x

8.5.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်-၃ (အဆက်)


အဇာတသတ်၏ ဓာတ်တော်တိုက်ကို လေ့လာပြီးသောအခါ ကျမတို့ဘုရားဖူးအဖွဲ့ ဝေဠုဝန်ဥယျာဉ်သို့ ဆက်လက်ထွက်ခဲ့လေသည်။ ဤနေရာတွင် မြတ်ဗုဒ္ဓသီတင်း သုံးတော်မူခဲ့သည့် ဂန္ဓကုဋီကျောင်းတော်ရာ ရှိသည်ဟုဆို၏။ အရှင်မောဂ္ဂလန် စေတီတော်နေရာ ဟုလည်းဆိုကြသည်။ သာသနာတော် မှေးမှိန်လာသည့်နောက်ပိုင်း ကာလကြာရှည်လာချိန်တွင် ဝေဠုဝန်ကျောင်းတော်အား လူအများစု မေ့လျော့လာသော နေရာတစ်နေရာဖြစ်ခဲ့ပါသည်။ ၁၉၀၅-၁၉၀၆ ခုနှစ်တွင် အိန္ဒိယရှေးဟောင်း သုတေသနဌာနက မြတ်ဗုဒ္ဓ၏ ဂန္ဓကုဋိကျောင်းတော်ရာကို တူးဖော်ကြည့်ရာတွင် မြေအောက်မှ အဆောက်အအုံဟောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝေဠုဝန်ဥယျာဉ်အတွင်း ဓာတ်ပုံများဝေေ၀ဆာဆာ မရိုက်ဖြစ်ခဲ့ပါ။

ဝေဠုဝန်ကျောင်းတော်နှင့် ပတ်သက်၍ ကြားသိခဲ့ရသော အကြောင်းအရာမှာ ဗိမ္ဗိသာရမင်းကြီးသည် ဗုဒ္ဓမြတ်ဘုရားရှင် ဂယာသီသတောင်မှ ကြွလာတော်မူသောနေ့၌ ဘုရားရှင်ထံမှ တရားတော်ကို နာကြားရသောကြောင့် သောတာပန် အရိယာပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ထို့နောက် ဘုရားအမှူးရှိသော သံဃာတော်များအား နန်းတော်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်လေသည်။ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည်၌ အမြဲမပြတ်သီတင်းသုံး နေထိုင်နိုင်ရန်အတွက် နေ့ရော ညပါ လူသူကင်းရှင်းပြီး ဘုရားဖူးလိုသူများ တရားနာလိုသူများအတွက် တိတ်ဆိတ်ငြိမ်သက်သည့် ဝေဠုဝန်ဥယျာဉ်ကို ရေစက်သွန်းချ၍ ဘုရားရှင်သို့ လှူဒါန်းပြီး ဝေဠုဝန်ကျောင်းတိုက်ဟု အမည်တွင်ခဲ့လေသည်။ ဘုရားရှင်သည် သာဝတ္ထိပြီးလျှင် ရာဇဂြိုဟ်တွင် အများဆုံး သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်တွင် (၅)၀ါတိုင်တိုင် ၀ါဆိုတော်မူစဉ် ဝေဠုဝန်ကျောင်းတိုက်တွင် (၄)၀ါ ၀ါဆိုတော်မူခဲ့သည်။ ထို့ကြောင့် ရာဇဂြိုဟ်မြို့တွင် ကျောင်းတိုက်ကြီးများစွာ ပေါ်ထွက်လာခဲ့သည်။ သာသနာတော်အတွက် အားထားရသော ပညာအရာ ဧတဒဂ်ဘွဲ့ရ အရှင်သာရိပုတ္တရာ၊ တန်ခိုးအရာ ဧတဒဂ်ဘွဲ့ရ အရှင်မောဂ္ဂလာန်၊ ဓုတင်ဆောင်ရာ၌ ဧတဒဂ်ဘွဲ့ရ အရှင်မဟာကဿပ၊ ကြည်ညိုဖွယ်ဆောင်ရာ၌ ဧတဒဂ်ဘွဲ့ရ အရှင်ဥပသေန၊ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကြုံးဝါးပြောဆိုရာ၌ ဧတဒဂ်ရ အရှင်ခဒိယ၀နိယရေ၀တ၊ တရားဟောရာ၌ ဆန်းကြယ်စွာဟောတတ်သဖြင့် အမြတ်ဆုံးဆုရ အရှင်ကုမာရကဿပ စသော ဘုရားသားတော် ပုဂ္ဂိုလ်ကျော်များ ပေါ်ထွက်လာသကဲ့သို့ ဘိက္ခုနီ(ရဟန်းမ) ထေရီ တပည့်မကြီးများလည်း ပေါ်ထွန်းလာခဲ့သည်။ နာမည်ကျော် ဇောတိက၊ ဇဋိလ၊ မေဏ္ဍက၊ ကာက၀ိလိယ သူဌေးကြီး လေးဦးအနက်မှ ကာက၀ိလိယမှလွဲ၍ ကျန်သုံးဦးတို့ စည်းစိမ်ဥစ္စာများကို စွန့်ပယ်ကာ သာသနာ့ဘောင်သို့ ၀င်လာခဲ့ကြသည်။ တစ်ချိန်က ငါးဖြာအာရုံ ကာမဂုဏ်တို့ဖြင့် ပျော်ရွှင်မြူးတူးခဲ့ရာ ကာမအာရုံ ဥယျာဉ်တောကြီးသည် သူတော်စဉ်ပုဂ္ဂိုလ်ကြီးများ၏ ဓမ္မဖြင့်မွေ့ပျော်ရာ ဓမ္မအာရုံ ဥယျာဉ်တော်ကြီး ဖြစ်လာပါတော့သည်။

 ဝေဠုဝန်ဥယျာဉ်သို့အ၀င်-


 ဘုရားဖူးအဖွဲ့ ဘုရားဂုဏ်တော်များအား သံပြိုင်ရွတ်ဖတ်သရစ္ဇျာယ်ကြ-

အခြေအနေပေး၍ မှတ်တမ်းပုံရိုက်ဖြစ်

 နေ့လည်စာ သုံးဆောင်ရာ-


ဘုရားဖူးအဖွဲ့ ဝေဠုဝန်ကျောင်းတော်မှ ထွက်ခွာလာပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းတော်များ ပညာဆည်းပူးခဲ့ရာ နာလန္ဒာတက္ကသိုလ်ဟောင်းအား ၀င်ရောက်လေ့လာကြသည်။ နာလန္ဒာ တက္ကသိုလ်ဟောင်းကို မျက်ဝါးထင်ထင် ဒုတိယအကြိမ်မြောက် ကျမတွေ့မြင်ခဲ့ရပါသည်။ ပထမအကြိမ် ၁၉၉၄-ခုနှစ်က မြင်ခွင့်ရစဉ်က ပိုမိုအသေးစိတ်သော အဆောက်အအုံများကို ကြည့်ခွင့်ရခဲ့ပါသည်။ ယခုအခါ ရှေးဟောင်းထိန်းသိမ်းရေးသုတေသနအဖွဲ့က တာရှည်ထိန်းသိမ်း နိုင်ရန်အတွက် နေရာ အတော်များများကို သွားခွင့်ပိတ်ပင်ထားသဖြင့် မရောက်နိုင်တော့ပါ။ သို့သော် ရာဇ၀င်နှင့် ပတ်သက်၍ ယခုအခေါက်တွင်မူ ယခင်ထက် အသေးစိတ်သိရသဖြင့် ကျေနပ်မိပါသည်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရာဇဂြိုဟ်မြို့မှ ပါဋလိပုတ်သို့အကြွ၊ သို့မဟုတ် ပါဋလိပုတ်မှ ရာဇဂြိုဟ်သို့အကြွတွင် နာလန္ဒာကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားခဲ့သလို အကြိမ်ပေါင်းများစွာ နာလန္ဒာ၌ ရပ်နားတော်မူ၏။ ဒေသနာတော်အရ မြတ်ဗုဒ္ဓကိုယ်တော်တိုင် နာလန္ဒာ၌ (၁၁)၀ါမြောက် ၀ါဆိုဝါကပ်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓ နာလန္ဒာ၌ အများဆုံး သီတင်းသုံးတော်မူခဲ့သော နေရာမှာ ပါဝါရိက သူဌေးကြီး၏ သရက်ဥယျာဉ်၌ဖြစ်၏။
အိန္ဒိယနိုင်ငံအပါအ၀င် နိုင်ငံတကာ ဗုဒ္ဓဘာသာ ရဟန်းတော်များကွန်းခိုရာ နေရာတစ်နေရာအဖြစ် တစ်ချိန်ကကျော်ကြားခဲ့သော နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကြီးမှ ပညာရှင်အများအပြားကို မွေးထုတ်ပေးခဲ့သည်။ နာလန္ဒာတက္ကသိုလ်ကြီးတွင် ကျောင်းဆောင်ကြီး (၁၁)ဆောင်နှင့် စေတီတော် (၁၂)ဆူ တည်ရှိခဲ့သည်။ ကျောင်းသားများ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်ကြီး (၃)ခုရှိခဲ့ပြီး ရတနသာဂရ၊ ရတနဒဓိ၊ ရတနရဉ္ဇများဖြစ်သည်။ ရတနသာဂရ စာကြည့်တိုက်ကြီးမှာ အထပ်ပေါင်း ကိုးထပ်ရှိပြီး နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံတို့နှင့် ပတ်သက်သော ဘာသာရပ်မျိုးစုံ စာအုပ်စာတမ်းများ ပြည့်နှက်နေသဖြင့် ကျောင်းသားများအတွက် ဧရာမစာပေ ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်ပါသည်။ ယင်းတက္ကသိုလ်ကြီး၌ ထေရ၀ါဒ၊ မဟာယာန၊ ဗြဟ္မဏ၀ါဒ၊ လောကီ၊ လောကုတ္တရာ ဒဿန အတွေးအမြင်များနှင့် လက်တွေ့ ကျင့်သုံးမှုစသော နယ်ပယ်အားလုံးတို့နှင့် သက်ဆိုင်သော ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။
စည်းကမ်းဥပဒေ တင်းကြပ်ပြီး ကျောင်းသားပေါင်း တစ်သောင်းကျော်နှင့် ဆရာပေါင်း တစ်ထောင်ကျော် ရှိသည့် နာလန္ဒာတက္ကသိုလ်ကြီးသို့ ၀င်နိုင်ရန်အတွက် အလွန်ခက်ခဲလှပြီး ၂%မျှသာ အောင်မြင်သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်မှသာ တက်ခွင့်ရသည်ဟု သိရှိရပါသည်။ ကမ္ဘာ့အလယ်တွင် ဤမျှလောက် ထင်ရှားကျော်ကြား နေခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးတွင် ဆုတ်ယုတ်ပျက်စီးရမည့် ကံကြမ္မာဆိုးကြီးများ ပေါ်ပေါက်လာခဲ့သည်။ ဂိုဏ်ဂနများ များပြားလာခြင်း၊ ရဟန်းတော်များအနေဖြင့် ဗုဒ္ဓတရားတော်များကို လေ့လာသင်ယူနေခြင်းမှာ ကျင့်ကြံအားထုတ်မှုထက် ဘုရင့်နန်းတော်၌ ရာထူးဌာနန္တရ ကြီးကြီးမားမားရရှိရေးသို့ ဦးတည်လာခဲ့ခြင်း၊ ထိုထက်ပိုဆိုးလာခြင်းမှာ တက္ကသိုလ် ပြဌာန်းကျမ်းစာ၌ ဗြဟ္မဏ၀ါဒဆိုင်ရာ ဂါထာမန္တာန်များ မန်းမှုတ်ခြင်း၊ အင်းအိုင်လက်ဖွဲ့များ စီမံခြင်း အစရှိသည်တို့ကို ဦးစားပေး ပြဌာန်းလာခဲ့သည်။
 နာလန္ဒာတက္ကသိုလ်ဟောင်းအ၀င်-

 ရှေးဟောင်းနာလန္ဒာတက္ကသိုလ်၏မြင်ကွင်းများ
 အရှင်သာရိပုတ္တရာ စေတီတော်ကြီး-

ဤဒေသသည် မြတ်ဗုဒ္ဓ၏ တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ မွေးဖွားတော်မူရာနှင့် ပရိနိဗ္ဗာန်ပြုတော်မူရာ စေတီတော်ကြီးအနီးတွင် တည်ဆောက်ထားခဲ့သော နာလန္ဒာတက္ကသိုလ် ဟောင်းကြီးဖြစ်လေသည်။ အရှင်သာရိပုတ္တရာသည် ဇာတိချက်ကြွေ မွေးဌာနေသို့ ကြွရောက်လာကာ မိခင်ကြီးအား နောက်ဆုံး ကျေးဇူးဆပ်ရင်း ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ငယ်နာမည်မှာ ဥပတိဿဖြစ်ပြီး မွေးချင်း(၇)ယောက်တွင် အကြီးဆုံးသားကြီး သြရသဖြစ်သည်။ ငယ်စဉ်ကပင် ကစားဖော်ကစားဖက် အချစ်ဆုံးသူငယ်ချင်းတစ်ဦး ဖြစ်သူမှာ ကောလိတဖြစ်သည်။ ဥပတိဿသည် အရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်ပြီး ကောလိတမှာ အရှင်မောဂ္ဂလန် အလောင်းအလျာဖြစ်သည်။


ယင်းအရာအားလုံးထက် ဆိုးရွားလှသော အကြောင်းတစ်ချက်မှာ အေဒီ-၁၂၀၀ခန့်တွင် မြင်းစီးတပ်သား နှစ်ရာခန့်ကို ဦးစီးလာသော မူဆလင်စစ်ဗိုလ် မိုဟာမက် ဘခတီးယားခလ်ဂျီးက နာလန္ဒာတက္ကသိုလ်ကြီးကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ပြီး တက္ကသိုလ်ကြီးတစ်ခုလုံးကို မီးလောင်ပြာတိုက်သို့ သွင်းခဲ့ကာ သံဃာတော် ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်။ ရာဇ၀င်လေးကို တွေးရင်းကနေ ‘နွားကွဲကျားဆွဲ’ ဆိုတဲ့စကားပုံလေးကို ကျမအမှတ်မထင် သတိရသွားသည်။ ဘုန်းကြီးကျောင်းပေါင်း (၁၂၃၅)ကျောင်း မီးရှို့ဖျက်ဆီးခြင်းခံရပြီး ထွက်ပြေး လွတ်မြောက်ခဲ့ကြသော ရဟန်းအချို့ သယ်ဆောင်ယူလာခဲ့သော လက်ရေးမူ စာရွက်စာတမ်း အနည်းငယ်မှအပ အရာအားလုံး မီး၏၀ါးမြိုခြင်းကို ခံခဲ့ရပါသည်။ နာလန္ဒာ တက္ကသိုလ်ကြီးနဲ့အတူ တိမ်မြုပ်ပျောက်ကွယ်သွားသော ရာဇ၀င်သည် အေဒီ (၁၉)ရာစု အစပိုင်းတွင် ပြန်လည်၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။ အကြောင်းရင်းမှာ နာလလန္ဒာတက္ကသိုလ် နေရာမှ ဗုဒ္ဓရုပ်ကြွင်းများနှင့် ဟိန္ဒီရုပ်ကြွင်း အပိုင်းအစများ တွေ့ရှိခဲ့သည်။ အိန္ဒိယရှေးဟောင်း တူးဖော်ရေးဌာန၏ အကြိမ်ပေါင်းများစွာ တူးဖော်ခဲ့ပြီး (၁၈၆၀) ခုနှစ်တွင် ကျောက်စာဝန် အလက်ဇန္ဒား ကင်နင်ဂန်နှင့်အဖွဲ့ တူးဖော်ရာမှ နာလန္ဒာတက္ကသိုလ်ဆိုင်ရာ တံဆိပ်တုံးများစွာကို တွေ့ရှိခဲ့သည်။


ရှေးဟောင်းနာလန္ဒာတက္ကသိုလ် အဆောက်အအုံအချို့-

ထိုမှတဖန် မြန်မာနိုင်ငံမှ စာသင်သားသံဃာ (၁၀၀) ၀န်းကျင် ပညာသင်ယူလျက်ရှိသော နာလန္ဒာ တက္ကသိုလ်အသစ်သို့ သွားရောက်လှူဒါန်းကန်တော့ပြီး ပတ္တနားမြို့ (ဗီဟာပြည်နယ်မြို့တော်) သို့ ဆက်လက်ထွက်ခွာလာကြပါသည်။ မြန်မာဘုန်းကြီးကျောင်းတွင်ညစာ သုံးဆောင်ကြပြီးနောက် ကျမတို့ ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ကာ တစ်နေ့တာကို ကုန်ဆုံးစေခဲ့ပါသည်။
 နာလန္ဒာတက္ကသိုလ်အသစ်သို့သွားရာလမ်း မြင်သမျှရိုက်ဖြစ်-


စာသင်သားသံဃာတော်များသို့လှူတန်းကြ-

 ခေတ်သစ်နာလန္ဒာတက္ကသိုလ်ကျောင်းကြီး-

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မှတ်ချက်။  တောင်ငါးလုံးခို ပြည်ရာဇဂြိုဟ်နှင့် တက္ကသီလာ နာလန္ဒာ (မဟောသဓာ-မဂဓတက္ကသိုလ်) စာအုပ်ကိုမှီငြမ်း၍ ရေးသားခြင်းဖြစ်ပါသည်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz