x

17.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၅ရက်မြောက်


နံနက်စာသုံးဆောင်ပြီးချိန်တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည့် မဟာပရိနိဗ္ဗာနစေတီတော် (သံဝေဇနိယဌာန)သို့ သွားရောက် ဖူးမြော်ကြပါသည်။ ဘုရားဖူးအဖွဲ့သည် ကုမ္ပဏီမှယူဆောင်လာသော ကြာသင်္ကန်းတော်ကပ်လှူ ပူဇော်ပြီးနောက် ဘုရားဂုဏ်နှင့် တရားတော်များကို ရွတ်ဖတ်သရစ္ဇျာယ် ကြပါသည်။ ၁၈၇၆-ခုနှစ်တွင် အိန္ဒိယကျောက်စာဌာနမှ ကာလီရယ်က ကုသိနာရုံ၌ တူးဖော်မှုများ ပြုလုပ်ခဲ့ရာမှ ရှေးဟောင်းပစ္စည်း မျိုးစုံနှင့်အတူ ပရိနိဗ္ဗာန် ပြုတော်မူဟန် လျောင်းတော်မူ မြေသား ဗုဒ္ဓဆင်းတုတော်ကြီး တစ်ဆူကိုတွေ့ရှိခဲ့သည်။ ခြေဖ၀ါးတော်မှ ဦးသျှောင်တော်အထိ ၂၈ပေ၊ ပခုံးတော် ၅ပေ၆လက္ခရှိတော်မူပြီး မြောက်အရပ်သို့ ဦးခေါင်းပြုတော်မူပြီး အနောက်ဘက်အရပ်သို့ မျက်နှာမူပုံဖြစ်သည်။ ပလ္လင်တော်၌ တွေ့ရသည့် ကမ္ဗည်းစာအရ ရုပ်ပွားတော် အလှူရှင်မှာ မဟာဝိဟာရကျောင်းနေ ဟရဗလဆွာမိ ရဟန်းတော်ဖြစ်ပြီး မထုရာပြည်သား ပညာရှင် ဒိန္နဆိုသူက ထုလုပ်ခဲ့သည်။ လျောင်းတော်မူ ဗုဒ္ဓရှင်တော်မြတ်၏ ရုပ်ပွားတော်မြတ်ကြီးအား ဖူးတွေ့နေချိန်တွင် ဘုရားဖူးသူတို့၏ စိတ်အစဉ်မှာ ညှိုးနွမ်းကာ ၀မ်းနည်းမှုများနှင့်အတူ နှမြောတသ နေကြမည်မှာ ဧကန်မလွဲပေ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ နေရာတည့်တည့်တွင် အထိမ်းအမှတ်ပြု မဟာပရိဗ္ဗာနစေတီတော် တည်ထားလေသည်။ စေတီတော်၏ အနောက်ဘက်တွင် အုတ်ခုံကြီးများရှိပြီး တောင်ဘက်တွင် ရဟန္တာဓာတ်တော် ဌာပနာသည့် စေတီငယ်များကို တွေ့မြင်နိုင်ပေသည်။


















ထိုမှတဆင့် မြတ်စွာဘုရားရှင်အား တေဇောဓာတ် လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီသို့ ဘုရားဖူးအဖွဲ့များ သွားရောက်ကာ အင်္ဂါရစေတီတော်ကြီးအား ဆီမီး အမွှေးတိုင်တို့ဖြင့်ပူဇော်ခြင်း ရွှေသင်္ကန်းကပ်လှူခြင်း အစရှိသော ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ဘုရားဖူးအဖွဲ့အား အတူပါလာသော ဦးဇင်းမှ ရှင်းပြပြီး အားလုံး ဘုရားဂုဏ်တော်မှအစပြု၍ တရားတော်များကို ရွတ်ဖတ်သရစ္ဇျာယ် ကြပါသည်။ ဘုရားရှင်အား အထွဋ်အထိပ် ရိုသေမှုပြုသည့် အနေဖြင့် မလ္လမင်းတို့သည် ၄င်းတို့၏ ဘိသိက်ခံယူရာနေရာသို့ ထုတ်ဆောင်ယူလာခဲ့ကြသည်။ ဤနေရာ၌ ပြင်ဆင်ထားရှိသည့် နံ့သာ ထင်းပုံပေါ်တွင် ၇-ရက်ခန့် စံနေတော်မူပြီးမှ အလောင်းတော်အား တေဇောဓာတ် လောင်ကျွမ်းတော် မူခဲ့သည်။








အပြန်လမ်းမှာ စားချင်စဖွယ် ဂျလေဘီရောင်စုံ မြင်၍ရိုက်ဖြစ်-

တဖန် မြတ်စွာဘုရား နောက်ဆုံးရေကြည်တော် သောက်သုံးသည့်နေရာတို့အား သွားရောက်ဖူးမြော်ကြကာ ဘုရားဖူးအဖွဲ့သည် တစ်ပါတည်းပါလာသော ရေသန့်ဗူးများကို ကပ်လှူကာ ပရိတ်ရေအဖြစ်ပြန်လည်ကာ သယ်ဆောင်လာကြပါသည်။ မာထဂူဝတန်ဆောင်းတော်အတွင်း ဘူမိ ဖဿမုဒြာ ရုပ်ပွားတော်ကြီးတစ်ဆူ ကိန်းဝပ်တော်မူလျက်ရှိသည်။ ဘုရားရှင် ပါဝါမှ ကုသိနာရုံသို့ ကြွတော်မူလာစဉ် ၂၅-ကြိမ်မြောက် နားနေတော်မူခဲ့သောနေရာ တစ်နည်းအားဖြင့် နောက်ဆုံး ရေကြည်တော် ဘုန်းပေးတော်မူခဲ့သည့်နေရာ ဖြစ်ပေသည်။





တစ်ဖွဲ့ပြန်သော် တစ်ဖွဲ့လာဖြင့် စည်းကားလျက်ရှိသည်-

တစ်နေ့တာ၏ နောက်ဆုံးခရီးစဉ်ဖြစ်သော မလ္လာရာမ၀ိဟာရ မြန်မာကျောင်းသစ်၌ ဆောက်လုပ်ဆဲ ဖြစ်သဖြင့် ကျောင်းအလှူကို ဘုရားဖူးအလှူရှင်များ ကိုယ်တတ်စွမ်းသလောက် လှူဒါန်းကြကာ နေ့လည်စာအား တည်းခိုရာ မြန်မာဘုန်းတော်ကြီးကျောင်း၌ သုံးဆောင်ကြသည်။ ကျန်အချိန်ကို ကိုယ်ပိုင်အချိန်အဖြစ် သတ်မှတ်ပေးသဖြင့် ဘုရားဖူးများ မြန်မာကျောင်းအနီးအနားရှိ ဈေးတန်းလေးတွင် ဈေးဝယ်ခြင်း ကျောင်းဝန်းကျင်တစ်ခွင် လှည့်လည်ကာ ဘုရားဖူးခြင်း  မှတ်တမ်းပုံများရိုက်ခြင်းဖြင့် အချိန်ကုန်လွန်စေပြီး ထိုနေ့တစ်ညတာကိုဒုတိယ ညအဖြစ် ထိုကျောင်းတွင်ပင် အိပ်စက်အနားယူခဲ့သည်။

 ကျောင်းဝင်းတွင်းရှိ သရက်ပင်ပုလေးများ-

 သရက်ဖူးများ ဝေေ၀ဆာဆာ-
ကျောင်းဝင်းတွင်းမှ မက်မွန်သီးပင်-

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz