x

2.6.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်- ၁၀ရက်မြောက်


ဘုရားဖူးခရီးစဉ်ရက်များ တစ်ရွေ့ရွေ့နှင့်ကုန်ဆုံးကာ (၂)ရက်သာကျန်ပါတော့သည်။ ယနေ့ဖူးရမည့် နေရာမှာ မိဂဒါဝုန်(စရနတ်)ပင်ဖြစ်သည်။ ဤမိဂဒါဝုန်တောသည် ဟိမ၀န္တာတောင်ခြေတွင် ဓမ္မဖြင့်မွေ့ပျော် နေထိုင်ကြကုန်သော ရသေ့ သူတော်ကောင်းများ ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကာ ကြွမြန်းတော်မူလာခဲ့ကြပြီး ဆင်းသက်တော်မူကြသည့် နေရာပင်ဖြစ်သည်။ ဟိမ၀န္တာတောသို့ အပြန်ခရီးတွင်လည်း ပျံတက်ကာ ကောင်းကင်ခရီးဖြင့် ကြွမြန်းတော်မူသွားကြကြောင်း ဗုဒ္ဓစာပေအရ သိရှိရပါသည်။ ထိုနည်းတူ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း ဂန္ဓမာနတောင်တွင် (၇)ရက်တိုင်တိုင် ဖလသမာပတ် ၀င်စားတော်မူပြီးနောက် အနော်တတ်အိုင်၌ ရေသန့်စင်တော်မူကာ ကောင်းကင်ခရီးမှ ဈာန်အဘိညာဉ် တန်ခိုးဖြင့် ကြွတော်မူလာကာ ဤမိဂဒါဝုန်တော၌ပင် ဆင်းသက်တော်မူကြသည်။ ထို့ကြောင့် ဤတောကို ဣသိပတန(သူတော်စင်တို့ ဆင်းရာ တက်ရာနေရာ) ဟု ခေါ်ကြသည်။
 ချောက်ခဏ္ဍီ စေတီတော်
 အပေါ်တွင် မျက်နှာပြင် ၈-ခုပါရှိသော မျှော်စင်ကြီး အထွတ်တင်ထားပုံ-
 လေးထောင့်စတုရန်းပုံသဏ္ဍာန်ရှိ အုတ်ခုံကြီးပေါ်တွင်တည်ထား-
အလောင်းတော် သိဒ္ဒတ္ထရဟန်း ဥရုဝေလတောတွင် ဒုက္ကစရိယာအကျင့်ကို ကျင့်တော်မူခဲ့စဉ်က ပဉ္စ၀ဂ္ဂီငါးဦးတို့မှာ အလောင်းတော်မြတ်၏ ၀တ်ကြီးဝတ်ငယ်တို့များကို ပြုလုပ်ပေးလျက် အလောင်းတော်နှင့် အတူနေထိုင်ခဲ့ကြသည်။ ပဉ္စ၀ဂ္ဂီငါးဦး၏ ရည်ရွယ်ချက်မှာ အလောင်းတော်ဘုရား ဘုရားဖြစ်လာသည့်အခါ တရားဦးဒေသနာတော်ကို အခြားသူများထက် ဦးစွာနာကြားနိုင်ရန်အတွက် ဖြစ်လေသည်။ အလောင်းတော် ရဟန်းသည် ဥရုဝေလတော၌ ဒုက္ကရစရိယာအကျင့်ကို (၆)နှစ်တိုင်ကျင့်ကြံ အားထုတ်ပြီးနောက် အကျိုးထူးလာခြင်း မရှိသည့်အခါ "အတ္တကိလ မထာနုယောဂ" အစွန်းရောက်အကျင့်သာဖြစ်သည်ဟု ဆင်ခြင်မိသောအခါ "မဇ္ဈိမပဋိပဒါ" လမ်းစဉ်သို့ ကူးပြောင်းကျင့်ကြံတော်မူခဲ့သည်။ ထိုနေ့မှစ၍ အလောင်းတော်မှာ အနီးအနားရွာငယ်များသို့ ဆွမ်းခံကြွတော်မူပြီး အာနာပါန (ထွက်လေ၀င်လေ)ကို ရှုမှတ်ကာ အချိန်မှန် ကျင့်ကြံတော်မူခဲ့သည်။ ထိုအခါ ပဉ္စ၀ဂ္ဂီငါးဦးတို့မှာ "သိဒ္ဓတ္ထရဟန်း ကမ္မဌာန်းရိပ်ခွင်မှ ထွက်ပြီး ပစ္စည်းလာဘ်လာဘ တိုးပွားရေး လမ်းစဉ်သို့ လိုက်သွားပြီ။ ငါတို့ ခြေဆုပ်လက်နယ် ပြုနေသော်လည်း ဘာမျှ အကျိုးမရှိတော့။ တရားဦး နာကြားရမည့်အခြေအနေ ဝေးသွားပြီး" ဟုဆိုကာ အလောင်းတော်အား တစ်ပါးတည်း ထားခဲ့လျက် မိဂဒါဝုန်ဘက်သို့ ခြေဦးလှည့်ကာ အလောင်းတော်မြတ် စွန့်လွှတ်ခဲ့သော အကျင့်ဟောင်းကိုပင် သူတို့ဆက်လက် ကျင့်ကြံ အားထုတ်ကြလေသည်။ 
အလောင်းတော်မြတ်သည် မဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ပုံမှန်ကျင့်ကြံအားထုတ်သည့်အခါ မဟာသက္ကရာဇ် (၁၀၃)ခု ကုဆုန်လပြည့်နေ့ အရုဏ်မတက်မီ အချိန်တွင် တစ်လောကလုံး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ထို့နောက် ဗောဓိပင်အောက်နှင့် အနီးတစ်ဝိုက်တွင် (၄၉)ရက်တိုင်တိုင် ဖလသမာပတ် ချမ်းသာကို ခံစား၍ ကိန်းဝပ်စံပျော်တော်မူခဲ့သည်။
မြတ်ဗုဒ္ဓ ပဉ္စ၀ဂ္ဂီငါးဦးတို့ရှိရာ ချောက်ခဏ္ဍီစေတီတော် နေရာသို့ ရောက်ရှိတော်မူလာသည့်အခါ မြတ်စွာဘုရားအား ကပျာကယာ လက်အုပ်ချီပြီး ခရီးဦးကြိုဆိုခဲ့ကြသည်။ တစ်ဦးက ဘုရားရှင်၏ နှစ်ထပ် သင်္ကန်းတော်ကို လှမ်းယူသည်။ နောက်တစ်ဦးက သပိတ်တော်ကို လှမ်းယူသည်။ နောက်တစ်ဦးက နေရာထိုင်ခင်း ပြင်ဆင်ပေးကာ ကျန်တစ်ဦးက ခြေဆေးရေချပေးပြီး မြတ်စွာဗုဒ္ဓ၏ ခြေတော်များကို ပွတ်ကာခြေဆေးပေးလေသည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့က သူတို့၏ ကတိက၀တ်များကို ဖျက်ပြီး မြတ်ဗုဒ္ဓအား သူ့ထက်ငါ ၀တ်ကြီး ၀တ်ငယ် ပြုလုပ်ကြခြင်းမှာ ဘုရားရှင်၏ အနန္တမေတ္တာ စွမ်းအင်ကြောင့်ပင်ဖြစ်သည်။
 မိဂဒါဝုန်တောအကြောင်း ဦးဇင်းမှရှင်းပြ-
 ဘုရားဖူးအဖွဲ့များ ဦးဇင်းရှင်းပြသည်များကို အာရုံစိုက်-


ဗာရာဏသီမင်းကြီးက ဤတောတွင် သားသမင်တို့ကို ဘေးမဲ့ပေးထားသည့် နေရာဌာနဖြစ်သဖြင့် မိဂဒါယ (မိဂဒါဝုန်တော)ဟု ခေါ်သည်။ ဣသိပတန မိဂဒါဝုန်တောသည် ဘုရားအဆူဆူတို့ လက်ထက်တော်တို့တွင် အမည်အမျိုးမျိုးတို့ဖြင့် တည်ရှိလာခဲ့သည်။ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်တို့လက်ထက်၌ ဤတောသည် ဣသိပတန မိဂဒါဝုန်တော အမည်ဖြင့် တည်ရှိခဲ့သော်လည်း ဒီပင်္ကရာ ပွင့်တော်မူချိန်က သုနန္ဒာရာမ ဥယျာဉ်အမည်ဖြင့် တည်ရှိခဲ့ပြီး ကောဏ္ဍညဘုရားလက်ထက်တွင် ဒေ၀၀န နတ်သစ်တောဟု အမည်တွင်ခဲ့သည်။


 ဓမ္မစကြာဟောကြားတော်မူရာနေရာ(ဓမ္မရာဇိက စေတီတော်)
 မြတ်ဗုဒ္ဓမှ တရားဦး ဓမ္မစကြာတရားတော်ကို ပဉ္စ၀ဂ္ဂီငါးဦးတို့အားဟောကြားတော်မူခဲ့သည်


 တရားဦး ဓမ္မစကြာကို နာကြားကြသည့် ပဉ္စ၀ဂ္ဂီငါးဦးတို့သည် မြတ်ဗုဒ္ဓဟောကြားတော်မူသည့်
သစ္စာလေးပါး တရားတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသော ပါရမီရှင် ပုဂ္ဂိုလ်ထူးများဖြစ်ကြသည်


နန္ဒိယဒါယကာဆောက်လုပ်လှူဒါန်းခဲ့သော မူလဂန္ဓကုဋိ (နန္ဒိယကျောင်းတော်)
 နန္ဒိယကျောင်းတော် အရှေ့ဘက်ခြင်းမှမြင်ရပုံ-


မိဂဒါဝုန်မှ တူးဖော်တွေ့ရှိခဲ့သော ဗုဒ္ဓဘာသာဆိုင်ရာ် ရှေးဟောင်း အမွေအနှစ်များအနက် အချို့ကို စရနတ်ပြတိုက်တွင် ပြသထားသော်လည်း ကင်မရာ ဗွီဒိုယို ဖုန်းများ ပြတိုက်အတွင်းသို့ ယူဆောင်ခြင်း မရှိသဖြင့် ရိုက်ခွင့်မကြုံခဲ့ပါ။ တူးဖော်ရရှိသော ရှေးဟောင်းအဆောက်အဦးများမှာ-
၁။ ချောက်ခဏ္ဍီ စေတီတော်၊
၂။ ဓမ္မရာဇိက စေတီတော်၊
၃။ မူလဂန္ဓကုဋိ ကျောင်းတော် (နန္ဒိယကျောင်းတော်)
၎။ ယသ သတိုးသားအား ချေချွတ်သည့်နေရာ၊
၅။ အသောက ကျောက်တိုင်၊
၆။ ဓမ္မစက္ကဇိန၀ိဟာရခေါ် ကုမာရဒေ၀ီ ကျောင်းတော်ရာ၊
၇။ ဓမ္မေခ စေတီတော်တို့ဖြစ်သည်။
 အသောကကျောက်တိုင်-
အသောကမင်းကြီးသည် လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ ကုသိနာရုံ၊ သာဝတ္ထိ၊ ရာဇဂြိုဟ်စသော ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် အထွတ်အမြတ်နေရာဌာနများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖူးမြော်ခဲ့သည်။ ထို့နောက် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိသည်ကို အာရုံပြုကာ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊ စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင်နှင့် ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင် တည်ဆောက်လှူဒါန်းခဲ့ပြီး သာသနာတော်ကြီးကို သူမတူအောင် ချီးမြှောက်ထောက်ပံ့ခဲ့သည်။



 ကုမာရဒေ၀ီ မိဖုရားကြီး ကျောင်းတော်ရာ
ကုမာရဒေ၀ီ မိဖုရားကြီးသည် ဓမ္မရာဇိက စေတီတော်ကြီးအပါအ၀င် ဓမ္မစက္ကဇိန ကျောင်းတော်တိုက်ကြီး အပြင် စရနတ်၌ အခြားသော ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး များစွာတို့ကို မွမ်းမံပြင်ဆင် တည်ဆောက်ခဲ့သည်။ မိဖုရားကြီးသည် ဘာသာရေးကို အထူးကိုင်းရှိုင်းသူတစ်ဦး ဖြစ်သလို ရုပ်ရည်ရူပကာ ချောမွေ့လှပပေသည်။ နတ်သမီးတမျှ လှပနေမှုကြောင့်လည်း ဘုရင်ကြီးမှာ ဇနီးချောအပေါ် အစစအရာရာ အလိုလိုက်၍ အကြိုက်ဆောင်ပေးထားခဲ့သည်။ ဂေါဝိန္ဒစန္ဒြဘုရင်သည် ဗုဒ္ဓဘာသာ မဟုတ်သည့်တိုင်အောင် မိဖုရားကြီးသည် သူမကြည်ညိုလေးစားသည့် ဗုဒ္ဓဘာသာကို အစွမ်းကုန် ထောက်ပံ့ လှူဒါန်းနိုင်ခဲ့သည်။
 စေတီတော်ဟောင်းအချို့-

 ယသသူဌေးသားအား ချေချွတ်သည့်နေရာ-

တစ်ဦးတည်းသောသား ယသသတိုးသားအား ဗာရာဏသီ သူဌေးသားနှင့် သုဇာတာတို့သည် သားတော်အတွက် နွေ၊ မိုး၊ ဆောင်း စံအိမ်ကြီးသုံးဆောင် တည်ဆောက်ပေးကာ အပျိုတော်များ ၀န်းရံကာ ပျော်ရွှင်ဘွယ်အတိဖြင့် ဖန်တီးပေးထားသည်။ သူဌေးသား ယသမှာ သူဌေးစည်းစိမ်ကို မြိန်မြိန်ယှက်ယှက် ခံစားစံစားနေခဲ့သည်။ တစ်ည၌ ယသသတိုးသား ညဥ့်သန်းခေါင် ရုတ်တရရက်နိုးလာကာ သူ့ပတ်ဝန်းကျင်ကို ရုတ်တရက် ငေးမောကြည့်ရှုလိုက်မိရာမှ သူ့စိတ်တွင် သူသည် လူသေကောင်များ စွန့်ပစ်ထားသည့် သုသာန်ကြီးတစ်ခုသို့ ရောက်နေရသလို ကြောက်စိတ်များ ၀င်လာကာ ကိလေသာအာရုံ ကာမဂုဏ်ဆိုးတို့၏ နှိပ်စက်ခြင်းကို တုန်လှုပ်ချောက်ချားသွားကာ စံအိမ်ကြီးမှ ဆင်းလာပြီး မိဂဒါဝုန်တောဘက်သို့ ညဥ့်နက်သန်းခေါင် တစ်ယောက်တည်း ထွက်လာလေတော့သည်ကို မြတ်ဗုဒ္ဓ သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် ကြည့်ရှုကာ ယသသတိုးသား လာရာလမ်းအတိုင်း စင်္ကြံကြွလျက် စောင့်နေတော်မူခဲ့သည်။ မြတ်စွာဘုရားက "ချစ်သားယသ၊ ငါဘုရားသိထားသော နိဗ္ဗာန်တရားသည်ကား သင်ပူလောင်ခံစားနေရသည့် ကိလေသာ မီးလောင်နာ ရောဂါဝေဒနာများကို တစ်မုဟုတ်ချင်း ငြိမ်းချမ်းသက်သာအောင် ပြုလုပ်ပေးနိုင်သည်။ ငါဘုရားအနီးသို့ လာ၍ ထိုင်လော။ ကိလေသာ အပူငြိမ်းကြောင်း ကောင်းမြတ်သော တရားတော်ကို နာယူလော" ဟု မိန့်ကြားတော်မူခဲ့သည်။

မိဂဒါဝုန်အတွင်း တစ်ပိုင်းတစ်စမြင်ကွင်းများ-
 တစ်စိတ်တစ်ဒေသမြင်ကွင်းများ-

 သမင်များကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော

သမင်များ ငြိမ်းချမ်းစွာနေထိုင်ကြ
 ဓမ္မေခ စေတီတော်
ဓမ္မေခ စေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအရေးပါသော အထွတ်အမြတ် စေတီတော်ကြီး တစ်ဆူဖြစ်လေသည်။ ယနေ့တိုင်အောင် စရနတ်(မိဂဒါဝုန်)၌ မပျက်မစီး ကျန်ရှိနေခဲ့သည့် သမိုင်းဝင် အမွေအနှစ် မှတ်တိုင်ကြီးတစ်ခုပင်ဖြစ်သည်။  မြတ်ဗုဒ္ဓသည် ဒိဌိအတ္တကိုသာ ပယ်ခွာနိုင်ကြပြီး လောဘအတ္တနှင့် မာနအတ္တများ မပယ်ခွာနိုင်ကြသေးသော ပဉ္စ၀ဂ္ဂီငါးပါးတို့၏ သန္တာန်၌ စွဲကပ်နေသော ကိလေသာများ ကင်းစင်သွားစေရန် ဤနေရာတွင် အနတ္တလက္ခဏာသုတ်တော် ဟောကြားတော်မူခဲ့သည်။

 မိဂဒါဝုန်အမှတ်တရ မှတ်တမ်း-

ဓမ္မစကြာရိပ်သာကျောင်း ဗာရာဏသီမှ မပြန်မီ ဆရာတော်အားပူဇော်
ဘုရားဖူးပြီးနောက် ဈေးဝယ်ရန်အချိန်ပေးရာ ဘုရားဖူးအဖွဲ့မှ ကော်ဇော၊ သော့တံဆိပ်ပုဆိုး၊ သဘက်၊ နံ့သာဖြူပုတီး စသည်တို့ကို စိတ်တိုင်းကျဝယ်ယူကြပါသည်။ ကော်ဇောများ ၀ယ်ယူရာတွင် မိမိသယ်ယူခွင့် ရနိုင်သည့်အလေးချိန်ထက် မပိုစေရန် သတ်မှတ်အလေးချိန်ထက် ပိုနေလျှင် အပြန်ခရီးတွင် ပေါင်ပိုခ မိမိကိုယ်တိုင် ပေးချေရမည်ဖြစ်ကြောင်း တာဝန်ခံမှ ကြိုတင်သတိပေးပါသည်။ နေ့လည်စာကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ပြီးနောက် ဂယာမြို့သို့ ဆက်လက်ထွက်ခွာကြပါသည်။ လမ်းခရီးတွင် မြို့များနှင့် ဂင်္ဂါမြစ်တို့ကို ဖြတ်သန်းတွေ့မြင်ရပြီး ဂယာမြို့ မြန်မာဘုန်းကြီးကျောင်းကို ညနေပိုင်း၌ ပြန်ရောက်လာကာ ညစာအားသုံးဆောင်ကြသည်။ ထိုညတွင်ပင် ဒုလ္လဘရဟန်း ၃-ပါးတို့ သိက္ခာချပြီး လူထွက်ကြကာ ထိုတစ်ညတာအား ကုန်လွန်စေခဲ့ပါသည်။
ဂင်္ဂါမြစ်ကိုဖြတ်စဉ်-
 နေ၀င်ရီသရော-

မကြာခင်ရောက်လာမည့် တန်ခူးလပြည့်နေ့အတွက် အားယူနေသည့် လမင်းကြီး-
 သိက္ခာမချမီ ဒုလ္လဘရဟန်း ၃-ပါး ဂယာမှဦးဇင်းနှင့်အတူ မှတ်တမ်းပုံယူ-
သိက္ခာချပြီး-

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz