ ရေ၊ မီးနှင့် အချင်းချင်းကွဲပြားမှု သုံးမျိုးကြောင့် မြို့ပျက်မည်ဟု ဗျာဒိတ်တော်ထားခဲ့သည်။ သာသနာ (၂၃၅)ခုနှစ်တွင် ပါဋလိပုတ်မြို့တော်မှ အစပြု၍ အသောကမင်းကြီးသည် ဓမ္မက္ခန္ဓာ (၈၄,၀၀၀)ကို အထိမ်းအမှတ်ပြုသောအားဖြင့် ရေတွင်းပေါင်း (၈၄,၀၀၀)၊ ရေကန်ပေါင်း (၈၄,၀၀၀)၊ စေတီပေါင်း (၈၄,၀၀၀)၊ ကျောင်းပေါင်း (၈၄,၀၀၀) ဆောက်လုပ် လှူဒါန်းခဲ့သည်။

ထိုမှတဆင့် ဝေသာလီမြို့ရှိ ဝေသာလီမင်းသားတို့၏ မင်္ဂလာကန်တော်၊ ဘုရားရှင်၏ ဓာတ်တော်များကို လိဇ္ဇ၀ီမင်းများ တည်ထားကိုးကွယ်ခဲ့သော စေတီနေရာ၊ အသောကကျောက်စာတိုင်တို့အား ဖူးမြော်ရင်း ထိုနေရာတွင် ဘုရားဖူးအဖွဲ့တို့ ဘုရားဂုဏ်တော်များနှင့် ရတနသုတ်တော်အား သံပြိုင်ရွတ်ဖတ်သ ရစ္ဇျာယ်ကြပါသည်။ ဝေသာလီမှာ လိဇ္ဇ၀ီများ စုပေါင်းအုပ်ချုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ထိုသူတို့၏ ညီညွတ်ကြပုံကို အတူယူကြရန် ရဟန်းသံဃာတို့အား မြတ်ဗုဒ္ဓက သွန်သင်တော်မူလေ့ရှိသည်။ ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်အနည်းငယ်အတွင်း၌ ဝေသာလီသည် မာဂဓတိုင်း၏ လက်အောက်ခံ ဖြစ်သွားခဲ့သည်။ ဒုတိယသင်္ဂါယနာကို ကာလာသောကမင်းလက်ထက် ဝေသာလီရှိ ၀ါဠုကာရုံ ကျောင်းတော်၌ တင်ခဲ့သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်(၅၀၀)အတွင်း အရေးပါသော ဘုရားဖူးနေရာတော် ဖြစ်ခဲ့သည်။ မိထွေးတော် ဂေါတမီ၏ လျှောက်ထား တောင်းပန်မှုကြောင့် ဘိက္ခူနီသာသနာ စတင်ခွင့်ပြုခဲ့ရာ ဒေသလည်းဖြစ်သည်။ ဝေသာလီပြည်၌ ကောက်ပဲသီးနှံပျက်စီး၊ အစာရှားပါးငတ်မွတ်သည့်ဘေးနှင့် ကြုံတွေ့ရသဖြင့် ဆင်းရဲသားများ သေကြေပျက်စီးကြသည်။ လူသေပစ်သောမြို့ပြင်ကို ဘီလူးများ ၀င်ရောက်လာကြသဖြင့် လူအများ ပိုမိုသေဆုံး ပျက်စီးကြသည်။ သို့ဖြစ်၍ လိဇ္ဇ၀ီမင်းနှစ်ပါးသည် နောက်ပါအခြံအရံများဖြင့် မြတ်စွာဘုရားထံသို့ သွားရောက်၍ ထိုအကြောင်းကို လျှောက်ထားခဲ့ရာ မြတ်စွာဘုရားသည် သိကြားမင်းနှင့်တကွ တန်ခိုးကြီးသော နတ်များနှင့်အတူ ဝေသာလီပြည်သို့ ကြွရောက်ခဲ့သည်။ မြတ်စွာဘုရား၏ သင်ကြားညွှန်ပြချက်အရ အရှင်အာနန္ဒာသည် တံတိုင်း(၃)ထပ်အကြားတွင် ညဥ့်သုံးယံပတ်လုံး ဘုရားဂုဏ်တော် ဆင်ခြင်တော်မူ၍ ရတနာသုတ်ပရိတ်တော် ရွတ်ဖတ်ပူဇော်သဖြင့် ဘီလူးများထွက်ပြေးကြပြီး ကပ်ရောဂါများ ကင်းဝေးခဲ့သည်။ ဝေသာလီပြဿဒ်ကျောင်း (ကုဋာဂါရသာလာ)၌ ဘုရားရှင်သီတင်းသုံးတော်မူခဲ့သည်။

 ဘုရားရှင်၏ဓာတ်တော်များကို လိဇ္ဇ၀ီမင်းများ တည်တားကိုးကွယ်ခဲ့သောစေတီနေရာ-

အသောကကျောက်စာတိုင်-
 ဘုရားရှင်၏ဓာတ်တော်များကို လိဇ္ဇ၀ီမင်းများ တည်တားကိုးကွယ်ခဲ့သောစေတီနေရာနှင့်
အာသောကကျောက်စာတိုင်

ဘုရားဂုဏ်တော်များနှင့် ရတနသုတ်အား ရွတ်ဖတ်သရစ္ဇျာယ်ရန်လူစုစဉ်-



 အမြင့်ဥာဏ်တော်ပေ ၁၅၀ရှိ ကေသရိယစေတီတော်
ကားသွားရင်း အဆင်ပြေသလို ရိုက်လိုက်ရတဲ့ရိုက်ချက် ^_^
ထိုမှတဆင့် မြတ်စွာဘုရား သပိတ်တော်အား လွှဲအပ်ရာနေရာနှင့် ကာလာမသုတ္တန် ဟောကြားရာနေရာ၌ လိဇ္ဇ၀ီမင်းများ တည်ထားခဲ့သော ကေစရိယ ပုထိုးတော်ကြီးအား ဖူးမြော်ပါသည်။ ဗုဒ္ဓသပိတ်တော်သည် ရှေးဟောင်း ဗုဒ္ဓဘာသာလောကတွင် အမြတ်တနိုးထားခဲ့ကြသည့် အထွဋ်အမြတ် ပစ္စည်းတစ်ခုပင်ဖြစ်၏။ သာသနာတော်သက်တမ်းရှည်သည့်အလျောက် ဗုဒ္ဓသပိတ်တော်၏သမိုင်းသည်လည်း ရှုပ်ထွေးလှပေသည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုတော်မူရန် ဝေသာလီမှ ကုသိနာရုံသို့ ကြွတော်မူစဉ် သပိတ်တော်အား လဇ္ဇ၀ီမင်းတို့အား စွန့်ပေးခဲ့ပါသည်။ အေဒီ(၁)ရာစု (သို့) (၂)ရာစုခေတ်တွင် ကနိသျှကဘုရင်သည် စေတီတော်အတွင်း ကိန်းဝပ်တော်မူနေသည့် အဆိုပါ ဗုဒ္ဓသပိတ်တော်အား ပူသျှပူရ(ယခုပက်သျှဝါ)သို့ ပင့်ဆောင်သွားသည်။ အေဒီ(၃)ရာစုမှ (၉)ရာစုအထိ ပက္ချဝါတွင် ကိန်းဝပ်လျှက်ရှိပြီး မူဆလင်များ အုပ်ချုပ်သည့်ခေတ် ရောက်သောအခါ သပိတ်တော်အား ဗလီကျောင်းတစ်ခုမှ နောက်တစ်ကျောင်းဆီသို့ ရွှေ့ပြောင်းထားရှိခဲ့ကြသည်။ နောက်ဆုံးတွင် ကန္ဒဟာမြို့တော်၏ ဆင်ခြေဖုံးတစ်နေရာရှိ Sultan Ways Baba မည်သော ဗလီကျောင်းတွင် ထားရှိကြသည်။ သပိတ်တော်၏ ထင်ရှားသည့်အမှတ်အသား တစ်ခုမှာ ဗုဒ္ဓရုပ်ပွားတော်များ၏ ပလ္လင်တော်များပေါ်တွင် ထုဆစ်လေ့ရှိသည့် ဂန္ဓာရအနုပညာ ပန်းကနုတ်များဖြင့် ပြောက်မွှန်းထုဆစ်ထားခြင်းပင်ဖြစ်သည်။ ဗြိတိသျှကျောက်စာဝန် ဆာ-အလက်စန္ဒား ကန္နဂဟန်က သပိတ်တော်၏ သမိုင်းဖြစ်စဉ်ကို ခြေရာခံဖော်ထုတ်ကြိုးစားခဲ့သည်။ ၁၉၈၀-ခုနှစ်နောက်ပိုင်း သမ္မတ နဂျီဘူလာသည် သပိတ်တော်အား အာဖဂန်မြို့တော် ကဘူးရှိ အမျိုးသားပြတိုက်သို့ ရွှေ့ပြောင်းထားရှိခဲ့၏။ ကမ္ဘာ့အကြီးဆုံး ဘာမီးယန်း ဗုဒ္ဓရုပ်ပွားတော်ကြီးများအား အမြောက်ဖြင့် ပစ်ခတ်ချေဖျက်သည့် တာလီဘန်များ လက်ထက်တွင် ပြတိုက်ထဲရှိ ဗုဒ္ဓဘာသာ ရှေးဟောင်း လက်ရာများအားလုံးကို ဖြိုခွဲဖျက်ဆီးချိန်ရာ၌ သပိတ်တော်မှာ လွတ်မြောက်ခဲ့ပြီး ယခုအခါ သပိတ်တော်အား ကဘူးအမျိုးသား ပြတိုက်အတွင်း ၀င်ပေါက်တွင် ထားရှိထားပါသည်။  
လမ်းခုလတ်တွင် နေ့လည်စာသုံးဆောင်ကြပြီး ကုသိနာရုံသို့ ဆက်လက်ထွက်ခွာကြသည်။ ညနေပိုင်းတွင် တည်းခိုမည့် ကုသိနာရုံ မြန်မာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြပြီး ညနေ(၆)နာရီတွင် ညစာသုံးဆောင်ကြကာ ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့လှူတန်းကြပြီး ထိုနေ့တစ်နေ့တာကို ကုန်လွန်စေခဲ့ပါသည်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz