x

26.6.16

နွေးထွေးစွာဖြင့်ကြိုဆိုလျှက်ပါ သူငယ်ချင်း-


စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးမှာ တို့များအတူတူ ပညာဆည်းပူးခဲ့ကြတာ နှစ် လ ရက်နှောင်း အချိန်တွေပြောင်းရင်း နှစ်ပေါင်း ၄၀တိုင်ခဲ့ပြီ။ တက္ကသိုလ် ကျောင်းသားဘ၀မှာတော့ တစ်ချို့လည်း ငယ်ဂုဏ်လေးတွေ မောက်ကြလို့၊ တစ်ချို့ကတော့ လူကြောက်လို့ ဆိုတဲ့အကြောင်းချက်လေးတွေကြောင့် အနီးအနားမှာရှိတဲ့ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းများကလွဲလို့ ကျန်သူငယ်ချင်းများကို မသိကျေးကျွံ အမှုမဲ့ အမှတ်မဲ့ နေထိုင်ခဲ့ကြတယ်။ ကျောင်းတက်စ ၂-နှစ်တာကာလမှာ Section A , B , C , D ခွဲပြီး အတန်းတက်ဆင်း နေလာခဲ့ရင်း တတိယနှစ်ရောက်တော့ ဘာသာရပ်တွေ အမျိုးမျိုးကွဲလာပြီမို့ ပိုလို့သာ အနေလှမ်းခဲ့ကြတယ်။ ဘာသာရပ်ကြီးတွေဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ဓါတုအင်ဂျင်နီယာဌာနတွေမှာ ကျောင်းသား ကျောင်းသူတွေ များကြတယ်။ ဘာသာရပ်လေးတွေဖြစ်တဲ့ ရေနံအင်ဂျင်နီယာဌာန၊ သတ္ထုတူးဖော်ရေး အင်ဂျင်နီယာဌာန၊ သတ္ထုဗေဒအင်ဂျင်နီယာဌာန၊ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန၊ ဗိသုကာဌာနတွေကျပြန်တော့ ကျောင်းသားတွေ လက်ချိုးရေလို့ရတယ်။ ဘယ်ဌာနကိုရောက်ရောက် တို့များအားလုံးဟာ ခရီးဆုံးကိုရောက်ဘို့ရာအတွက် ကိုယ်သန်ရာသန်ရာ လှော်တက်ကိုယ်စီနဲ့ ပန်းတိုင်ဆီကို ခတ်လှော်ခဲ့ကြတဲ့ တစ်လှေထဲစီး တစ်ခရီးထဲ သွားနေသူတွေပါ။ အချိန်တန်လို့ ခွဲခွာကြရတော့ ဆိုင်ရာဆိုင်ရာ ဒေသအသီးသီးကိုရောက်ခဲ့တဲ့ တို့များတစ်တွေ။ ဒီနေ့ဒီရက်မှာ ပြန်ဆုံကြပြန်တော့ ငယ်စဉ်ဘ၀ ကျောင်းတုန်းက အလျှိုလျှိုရင်ထဲ ကိန်းအောင်းခဲ့တဲ့ မာနတွေ၊ ကြောက်စိတ်တွေ အရိပ်အယောင် ရိုးတိုးရိပ်တိတ်တောင် မမြင်ရတော့၊ ၇၅-၈၁ အင်ဂျင်နီယာသူငယ်ချင်းများ ဆုံကြတိုင်း ပျော်ကြတယ်။ အရင်ထက်ပိုခင်ကြတယ်၊ တို့များအားလုံး ၆ထိပ်စည်း နီးသူနီး ကျော်သူကျော် နောက်ထပ်ဆုံရ မကြာလှမို့ လူမှုရေးအသင်းလေးထောင်ဖြစ်တယ်။ ကိုယ်နိုင်သလောက် စုကြဆောင်းကြ ဆော်သြကြနဲ့ နာရေးကို ဦးစားပေး သာရေးလေးလည်း ထည့်ဖြစ်ပေါ့။ တို့များအသုတ်မှာ အင်ဂျင်နီယာ သူငယ်ချင်း ၅၆၀ကျော်ရှိခဲ့ပြီး လူမှုရေးအသင်းမှာ ၁၈၀ကျော်ပဲ ပြန်ဆုံဆည်းနိုင်ခွင့်ရခဲ့တယ်။ အကြောင်းကြောင်းကြောင့် ဒီပို့စ်လေးကိုဖတ်မိတယ်ဆိုရင် 75-81 RIT Welfare အဖွဲ့ကို ဆက်သွယ်စေချင်တယ် သူငယ်ချင်းတို့ရေ။












စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz