x

26.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်- ၈ရက်မြောက်


၁၈-၄-၂၀၁၆ရက်နေ့သည် ကျမတို့ ခင်နန္ဒာဘုရားဖူးအဖွဲ့၏ အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ် (၈)ရက်မြောက်သော နေ့တစ်နေ့ဖြစ်ပါသည်။ နံနက်စာ သုံးဆောင်ပြီးချိန်တွင် သုဒတ္ထစေတီ၊ အဂုင်္လိမာလ စေတီနှင့် သာဝတ္ထိမြို့ဟောင်း၊ မြတ်စွာဘုရားရှင် (၂၄)၀ါတိုင်တိုင် သီတင်းသုံးတော်မူခဲ့သည့် ဇေတ၀န် ကျောင်းတော်ရာများသို့ သွားရောက်ကြပါသည်။ ထိုမှတဆင့် တာဝတိံသာ နတ်ပြည်သို့ ကြွလှမ်းတော်မူရာ သရက်ဖြူကုန်း (စေတီတော်နေရာ)၊ ဒေ၀ဒတ်နှင့် စိဉ္စမာနတို့ မြေမြိုခဲ့သည့်နေရာများသို သွားရောက် လေ့လာကြသည်။

 အနာထပိဏ်ကျောင်းဆောင်-
မဟာဇေယျသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှ ဘုရားဖူးထွက်ခါနီး-
 သုဒတ္ထစေတီ (သုဒတ္ထအနာထပိဏ်သူဌေးကြီး)တည်သော စေတီတော်-


ပဌာန်းဆက်ပါသူများရဲ့အမှတ်တရ-
အဂုင်္လိမာလစေတီတော်တွင် အမှတ်တရ-
 လိုက်ပါလာသောဦးဇင်းမှ အင်္ဂုလိမာလစေတီတော်အကြောင်းရှင်းပြ-
 ဘုရားဖူးအဖွဲ့တို့စိတ်ဝင်တစား-
အင်္ဂုလိမာလစေတီတော်-
သာဝတ္ထိမြို့သည် မြတ်စွာဘုရားရှင်လက်ထက်တော်က ကောသလတိုင်း၏ နန်းမြို့တော်ဖြစ်ခဲ့သည်။ အစီရ၀တီမြစ်၏ ကမ်းပါး၌ တည်ရှိလေသည်။ ထိုအချိန်က မဇ္ဈိမဒေသရှိ အချမ်းသာဆုံးနှင့် နာမည်အကြီးဆုံး မြို့တော်များတွင် ထိပ်တန်းမှပါဝင်ခဲ့သည်။ သာဝတ္ထိတွင် ဗုဒ္ဓစာပေ၌ အများဆုံး နေရာယူထားသော ဇေတ၀န်ကျောင်းတော်အပြင် ပုဗ္ဗာရုံကျောင်းတော်၊ ရာဇိကာရုံကျောင်းတော်များ ရှိခဲ့သည်။ ဘုရားရှင် ၀ါတော် ၂၄-၀ါတိုင်တိုင် သီတင်းသုံးတော်မူခဲ့သော ဇေတ၀န်ကျောင်းတော်သည် သာဝတ္ထိပျက်စီး တိမ်ကောပြီးနောက်တွင်လည်း အရေးပါသော ဗုဒ္ဓဌာနတစ်ခုအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။ ဖာဟိယန်မှတ်တမ်းအရ အလှူပွဲမှမီးကြောင့် ဘုံ ၇-ဆင့်ပါသော ဂန္ဓကုဋိကျောင်းတော် ပြာကျခဲ့ရသည်။ ကျောင်းတော်အတွင်း ကျိန်းဝပ်တော်မူသည့် နံ့သာဆင်းတုတော်မှာမူ တစုံတရာ မီးလောင်ကျွမ်း၊ ထိခိုက်မှုမရှိဘဲ အံ့သြဖွယ်ရာ ပြန်လည်တွေ့ရှိခဲ့သည်။ သို့ဖြင့် ကျောင်းတော်ကို မူလနေရာတွင်ပင် ပြန်လည်တည်ဆောက်ပြီး ဆင်းတုတော်ကို ပြန်လည်ရွှေ့ပြောင်း ကိုးကွယ်ခဲ့ကြသည်။

မြို့တော်တောင်ဘက်တံခါး အ၀င်ဝတွင် ဂျိန်းဘုရားကျောင်းအုတ်တိုက်ပျက်တစ်ခုအပြင် ကကျီကုဋိနှင့် ပကီကုဋိ ခေါ်သော တိုက်ပျက်ကြီးနှစ်ခုရှိရာ ကောသလမင်းကြီး စံပျော်ရာ နန်းတော်နှင့် မလ္လိကာ မိဖုရားကြီး နေထိုင်သော နန်းမဆောင်ဟုသိရသည်။ ပုဗ္ဗာရုံကျောင်းတော်သည် သာဝတ္ထိမြို့တော်၏ အရှေ့ဘက်တွင်ရှိပြီး ၀ိသာခါကျောင်းအစ်မကြီး ဒင်္ဂါး(၉)ကုဋေဖြင့် ဆောက်လုပ် လှူဒါန်းထားခြင်းဖြစ်၏။ ယခုအခါ အစိရ၀တီမြစ် ရေတိုက်စားသဖြင့် ပုဗ္ဗာရုံကျောင်းတော်မှာ မြစ်ထဲ၌ မိုက်ဝက်ခန့် သောင်ထွန်းလျက် ရှိလေသည်။ ထိုအစိရ၀တီမြစ်သည် ဘုရားရှင်လက်ထက်တော်က ပဋာစာရီ သူဌေးသမီး၏ သားကြီးရေမျော၍ သားငယ်စွန်ချီခံရသော နေရာဖြစ်လေသည်။ ထို့အပြင် သာကီဝင် တစ်မျိုးလုံးကို သတ်ဖြတ်၍ ပြန်လာသော ၀ိဋဋူဘမင်းသားနှင့် စစ်တပ်ကြီးကို ညဥ့်အခါ စခန်းချ အိပ်စက်နားနေစဉ် ရေလွှမ်းမိုးနစ်မြှုပ် သုတ်သင်ခဲ့သော မြစ်လည်းဖြစ်သည်။

ဇေတ၀န်ကျောင်းတော်ရာနှင့် ပတ်သက်သော ရာဇ၀င်အကျဉ်းမှာ ဇေတမင်းသား ပိုင်ဆိုင်သော ဧက(၃၀) ဥယျာဉ်ကြီးအား အနာထပိဏ်သူဌေးက မြတ်စွာဘုရားရှင်အတွက် ကျောင်းဆောက် လှူဒါန်းလိုသဖြင့် ဇေတမင်းသားထံ မကြာခဏသွား၍ ဥယျာဉ်ကို ရောင်းချပေးပါရန် တောင်းပန်သည်။ ဇေတမင်းသားသည် အကြိမ်ကြိမ်ငြင်းပယ်သော်လည်း အနာထပိဏ်သူဌေးကား အားမလျှော့ပေ။ ဇေတမင်းသား စိတ်မရှည်တော့သဖြင့် “ကျွန်ုပ်၏ ဥယျာဉ်ကို အလိုရှိပါက ဥယျာဉ်အပြည့် ရွှေဒင်္ဂါး ခင်းရမည်” ဟုဆိုရာ အနာထပိဏ်သူဌေးလည်း ဘဏ္ဍာတိုက်မှ ရွှေဒင်္ဂါးများ အမြန်ထုတ်၍ ခင်းလိုက်သည်။ ဥယျာဉ်တစ်ဝက်ခင်းပြီးချိန်တွင် ဇေတမင်းသားက မရောင်းနိုင်ကြောင်း ငြင်းပယ်ရာမှ ၀ယ်သူရထိုက်၊ မရထိုက် တရားရုံးတော်၌ တရားစွဲရာ ဇေတမင်းသား အမှုရှုံးသည်။ နောက်ဆုံးတွင် ဇေတမင်းသား ကိုယ်တိုင်က စေတနာသဒ္ဓါတရား ပေါက်လာသဖြင့် မြေတ၀က်ကိုသာ ရွှေဒင်္ဂါးခင်းစေကာ ကျန်တစ်ဝက်နှင့် မုခ်ဦးကို လှူလိုက်သည်။ မြေတစ်ဝက်၏ တန်ဘိုးသည် ထိုခေတ် ရွှေဒင်္ဂါး(၁၈)ကုဋေဖြစ်သည်။ အနာထပိဏ်သူဌေးသည် စုစုပေါင်း ကုန်ကျငွေ (၅၄)ကုဋေ ကုန်ကျခံ၍ ကျောင်းဆောက်လှူဒါန်းခဲ့သည်။


မြတ်စွာဘုရားရှင်၏ တရားဟောပလ္လင်

 ဘုရားဖူးအဖွဲ့ ဂန္ဓကုဋီ ကျောင်းတော်ရာ၌ မင်္ဂလသုတ်တော်ရွတ်ဖတ်သရစ္ဇျာယ်-

 မြတ်စွာဘုရားရှင် ဆွမ်းခံအပြန် ခြေတော်ဆေးသည့် ရေတွင်း-

ဂန္ဓကုဋိ၏ အရှေ့မြောက်ဘက်တွင် အရှင်မောဂ္ဂလန်၏ ဓာတ်တော်စေတီနှင့် အရှေ့တောင်ဘက်တွင် အရှင်သာရိပုတ္တရာ၏ ဓာတ်တော်စေတီတော်တို့ရှိသည်။ ဘုရားရှင်သည် ဓမ္မာရုံတွင် နေ့စဉ်နေ့တိုင်း ညနေချိန်၌ လူများကို တရားဟောတော်မူပြီး ညဥ့်ဦးချိန်၌ ရဟန်းများကို တရားဟောတော်မူသည်။ ဘုရားရှင်သည် ဆွမ်းခံအပြန် ဂန္ဓကုဋိရှေ့ ရေတွင်းတွင် ခြေတော်ဆေးလျက် ရဟန်းတော်များအား ဓမ္မာရုံထဲ၌ ဒုလ္လဘတရား (၅)ပါးကို မမေ့ရန် နေ့စဉ်နေ့တိုင်း သြ၀ါဒပေး ဟောကြားတော်မူလေသည်။

ဇေတ၀န်ကျောင်းတော်ရာ-


 အာနန္ဒာဗောဓိပင်ကြီး

မြတ်စွာဘုရားရှင် အခြားသောနေရာဒေသများသို့ ဒေသစရီကြွချီတော်မူချိန်တွင် သာဝတ္ထိမြို့သားများ ဖူးမြှော်နိုင်စေရန်အတွက် ကိုယ်ပွားထားသော အာနန္ဒာဗောဓိပင်ကြီးသည် မြတ်စွာဘုရားရှင်လက်ထက်မှ သာသနာသက်တမ်း ၂၆၀၀ ထိတိုင်ရှင်သန်ဆဲပင်။ အရှင်အာနန္ဒာသည် မဟာဗောဓိပင်မှ မျိုးစေ့ကို မြေ၀ယ်မကျစေရန် သင်္ကန်းတော်နှင့်ခံယူ၍ အနာထပိဏ်အားစိုက်စေကာ စီစဉ်ဆောင်ရွက်ခဲ့သဖြင့် အာနန္ဒာဗောဓိပင်ကြီးအဖြစ် တည်ရှိလေသည်။

မြတ်စွာဘုရားတာဝတိံသာနတ်ပြည်သို့ ကြွလှမ်းတော်မူရာ သရက်ဖြူကုန်းတွင်
ဘုရားဖူးအဖွဲ့မှ တရားတော်များရွတ်ဖတ်အပြီး တရားတော်နာနေစဉ်- 





ညနေ(၆)နာရီတွင် ညစာသုံးဆောင်ပြီးနောက် ကျောင်းထိုင်ဆရာတော်အား ဘုရားဖူးအဖွဲ့မှ ပူဇော် ကန်တော့ကြရာတွင် ကျမလည်းမွေးနေ့ရက်မြတ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင် လှူဒါန်းခဲ့ပြီး တစ်ညတာကို အိပ်စက် အနားယူခဲ့ပါသည်။

မွေးနေ့ရက်မြတ်တွင် သာသနာတော်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်လှူဒါန်း- 

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz