x

6.6.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်- ၁၁ရက်မြောက်


၂၁-၄-၂၀၁၆(ကြာသာပတေး)နေ့သည့် ဘုရားဖူးခရီးစဉ်၏ ၁၁ရက်မြောက်သောနေ့ဖြစ်ပြီး ဘုရားဖူးအဖွဲ့အား ကိုယ်ပိုင်ချိန်ပေးသည့် ရက်တစ်ရက်လည်းဖြစ်လေသည်။ ဘုရားဖူးရန်နှင့် ဈေးဝယ်ရန်အတွက် မိမိစိတ်တိုင်းကျ ဆောင်ရွက်နိုင်ခွင့် ပြုထားသည်။ ဘုရားပုံတော်အမျိုးမျိုး၊ သဘက်၊ ပုဝါ၊ အ၀တ်အိတ်၊ ဆွဲကြိုး၊ လက်ကောက်၊ ပိတ်စအမျိုးမျိုးတို့အပြင် အခြားပစ္စည်းစုံကို ဂယာတွင် ၀ယ်ယူနိုင်လေသည်။ ဈေးကိုထက်ဝက်လောက်ဆစ်ရန် တာဝန်ခံမှ ကြိုတင်မှာကြား ထားခဲ့ပြီးဖြစ်သဖြင့် ပစ္စည်း၏တန်ဘိုးကို ဈေးရောင်းသူကပြောလျှင် ထက်ဝက်လောက်က စ၍ဆစ်ခြင်းဖြင့် ဘုရားဖူးတို့ လိုအပ်သည့်ပစ္စည်းများကို ၀ယ်ယူကြပါသည်။ နေ့လည်စာကို မြန်မာဘုန်းတော်ကြီးကျောင်းတွင် စားသောက်ကြပြီးသော် ဘုရားခန်းထဲတွင် ဘုရားဖူး ခရီးသည်များအား ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းမှ ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးပါသည်။ ညနေပိုင်းတွင် တာဝန်ခံမှ ဘုရားဖူးထွက်သူ ဈေးဝယ်ထွက်သူများကို ညနေ ၆နာရီတွင် ဘုန်းတော်ကြီးသို့ အရောက် ပြန်လာကြရန်  မှာကြားပါသည်။ ကျမတို့ ၆-ယောက်အဖွဲ့မှ တစ်ချို့လည်း ဈေးဝယ်ရန်စိုင်းပြင်းနေကြသလို ဗောဓိညောင်ရွက်၊ ဗောဓိပင်မျိုးစေ့နှင့် ဗောဓိပင်ပေါက် လာရောက်ပေးမည့် ဦးဇင်း အရှင်ပညောဘာသနဲ့ ဘုရားအနီးတွင်ချိန်းထားသဖြင့် ကျမတို့ဇနီးမောင်နှံ ဘုရားဝန်းအတွင်းသို့ သွားရောက်ကာ ဘုရားဖူးရင်း မျှော်နေခဲ့ကြသည်။ ၆-နာရီ တည်းခိုရာနေရာသို့ အရောက်ပြန်ရမည်ဖြစ်သဖြင့် ကျမ၏ ခင်ပွန်းက ကျမကို ခရီးအတန်လှမ်းသည့် နေရာမှ လာရောက်မည်ဖြစ်သော ဦးဇင်းအား ဘုရားဝန်းအပြင်မှ သွားရောက် စောင့်ရန်ပြောသဖြင့် ကျမတို့ နှစ်ယောက်သားအပြင်သို့ ထွက်ခဲ့သည်။ ကျမတို့ အပြင်ရောက်ချိန်တွင် ကျမတို့ရှိရာသို့ အထုပ်တစ်ထုပ်ကို လက်ကဆွဲလျက်ခပ်သွက်သွက် လှမ်းလာနေသော ဦးဇင်းတစ်ပါးကိုမြင်လိုက်ချိန်တွင် အပြင်ဘက်၌ တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးသော်လည်း ကျမတို့ စောင့်နေသော အရှင်ပညောဘာသပင် ဖြစ်မည်ဟု စိတ်ကယုံကြည်မိပြီး ကျမလိုလားသော ဗောဓိပင်ပေါက်များ ရတော့မည်ဟု တွေးမိကာ ကျေနပ်နေမိသည်။ အကြောင်းကား ဗုဒ္ဓဂယာခရီးစဉ်မှ ဗောဓိပင်အား သယ်ဆောင်ကာ ပဒေသာပင်မြို့တော်အတွင်းရှိ ချမ်းမြေ့ပဒေသာကျောင်းသို့ လှူဒါန်းလို၍ ဖြစ်ပါသည်။  ဦးဇင်းနှင့် အချိန်ရသလောက် စကားပြောပြီး လမ်းခွဲခဲ့ကြလေသည်။ 



လက်ရှိအခြေအနေ ရှင်သန်နေသော ဗောဓိပျိုးပင်လေး




 မဲပေါက်သောသံဝေဇနိယလေးဌာနအမှတ်အသားပါ ဗုဒ္ဓရုပ်ပွားတော်နှင့်
ကျောင်းဆောင်တွင် ပူဇော်ရန်အတွက်ပင့်လာသော ဗုဒ္ဓရုပ်ပွားတော်-

 လက်ဆောင်ပေးရန် ပင့်လာသော ဗုဒ္ဓရုပ်ပွားတော်များ

သားတို့အိမ်တွင်ကိန်းဝပ်ရန် ပင့်လာသောဗုဒ္ဓရုပ်ပွားတော်-
(ကျောင်းဆောင်တွင်ခေတ္တကိန်းဝပ်နေ၊ အနောက်ဖက်ရှိပလ္လင်နှင့်ဗုဒ္ဓရုပ်ပွားတော်)

ညပိုင်းထမင်းစားပြီးချိန်၌ တာဝန်ခံအဖွဲ့မှ ဘုရားဖူးအဖွဲ့၏ ခရီးဆောင်အိတ်များ အ၀တ်အိတ်များကို သတ်မှတ်ထားသော အလေးချိန်အတွင်း ရှိ မရှိ လာရောက် စစ်ဆေး ချိန်တွယ်ပေးကြသည်။ ကြိုတင် သတိပေးထားသဖြင့် ခရီးသည်အားလုံးလိုလို သတ်မှတ်ထားသည့် အလေးချိန်ထက် မပိုကြောင်း တွေ့မြင်ရပါသည်။ ထိုညတွင်ပင် ဘုရားဖူးများအား ခရီးစဉ်တစ်လျှောက် လိုက်ပါစောင့်ရှောက်ကာ လိုအပ်ချက်များကို ဆောင်ရွက်ပေးသော တာဝန်ခံအပေါ် ဘုရားဖူး ခရီးသည်များမှ စိတ်ကျေနပ်မှု ရှိ မရှိ၊ ခရီးစဉ်တွင် အဆင်ပြေ မပြေ စသည်တို့ကို မိမိ၏စိတ်ရင်းအတိုင်း ရေးသားဖေါ်ဆောင်နိုင်ခွင့် ရရှိစေရန် အမှတ်ပေး စာရွက်များ တစ်ဦးချင်းဆီ၏ လက်ဝယ်သို့ ပေးဝေပါသည်။ နောက်တစ်နေ့ မနက်တွင် ထိုစာရွက်များအား ပြန်လည်၍ စုဆောင်းပါမည့်အကြောင်း ပြောပါသည်။ ခရီးစဉ်တစ်လျှောက် လူတိုင်းစေ့အပေါ်တွင် ခင်မင်ရင်းနှီးစွာဖြင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည့် တာဝန်ခံ ကိုစိုင်းအပေါ် ဘုရားဖူးခရီးသည်များ အားလုံးကကျေနပ် ကျေးဇူးတင်မည်ဟု ထင်ပါသည်။ နောက်တစ်နေ့ ပြည်တော်သို့ ပြန်ရမည်ဖြစ်သဖြင့် လက်ဆွဲရန် အထုပ်အပိုး ပစ္စည်းများအား  ကိုယ်စီထုပ်ပိုးကြလေသည်။ မည်သို့ပင်ဖူးရစေကာမူ ကျေနပ်တင်းတိမ်ခြင်းမရှိသဖြင့် မနက်စာကို ကျမတို့ ၆-ယောက်အဖွဲ့ စားသုံးပြီးက နေ့လည်စာမတိုင်မီ အချိန်ရသေးသဖြင့် ဗောဓိစေတီတော်သို့ ထပ်မံသွား၍ ၇-ဌာနအား ဖူးမျှော်ကြရန် သဘောတူကြပြီး တစ်ညတာကို အေးချမ်းစွာဖြင့် အိပ်စက်ကြပါသည်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz