x

14.6.16

ပြောင်းပြန်အချိုး ဖြစ်ပင်ဖြစ်ငြား (တဂ်ပို့စ်)


အကြောင်းမယ်မယ်ရရ မရှိတဲ့ တဂ်ပို့စ်တစ်ပုဒ်မို့ မဖတ်ဘဲ လှည့်မပြန်ပါနဲ့လို့ စကားဦးသန်းပါရစေ။ ကျမရဲ့တစ်ဘ၀စာ ကြုံဆုံခဲ့ရသမျှ အကြောင်းအချင်းအရာများစွာထဲကနေ မှတ်မိသလောက် ဘ၀ရဲ့ တစ်စိတ်တစ်ဒေသကို ခြေရာအဖြစ်ချန်ခဲ့လိုတဲ့ ရည်ရွယ်ချက်နဲ့ (၂၃-၄-၂၀၁၁)ရက်ကစလို့ ဘလော့စာမျက်နှာတစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ အခုလို လွယ်ကူစွာ ဖတ်ခွင့် ရေးခွင့် ရတာမျိုးမဟုတ်ပဲ Your Freedom အသုံးပြုမှသာ ဖတ်ခွင့်ရတဲ့ စာမျက်နှာမျိုးပါ။ ခက်ခဲပေမယ့် ဆန္ဒပြင်းထန် နေတော့လည်း ခက်တယ်ထင်တာက လွယ်ကူသွားပါတယ်။ ကိုယ်ပိုင်ဘလော့လေးတစ်ခု ရှိသွားချိန်ကစလို့ မျက်စိနောက်လောက်အောင် ရှေ့သွားနောက်လိုက် မပီပြင်တဲ့ ၀ါကျလေးတွေကို တည်ဆောက်ရင်း တစ်ပုဒ်ပြီးတစ်ပုဒ် ရေးခြစ်ခဲ့မိပေါ့။ ဒီနေ့ဒီရက်မှာ အပုဒ်ရေပေါင်း (၂၉၂)ပုဒ် အထိပင် တင်ခဲ့ပြီးပါပြီ။ စာရေးသူတွေကို အားကျလို့သာ မဖြစ်မနေဖွင့်ဖြစ်ခဲ့တဲ့ ဘလော့တစ်ခုမို့ စာဖတ်သူတို့ ဖတ်ပြီးတဲ့အခါမှာ စိတ်ပျက်သွားမှာတော့ စိုးရိမ်သား။ အပုဒ်ရေလေးတွေ တစ်ရိပ်ရိပ် တိုးလာခဲ့ပေမယ့် စာဖတ်အားပေးသူ အတော်များများကတော့ ပြောင်းပြန်အချိုးကျကျ ထင်ထင်ရှားရှား တစ်နေ့တစ်ခြား လျော့နည်းသွားခဲ့တာ သတိပြုမိပါတယ်။ စိတ်မကောင်းဖြစ်လို့ နည်းမျိုးစုံသုံးပြီး စည်းရုံးပါသော်လည်း ‘ယောနိသော မနသိကာရ’ ထုံးကိုသာ နှလုံးမူရင်း လွမ်းတသသနဲ့ လက်လျော့ခဲ့ရတယ်။ တစ်ခါတစ်ရံ အလွမ်းပြေ ဘလော့စာမျက်နှာတွေ ၀င်ဖတ်ရင်း မှတ်တမ်းမှတ်ရာလေးထဲမှာ ရေးမှတ်ဘူးခဲ့တဲ့ စကားလုံး လှလှလေးတွေကို ပြန်ဖတ်မိသလို ဓာတ်ပုံဟောင်းလေးတွေ ပြန်ကြည့်ဖြစ်တိုင်း ပီတိဖြစ်ရပြန်တယ်။ စိတ်သဘောထားဖြူစင်ပြီး နွေးထွေးချစ်ခင်တတ်တဲ့ ဘလော့ဂါတွေဖြစ်တာကြောင့်လည်း ကျမရဲ့အမှတ်တရ စုစည်းမှု စာအုပ်မှာ မှတ်တမ်းတင်ဖြစ်ခဲ့တယ်။


အရာရာဟာ ဘယ်လိုပင်ပြောင်းလဲသွားပါစေ ကျမအတွက် အချိန်ရလို့ အွန်လိုင်းတက်ဖြစ်တဲ့ အချိန်တွေမှာတော့ ဘလော့ရွာကြီးထဲ အရင်ဆုံးဝင်ကာ ခေါင်းစဉ်အသစ်တွေကို ရှာဖတ်လေ့ရှိပြီး ဖတ်စရာပို့စ်အသစ် မရှိတော့မှသာ ဖေ့ဘုတ်ဘက်ကို ကူးပြောင်းဖြစ်ပါတယ်။ ဖေ့ဘုတ်ထဲမှာ ကျမနှစ်သက်တဲ့ Cook စာမျက်နှာကနေတဆင့် See First ပေးထားတဲ့ ဘလော့ဂါများနဲ့ စာရေးသူအချို့ရဲ့ စာမျက်နှာတွေကိုဖတ်ပြီးမှသာ Random လိုက်ဖတ်ဖြစ်တယ်။ ကျမဖတ်ဖြစ်တဲ့ ပို့စ်နဲ့ စတေးတပ်တိုင်းကို ဖတ်ပြီးကြောင်းသင်္ကေတအဖြစ် Like ပေးလေ့ရှိပေမယ့် Connection ကြောင့် ကျမရေးခြစ်ခဲ့တဲ့ Like စာလုံးလေးတွေ နောက်တစ်ကြိမ်ပြန်ဝင်လို့ ကြည့်ဖြစ်တဲ့အခါ Like မပေါ်ပဲဖြစ်နေတယ်။ Like ဆိုတာ ကျမအတွက်တော့ ကျမအပေါ် လေးစားသမှုရှိသူတို့အပေါ် ကျမပြန်လည်ပြီး လေးစားတဲ့သဘောနဲ့ သင်္ကေတ အမှတ်သညာတစ်ခုပါ။
အခြေအနေအရ ဘလော့စာမျက်နှာတွေမှာ ဘလော့ဂါတွေ အရေးကြဲသွားပေမယ့် ဖေ့ဘုတ်ရဲ့ စတေးတပ်တွေမှာတော့ စာတို၊စာရှည်တွေကို အခွင့်သာရင် သာသလို ဖတ်ခွင့်ရခဲ့သလို ပုံနှိပ်စာအုပ်တွေကိုလည်း အရင်ကထက် ပိုဝယ်ဖြစ်လာတာမို့ အဆိုးထဲက အကောင်းလို့ဘဲ ဆိုနိုင်ပါတယ်။ တချိန်က ဘလော့စာမျက်နှာတွေပေါ်က စကားလုံးလှလှလေးတွေ ဖတ်နေရင်း ကျမရဲ့အတွေးထဲမှာ ပေါ်လာပြီးဘလော့ဂါများကို ပြောချင်တဲ့ စကားလေးက ‘ပြောင်းပြန်အချိုး ဖြစ်ပင်ဖြစ်ငြား’ ကျမကျေနပ်စွာနဲ့ အနေတတ်ပါပြီ။
ဘလော့ဂါများ အကြောင်းအမျိုးမျိုးကြောင့် ရေကြည်ရာမြက်နု အရပ်ဒေသကို ရောက်ရှိသွားကြပေမယ့် တစ်ချိန်တုန်းက ဘလော့ဂါများအားလုံး တန်ဘိုးထားပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရင်တွင်းပွင့်အံသံတွေ ခြေရာချန်ခဲ့တဲ့ နေရာဟောင်းလေးကို တစ်ခေါက်တစ်ခါ အရောက်အလည်လာခဲ့ပါလို့ ဖိတ်ခေါ်ရင်း ဘလော့ရှိသူများ အားလုံးကို တဂ်ခဲ့ပြီ ^_^

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz