x
6.5.16
အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၃
၂၀၁၆-ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် အာရုဏ်ဆွမ်း ကပ်လှူခြင်းကုသိုလ်ကို ရယူခဲ့ပါသည်။ 
 အလှူတစ်ခုအကြောင်းပြုလို့ သာဓုအနုမောဓနာခေါ်ဆိုရ-
 ဒုလ္လဘရဟန်းများအား အာရုဏ်ဆွမ်းကပ်-
ဘုရားဖူးအဖွဲ့-
 လှူတန်းမှုအစုစုအတွက် ပီတိအဟုန်-
ဒုလ္လဘရဟန်း၊ ရဟန်းအစ်မ၊ သိမ်အလှူရှင်သူငယ်ချင်းမိသားစုတို့နှင့်အမှတ်တရ-
ထို့နောက်ခရီးစဉ်အရ ကျမတို့ ဘုရားဖူးအဖွဲ့ မနက်စာသုံးဆောင်ပြီးနောက် ရာဇဂြိုဟ်သို့ ထွက်ခွာခဲ့ပါသည်။ ရာဇဂြိုဟ်မြို့သည် ကမ္ဘာ့ရှေးအကျဆုံး မြို့တော်များအနက် တစ်မြို့အပါအ၀င်ဖြစ်ပြီး တောင်ငါးလုံး ၀န်းရံထားသည့် မြို့တစ်မြို့လည်းဖြစ်ပေသည်။ ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ပဏ္ဍ၀တောင်၊ ဂိဇ္ဈကုဋ်တောင်၊ ဣသိလိတောင်ဟူသော တောင်ကြီးငါးလုံးတို့ ၀န်းရံကာထားသောကြောင့် ရာဇဂြိုဟ်ဟု ခေါ်လေသည်။ ဘီစီ(၆)ရာစုခန့််ကပင် လူဦးရေထူထပ်ပြီး စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ ဖြစ်ခဲ့ပါသည်။ ပဏ္ဍ၀တောင်ခြေ အဇာတသတ် စေတီတော်၏မြောက်ဘက်တွင် လှည်းဘီးရာများ ရှိသည့်နေရာသို့ ကျမတို့ရောက်ခဲ့ပါသည်။ ကျောက်တုံးများဖြင့် စနစ်တကျ ခြံခတ်ထားပြီး အတွင်းဘက်တွင် ကျောက်ဖျာသဏ္ဌာန်ဖြစ်နေသော ကျောက်လမ်းပေါ်တွင် ဘယ်ညာ လှည်းဘီး လမ်းကြောင်းများ ထင်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရလေသည်။ လှည်းဘီးလမ်းများတွင် အချို့နေရာ (၆)လက္မ အနက်ရှိပြီး အချို့နေရာများ၌ (၁)ပေကျော်ထိ နက်တာကို တွေ့မြင်ရလေသည်။ တစ်ပါးသူ၏ ပိုင်ဆိုင်မှုများကို မတရားသိမ်းပိုက်လိုသော အဇာတသတ်ဘုရင်သည် မဂဓနိုင်ငံတော်ကြီးကို (၃၂)နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။ ထိုသို့အုပ်ချုပ်စဉ်က ဝေသာလီပြည် ၀ဇ္ဇီနိုင်ငံတော်ကို အကြိမ်ပေါင်းများစွာ ထိုးစစ်ဆင်တိုက်ခိုက်၍ နောက်ဆုံးတွင် သိမ်းပိုက်ခဲ့သည်။ ဤလှည်းဘီးရာများမှာ အဇာတသတ်၏ မဂဓတပ်မတော်ကြီးက ဝေသာလီပြည်သို့ စစ်ချီမသွားမီ စစ်ရေးလေ့ကျင့်ရာမှ ထင်ကျန်ခဲ့သောနေရာဟု ပြောဆိုကြသည်။
 မြင်ရသမျှ အရာရာတိုင်းသည် လွမ်းမောဘွယ်ရာများသာ-
 လှည်းဘီးရာများ-
၆လက္မမှ ၁ပေ အနက်ရှိ လှည်းဘီးရာများ-
ရှေးအခါက ဂိဇ္ဈကုဋ်တောင်ဟုခေါ်သော်လည်း ယခုအခါ ဤတောင်ကို ရတနာဂီရိတောင် ဟု ခေါ်ဆိုပြီး ဂိဇ္ဈကုဋ်တောင် ကျောင်းတော်ရာရှိသည့်တောင်ကို ဆဟာထတောင်ဟု ဒေသခံတို့က ခွဲခြားခေါ်ဆိုကြပါသည်။ မြတ်ဗုဒ္ဓသည် (၂၀)မြောက်ဝါကို ဂိဇ္ဈကုဋ်တောင် ကျောင်းတိုက်၌ ၀ါဆိုဝါကပ်တော် မူခဲ့သည်။ ရတနာဂီရိတောင်သည် မဟာယာနဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ် နေရာဖြစ်ရခြင်းမှာ သဒ္ဓမ္မပုဏ္ဍရိက သုတ္တန်ကြီးကို မြတ်ဗုဒ္ဓက ဤတောင်ပေါ်တွင် ဟောကြားခဲ့ပြီး များစွာသော လူ၊ နတ်၊ ဗြဟ္မာအပေါင်း ကျွတ်တမ်းဝင်သွားကြခြင်းကြောင့်ဖြစ်၏။ ထိုသုတ္တန်ကြီးကို ဟောကြားတော်မူခဲ့သည့် အထိမ်းအမှတ်နေရာအဖြစ် ဂျပန်ဘုန်းတော်ကြီး နီချီဒတ်ဆူကူအီဖူဂျီ က (၁၉၆၉)ခုနှစ်တွင် စေတီတော်ကြီး တစ်ဆူဖြစ်သော ၀ိရွှသျှန္တီ စေတီတော်အား အဆင့်မြင့် မာဘယ်ကျောက်တို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး စေတီဟု အဓိပ္ပာယ်ရသည်။ ဤစေတီတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ် အောက်တိုဘာလတွင် စည်ကားသိုက်မြိုက်စွာ ဘုရားပွဲကျင်းပသည်။ ရတနာဂီရိတောင်ပေါ်သို့ တက်သည့်လမ်းမှာ ၄င်းတောင်ခြေရင်းမှ တောင်ပေါ်သို့ လူတစ်ယောက်ထိုင် လျှပ်စစ်ဓာတ်ကြိုး ထိုင်ခုံလေးများဖြင့် ဆက်သွယ်ထားလေသည်။ ယင်း ထိုင်ခုံလေးများဖြင့် သွယ်တန်းထားသော ကေဘယ်လ်ကြိုးမှာ မီတာ(၆၀၀)ထိ ရှည်လျားပြီး စုစုပေါင်း ထိုင်ခုံ(၁၀၁)လုံး ပါရှိသည်။ တောင်ခြေမှ တောင်ပေါ်သို့ မိနစ်အနည်းငယ်မျှအတွင်းသွားစဉ် အသွားတွင် ကျောက်ဆောင်များ၊ ခြုံနွယ်များ၊ တောအုပ်များ၊ ချိုင့်ဝမ်းများကို မြင်တွေ့ရပြီး အပြန်တွင် ပတ်လည်ဝန်းရံနေသော တောင်တန်းကြီးများ ပန်းမာလာများ သစ်ပင်ကြီးများနှင့် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကို တွေ့မြင်ရလေသည်။
 ရတနာဂီရိတောင်သို့အသွား
 ရတနာဂီရိတောင်သို့ရောက်-
 ဘုရားဖူးအဖွဲ့မှ ဘုရားဂုဏ်တော်များအား ရွတ်ဖတ်သရဇ္ဈာယ်ပြီးနောက်
အလှည့်ကျလိုက်ပါလာသော ဦးဇင်းမှရာဇ၀င်ရှင်းပြရာ-
 ဒူးနာနေပေမယ့် ခရီးစဉ်တစ်ခုလုံး အပြုံးမပျက်လိုက်ပါလာသော သူငယ်ချင်း (အနက်ရောင်)-
ရတနာဂီရိတောင်ပေါ်မှ ဗုဒ္ဓမြတ်စွာ သီတင်းသုံးရာ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်ရာကို ဖူးမြင်ရပုံ-
ရတနာဂီရိတောင်ပေါ်တွင်အမှတ်တရ-
 တောင်ခြေသို့ အပြန်ခရီး မှိုင်းညို့ညို့တောင်တန်းကြီးများပတ်လည်ဝန်းရံ-
သာယာကြည်နူးစရာနှင့်အတူ လွမ်းမောဘွယ်ရာများရောပြွမ်းနေ-
 ပန်းရောင်စုံတို့ပွင့်နေ-
တောင်ခြေသို့ရောက်-
 ဘုရားဖူးများအား ပို့ဆောင်သည့် တစ်ယောက်ထိုင်ခုံ (၁၀၁)လုံးပါဝင်ပြီး 
မီတာ(၆၀၀)ရှည် ကေဘယ်လ်ကြိုး-
ဘုရားဖူးများကို မမှိတ်မသုန် အာရုံစူးစိုက်ပြီး စိတ်ဝင်စားနေပုံ-
တခါက အင်္ဂတိုင်း မဂဓတိုင်းကို အစိုးရသော ဗိမ္ဗိသာရမင်းကြီးအား သားတော်အဇာတသတ်က အ၀ီစိငရဲသို့ ပို့ဆောင်ပေးမည့် ဒေ၀ဒတ်၏ သြ၀ါဒအတိုင်း ခမည်းတော်အား လုပ်ကြံသတ်ဖြတ်ရန် သံလျက်ငယ်ကို ပေါင်တွင်ချည်၍ အစောင့်အကြပ်များ ထူထပ်စွာချထားသော အခန်းထဲသို့ဝင်ရာ အစောင့်အကြပ်များမှ သံသယဖြစ်သဖြင့် မင်းသားအားရှာဖွေစစ်ဆေးကြရာ သံလျက်ငယ်နှင့်အတူ လက်ပူးလက်ကြပ် မိလေသည်။ သို့သော် မင်းကြီးသည်သားတော် အဇာတသတ်အား ခေါ်ယူ၍ မေးမြန်းရာ ရှင်ဘုရင်ရာထူးကို လိုချင်နေ၍ သူ့အား သတ်ဖြတ်ရန် ကြံစည်နေကြောင်းသိရလျှင် မိမိ၏ ရှင်ဘုရင်ရာထူးကို ကျေကျေနပ်နပ်နှင့် အပ်နှင်းလိုက်သည်။ သို့သော် ဘုရားဖြစ်လိုသော အရှင်ဒေ၀ဒတ်၏ အသုံးချမှုကို အပြည့်အ၀ခံရကာ မင်းမိုက် အဇာတသတ်သည် ခမည်းတော် မင်းကြီးအား ထောင်သွင်း အကျဉ်းချလိုက်သည်။ အစာရေစာများကို ဖြတ်တောက်၍ ထားသော်လည်း မင်းကြီးမှာ တွေ့ကြုံလာသည့် သုခဒုက္ခ လောကဓံ မှန်သမျှကို ဓမ္မဖြင့်သာ ရင်ဆိုင်ရင်း အချိန်ရှိတိုင်း မိမိရရှိထားသော သောတပတ္တိဖိုလ် ချမ်းသာဖြင့် ခံစားမွေ့ပျော် နေလေသည်။ ခန္ဓာကိုယ် ညောင်းညာလာလျှင် စင်္ကြံလျှောက်၍ တရား ရှုမှတ်သည်။ နံနက် နေ့လည် အလင်းရောင်ရှိသည့်အချိန်တွင် ထောင်ပြူတင်းပေါက်မှ ဂိဇ္ဈကုဋ်တောင်ရှိ မြတ်ဗုဒ္ဓ သီတင်းသုံး နေထိုင်တော်မူသည့် ကျောင်းတော်ကို အာရုံပြုပြီး ဗုဒ္ဓါရမ္မဏ ပီတိဖြင့် ငြိမ်းချမ်းစွာ နေထိုင်လေသည်။ ထိုသို့အချိန်ရှိတိုင်း ဓမ္မဖြင့် မွှမ်းထုံထားသော မင်းကြီး၏ ခန္ဓာကိုယ်မှာ အစာအာရ မှီဝဲရမှုမရှိသော်လည်း ကျန်းမာသန်စွမ်းနေလေသည်။ ထိုအခါ အဇာတသတ်က သူ့ဖခင် လမ်းမလျှောက်နိုင်အောင် ခြေဖ၀ါးကို သင်တုန်းဓားဖြင့် မွှမ်း၍ ဆီနှင့်ဆား သုတ်လိမ်းစေပြီး ရဲရဲတောက်သော ရှားမီးကျီးတို့ဖြင့် ကင်ရန် ရက်စက်စွာ အမိန့်ပေးလိုက်သည်။ မင်းကြီးမှာ ပြင်းထန်သော ဝေဒနာကို ခံစားကာ နတ်ရွာစံ ကံတော်ကုန်ရရှာလေသည်။
ဗိမ္ဗိသာရမင်းကြီး၏ အကျဉ်းထောင်နေရာ
အတိတ်ရာဇ၀င်၏ ရင်နာစရာအဖြစ်အပျက်များသည် ရင်ကိုနာကျင်စွာခံစားစေခဲ့-
ဗိမ္ဗိသာရမင်းကြီး၏ ဆွန်ဘဏ္ဍာတိုက် (ရွှေ၊ ငွေ ရတနာတိုက်)
 အလျား ၃၄ပေရှည်ပြီး အနံ ၁၇ပေ အမြင့် ၁၁ပေ၄လက္မခန့်ရှိသောဂူ
အတွင်းဘက် ကြမ်းပြင် နံရံနှင့်ခေါင်မိုးတို့သည်ချောမွေ့ပြေပြစ်နေ-
 စာတမ်းများ ရေးထွင်းထားသော်လည်း လုံးဝနီးပါး ပျက်စီးနေ-
မြင်တွေ့ရသော ဂူအတွင်းထောင့်ရှိ ကျင်း-
 လိုဏ်ဂူ၏အတွင်းနံရံများတွင် ပဒမပရာဘ၊ ပါသ၀ံနာထ၊ မဟာဝီရ
ဂျိန်းဘုရားပုံများကို ထွင်းထုထားသည်-
လှိုင်ဂူအပြင်ဘက်-
ဂျိန်းဘုန်းကြီး ဝေရာဒေ၀ တည်ဆောက်ခားခဲ့သည့် ကျောက်ဂူကြီး-
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ဒေါနပုဏ္ဏားကြီး ခွဲဝေပေးလိုက်သော ဓာတ်တော်များကို (၉)ပြည်ထောင်သော မင်းတို့က ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်သွားကြပြီးနောက် မိမိတို့ တိုင်းပြည်အသီးသီးတွင် စေတီတည်၍ ဌာပနာထည့်ကာ ပူဇော်ထားခဲ့ကြသည်။ ဤသည်ကို အရှင်မဟာကဿပ မထေရ်ကြီးက အနာဂတံသဉာဏ်ဖြင့် ကြည့်ရှုတော်မူသောအခါ တိုင်းပြည်အသီးသီး၌ တည်ထားကိုးကွယ်နေကြသော မြတ်ဗုဒ္ဓ၏ ဓာတ်တော်များ လုံခြုံမှုမရှိကြောင်းကို မြင်တော်မူသည်။ ထို့နောက် နောင်နှစ်ပေါင်း (၂၀၀)ကျော်ကာလတွင် ဗုဒ္ဓသာသနာကို သူမတူအောင် ကိုးကွယ်ချီးမြှောက်မည့် အသောကမင်းတရားကြီး ပေါ်ထွန်းလာမည်။ ထိုမင်းသည် တစ်နေရာတည်း၌ စုစည်းတည်ထားခဲ့သော မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို သယ်ယူပင့်ဆောင်ကာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ပြန့်နှံ့အောင် စေတီပုထိုးများ တည်မည့်အရေးကိုလည်း သိမြင်တော်မူသည်။ သို့ဖြစ်၍ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်မင်းထံသို့ ကြွရောက်တော်မူ၍ ထိုအကြောင်းကို မိန့်ကြားတော်မူရာ “ရာဇဂြိုဟ်ပြည်၌ ဓာတ်တော်များကို လုံခြုံအောင် ဌာပနာထားရန်မှာ တပည့်တော်တာဝန်သာ ဖြစ်ပါသည်ဘုရား။ သို့သော် တိုင်းအသီးသီးတွင် ပြန့်နှံ့တည်ရှိနေသော ဓာတ်တော်များကိုမူ အရှင်ဘုရားကသာရအောင် ယူဆောင်တော်မူခဲ့ပါ ဘုရား” ဟု အဇာတသတ်မင်းကြီးက လျှောက်ထားလေသည်။ ထို့နောက် ရာမရွာ၌ ကောလိယမင်းတို့ တည်ထားကိုးကွယ်နေကြသော ဓာတ်တော်များကို ချန်ထား၍ ကျန်သော တိုင်းနိုင်ငံများတွင် ရှိနေကြသော ဓာတ်တော်များကို ကိုးကွယ်ရန် အနည်းငယ်မျှသာ ချန်ထားခဲ့၍ အရှင်မဟာကဿပ၏ တန်ခိုးတော်ဖြင့် ရာဇဂြိုဟ်ပြည်သို့ ပင့်ဆောင်တော်မူလာခဲ့သည်။ အရှင်မဟာကဿပသည် သတ်မှတ်ထားသော နေရာ၌ ရပ်တော်မူ၍ “ဤအရပ်၌ ကျောက်များလည်း ကွယ်ပျောက်ပါစေသတည်း။ အောက်သို့တူးသော်လည်း ရေမထွက်ပါစေသတည်း” ဟု အဓိဌာန်တော်မူလိုက်သည်။ ထိုနေရာ၌ အဇာတသတ်မင်းသည် အတောင်ရှစ်ဆယ်နက်သော တွင်းကိုတူးစေပြီး အောက်၌ ကြေးအခင်းခင်းကာ ဘုရားရှင်၏ ဓာတ်တော်များကို ရတနာ(၇)မျိုးတို့ဖြင့် အထပ်ထပ် ပြုလုပ်ထားသော ဓာတ်တော်ကြုတ်များတွင့် ထည့်သွင်း၍ ဌာပနာထားတော်မူခဲ့သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း (၂၀၈)နှစ်ရောက်သော် သီရိဓမ္မာသောကမင်းကြီးသည် ထိုစေတီတော်ကိုဖွင့်၍ ကိုးကွယ်ရန်အတွက် ဓာတ်တော်အနည်းငယ်မျှကိုသာ ချန်ထားကာ ကျန်ဓာတ်တော်အားလုံးကို ပင့်ဆောင်သွားခဲ့သည်။ ထို့နောက် စေတီတော်ကို နဂိုအတိုင်း ပြန်ပိတ်ထားခဲ့သည်။ ယင်းဓာတ်တော်များဖြင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် စေတီတော်ပေါင်း ရှစ်သောင်း လေးထောင် တည်စေကာ သာသနာတော်ကြီးကို သူမတူအောင် ချီးမြှောက်ခဲ့သည်။
မဏိယာမတ် အဆောက်အအုံ
တစ်ဦးချင်းအလှည့်ကျတန်းစီဝင်ရ-
မဏိယာမတ် အဆောက်အအုံ
အရှင်မြတ်မဟာကဿပနှင့် မဂဓဘုရင် အဇာတသတ်တို့
မြတ်ဗုဒ္ဓဓာတ်တော်များကို ဌာပနာထားခဲ့သည့်နေရာ
(ဆက်ရန်) 
မှတ်တမ်းဓာတ်ပုံများတင်ရန်နှင့် ရေးချင်သည့်အကြောင်းအရာများ များနေသဖြင့် ၂-ပိုင်းခွဲ၍ တင်ပါမည်။
ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ခဏစောင့်ပါ...
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz