x

20.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၆ရက်မြောက်


၁၆-၄-၂၀၁၆ခုနှစ် စနေနေ့နံနက်တွင် ကျမတို့ ခင်နန္ဒာဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၏ ၆-ရက်မြောက်နေ့ ဖြစ်ပါသည်။ နံနက်စာ ကုသိနာရုံတွင် စားသောက်ပြီးချိန်၌ ကုသိနာရုံမှ ၈၇-မိုင်ဝေးသော မြတ်စွာဘုရား ဖွားမြင်သန့်စင်တော်မူရာ လုမ္ဗိနီဥယျာဉ်ရှိရာ နီပေါနိုင်ငံသို့ ဆက်လက်၍ထွက်ခွာကြသည်။ နီပေါနယ်စပ်မ ရောက်မီ (၆)မိုင်ခန့်အကွာရှိ ဆိုနောလီ မြန်မာဘုန်းတော်ကြီးကျောင်းတွင် နေ့လည်စာအား သုံးဆောင်ကြပါသည်။ အိန္ဒိယနှင့်နီပေါနယ်စပ်တွင် ကားများ၊ လူများ အလွန်ရှုပ်ထွေးသဖြင့် တာဝန်ခံမှ နယ်ခြားဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ ဆောင်ရွက်စဉ် ကားစောင့်ဆိုင်းနေစဉ်အတွင်း မလိုလားအပ်သော ကိစ္စကြီးငယ်များ ဖြစ်ပေါ်မည်စိုးသဖြင့် ဘုရားဖူးအဖွဲ့ကို ကားပေါ်မှ မဆင်းရန် ကြိုတင်၍ သတိပေးပါသည်။

ဆိုနောလီ မြန်မာဘုန်းတော်ကြီးကျောင်း

အိန္ဒိယနှင့်နီပေါနယ်စပ်

 ကပိလ၀တ်ပြည်နန်းတော်ရာသို့သွားစဉ်လမ်းခရီး-

 ညနေပိုင်းတွင် ကပိလ၀တ်ပြည် နန်းတော်ရာနှင့်နီဂြောဓာရုံကျောင်းတို့အား သွားရောက်လေ့လာကြသည်။ ကပိလ၀တ်မြို့တော်နှင့် ပတ်သက်၍ သိခဲ့ရသည့်အကြောင်းမှာ သကျတို့၏ မြို့တော်ကို ဗုဒ္ဓ၏ ရှေးဘိုးဘေးများက တည်ထောင်ခဲ့သည်။ ကပိလရသေ့၏ သင်ခန်းရာ၌တည်၍ ကပိလ၀တ္ထုဟုတွင်သည်။ မောင်နှမရင်းချာချင်း လက်ဆက်ပြီး အမျိုးဂုဏ် ထိန်းသိမ်းခဲ့ကြခြင်းကို ခမည်းတော် ဥက္ကာကရာဇ်မင်းကြီးက “သကျာဝတ ဘောကုမာရော” ဟု ချီးကျူးသည့် ဥဒါန်းစကားကြောင့် သကျမျိုးဟု တွင်လာသည်။ ဤမြို့တော်တွင် အလောင်းတော်ဘ၀ သက်တော် ၂၉-နှစ်ထိ နေထိုင်ခဲ့သည်။ ဘုရားဖြစ်ပြီးနောက် ပြန်ကြွလာပြီး ဆွေတော်မျိုးတော်တို့အား ချွေချွတ်ကာ ၁၅-၀ါမြောက်တွင် နိဂြောဓာရုံကျောင်းတော်၌ ၀ါဆိုတော်မူခဲ့သည်။ သကျတို့သည် ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော် မမူမီ နှစ်အနည်းငယ်အလိုတွင် ၀ိဋဋူဘ၏ မျိုးဖြုတ်လုပ်ကြံမှုကြောင့် အများစုမှာ သေဆုံး ပျောက်ကွယ်ခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သူ သကျများသည် တောင်တန်းဒေသဘက်သို့ ထွက်ပြေးခိုလှုံကာနေခဲ့ကြကာ မောရိယနဂရကို တည်ထောင်ခဲ့ကြသည်။
 နန်းတော်တွင်း-





 လွမ်းမောဖွယ်ရာ နန်းတော်ရာ
သိဒ္ဓတ္ထမင်းသား ကြင်ယာတော်ယသော်ဓရာ၊ ရင်သွေးတော်ရာဟုလာနှင့်
ထီးနန်းစည်းစိမ်တို့ကိုစွန့်လွှတ်၍ နန်းတော်မှထွက်ခွာသည့်နေရာ






 နိဂြောဓာရုံကျောင်း



နိဂြောဓာရုံကျောင်း-

ထိုမှတဆင့် တည်းခိုရန်အတွက် မြန်မာရွှေကျောင်းတော်ကြီးသို့ သွားရောက်ကြကာ ညစာ သုံးဆောင်ပြီးချိန်တွင် အလှည့်ကျတာဝန်ခံ ဆရာတော်အား ပူဇော်ကန်တော့ခြင်း လှူတန်းခြင်း ကောင်းမှုကုသိုလ်များပြုကြပါသည်။ ဖွားတော်မူဟန် ရုပ်ပွားတော်များနှင့် ဆေးလက်ကောက်များကို ကျောင်းတိုက်အတွင်း၌ပင် ၀ယ်ယူနိုင်ကြပြီး ထိုတစ်ညအဘို့ အိပ်စက်အနားယူကြပါသည်။
 တည်းခိုဆောင်-




အလှည့်ကျတာဝန်ခံ ဆရာတော်အားပူဇော်ရန် စောင့်ဆိုင်းစဉ်-

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz