x

30.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်- ၉ရက်မြောက်


သာဝတ္ထိမှ ဗာရာဏသီသို့ ဆက်လက်ထွက်ခွာခဲ့သော ၁၉-၄-၂၀၁၆ (အင်္ဂါ)နေ့သည် သံဝေဇနိယ- ၄ဌာန ဘုရားဖူးခရီးစဉ် ပြီးဆုံးရန်အတွက် ပြန်မည့်ရက်ထည့်မတွက်လျှင် စုစုပေါင်း (၂)ရက်သာ ကျန်ပါတော့သည်။ အိန္ဒိယနိုင်ငံ၏ ပူလောင်ပြင်းထန်သော ရာသီဥတုကို အံတုရင်း ဘုရားဖူးများ ပင်ပမ်းနွမ်းနယ်ခြင်း အလျဉ်းမရှိ တက်ညီလက်ညီ ကြည်နူးစွာဖြင့် စိတ်ဝင်တစား ဘုရားဖူးကြသည်ကို သတိပြုမိပါသည်။ ခရီးမိုင်ပေါင်း ၂၈၁-မိုင်ဝေးကွာတဲ့ခရီးကို သွားရသည့် အချိန်များတွင်လည်း လမ်းခုလတ်တွင် အညောင်းအညာပြေစေရန်နှင့် ကျန်းမာရေးအတွက် ၂-နာရီကြားတစ်ကြိမ် ကားကိုရပ်ပေးပြီး အချိန်ပေးကာ ခရီးဆက်ကြရပါသည်။ နေ့လည်စာကို လမ်းခရီးတစ်ထောက်တွင် သုံးဆောင်ကြကာ ညနေပိုင်းမှာသာ ဗာရာဏသီမြို့သို့ ရောက်ရှိလာပေသည်။
မူလဂန္ဓကုဋိကျောင်းတော်


သူတော်စင်ကြီး အနာဂါရိကဓမ္မပါလ
ဗာရာဏသီမြို့သည် ဘုရားရှင်လက်ထက်တော် မတိုင်မီကပင် တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်ပြီး မြို့၏အမည်မှာ ယနေ့တိုင်ပြောင်းလဲခြင်းမရှိခဲ့ပေ။ ဗာရာဏသီမြို့၏ ထူးခြားချက်များမှာ အလယ်ဗဟိုကို ညွှန်ပြသော အမှတ်အသားအား ယနေ့တိုင်မတွေ့မြင်နိုင်ခြင်း၊ မြို့စတင်တည်သည့်အချိန်မှ ယနေ့တိုင် မီးဘေးအန္တရာယ် မကြုံတွေ့ခဲ့ရခြင်း၊ အမျိုးသမီးများ ၀တ်ဆင်သော ဆာရီဝတ်စုံမှာ ယနေ့တိုင် တည်မြဲနေခြင်း၊ ဂင်္ဂါမြစ်ကမ်းပါးတွင် ဟိန္ဒူဘာသာရေးအရ (၁၂)နှစ်လျှင် တစ်ကြိမ် ဘာသာရေး ရေချိုးပွဲပြုလုပ်ရာ ပွဲတော်ကာလ (၅)ရက်အတွင်း လူဦးရေ သန်း(၂၀)ကျော် ပါဝင်ဆင်နွှဲခြင်းတို့ဖြစ်သည်။ ဗာရာဏသီသည် ခရိုင်မြို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မီးရထား၊ ကားလမ်း ဆုံရာမြို့ဖြစ်သည်။
မူလဂန္ဓကုဋိကျောင်းတော်၏ အတွင်းဘက်ခန်းမကြီးတွင် မြတ်ဗုဒ္ဓ ဓမ္မစကြာ ဟောတော်မူနေဟန် ရုပ်ထုတစ်ဆူ ကိန်းဝပ်စံပျော်တော်မူလျက်ရှိသည်။ ထိုရုပ်ထုမှာ မိဂဒါဝုန်ဘုရားဝင်းကို တူးဖော်စဉ်က ရရှိခဲ့သော ရုပ်ထုတော် (ယခု ၀ရနတ် ပြတိုက်တွင် ကိန်းဝပ်လျက်ရှိ) ပုံသဏ္ဍာန်အတိုင်း အချိုးအစားညီစွာ ထုလုပ်ထားခြင်းဖြစ်၍ အထူးသပ္ပါယ်တော်မူလှသည်။ အနာဂါရိက ဓမ္မပါလသည် ဤကျောင်းတော်ကြီးကို အတားအဆီး အခက်အခဲများစွာဖြင့် ၁၉၀၄-ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၃၁-ခုနှစ်တွင်ပြီးစီး၍ ၂၇-နှစ်ကာလ ကြာမြင့်အောင် တည်ဆောက်ခဲ့ရလေသည်။
မြတ်ဗုဒ္ဓ ဓမ္မစကြာဟောတော်မူနေဟန်






ညနေ ၆-နာရီတွင် ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့၍ တစ်ညတာအား ကုန်လွန်စေခဲ့ပါသည်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz