x

9.6.16

အပယ်ပိတ်ဘုရားဖူး (၁၂)ရက်ခရီးစဉ်- ၁၂ရက်မြောက်


၂၂-၄-၂၀၁၆ (သောကြာ)နေ့သည် ကျမတို့ ခင်နန္ဒာ ဗုဒ္ဓဂယာဘုရားဖူး (၁၂)ရက်ခရီးစဉ်၏ နောက်ဆုံးရက်ပင်ဖြစ်ပါသည်။ ဘုရားဖူးအဖွဲ့အား ထမင်းစားချိန်အမှီ အရောက်ပြန်လာကြရန်နှင့် ထမင်းစားပြီးနောက် ဂယာလေဆိပ်သို့ ဆက်လက်၍ ထွက်ခွာရမည်ဖြစ်ကြောင်း တာဝန်ခံမှပြောပါသည်။ အချိန်ပိုရသည့် မနက်ပိုင်းတွင် မိမိဆန္ဒအလျှောက် ဘုရားဖူးလိုသူများ ဈေးဝယ်လိုသူများ မိမိစိတ်တိုင်းကျ သွားလာနိုင်ရန်အတွက် ကိုယ်ပိုင်ချိန်ပေးထားပါသည်။ ကျမတို့အဖွဲ့လည်း အချိန်ရရင် ရသလောက်ထပ်မံ၍ ဗောဓိစေတီတော်မြတ်ကြီးအား ဖူးမြှော်လိုကြသဖြင့် သုံးဘီးကားဖြင့် ဘုရားသို့သွားရာ ကားခမှာတစ်ဦးလျှင် အသွား ၂ရူပီ အပြန် ၂ရူပီနှုန်း ကျသင့်သဖြင့် စုစုပေါင်း ၆-ဦးအတွက် အသွား၊ အပြန် ၂၄ရူပီကျပါသည်။ မဟာဗောဓိ စေတီတော်မြတ်ကြီး၏ ပရ၀ုဏ်အတွင်း ဖုန်းများကို ယူဆောင်နိုင်ခြင်း မရှိသော်လည်း ကင်မရာကို အခွန်ဆောင်ယူနိုင်၍ ကင်မရာယူဆောင်လာကာ စိတ်တိုင်းကျ ဓာတ်ပုံများရိုက်ဖြစ်ပါသည်။
မြေမြတ်မဟာ ဗုဒ္ဓဂယာကား ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသော နေရာတော်ဖြစ်သည်။ ဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်။ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသ တ၀ိုက်ကို ဥရုဝေဠဟု ခေါ်တွင်ခဲ့ပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ- သမ္ဗောဓိ-ဗောဓိရုက္ခမူလ စသည်ဖြင့် ခေါ်တွင်ခဲ့သည်။ ၁၃-ရာစုတွင် ဒေသခံများက ဗြဟ္မဂယာခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း)နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟု ခေါ်တွင်ခဲ့ကြသည်။ ကျမဖတ်ခဲ့ဘူးသော ဤမြေမြတ်မဟာ၏ အတိတ်ရာဇ၀င်တို့သည်လည်း ကျမ၏အတွေးထဲတွင် တရိပ်ရိပ်ပြန်လည်၍ ပေါ်လာပါသည်။
ဗုဒ္ဓလက်ထက်တော် အခါက မဂဓတိုင်း၌ ဗိမ္ဗိသာရမင်းကြီးနှင့် သားတော်အဇာတသတ်မင်း၊ ၀ိဇ္ဇီတိုင်း၌ မလ္လမင်း၊ ၀ံသတိုင်း၌ ဥတေနမင်းနှင့် ကောသလတိုင်း၌ ပသေနဒီကောသလမင်း စသော ဗုဒ္ဓဘာသာ သာသနာပြု မင်းကောင်းမင်းမြတ်များ ပေါ်ထွန်းခဲ့ကြပြီး ယင်းမင်းကောင်းမင်းမြတ်တို့၏ အထောက်အပံ့ကို ရရှိခဲ့သော မြတ်ဗုဒ္ဓသာသနာတော်ကြီးသည် နေရောင်လရောင်တမျှ ထွန်းလင်းတောင်ပြောင်ခဲ့လေသည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး နောက်ပိုင်းတွင်လည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသော သာသနာပြု မင်းကောင်းမင်းမြတ်တို့၏ ကူညီပံ့ပိုးပေးမှုကြောင့် ဗုဒ္ဓဂယာ အပါအ၀င် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား၌ မြတ်ဗုဒ္ဓ သာသနာတော် စည်ပင်ပြန့်ပွားခဲ့သည်။
အသောကမင်းကြီး နတ်ရွာစံပြီးနောက် သူ့သားတော်၊ မြေးတော်များမှာ အသောကမင်းကြီးကဲ့သို့ ဘုန်းလက်ရုံး မကြီးမားတော့သလို သာသနာတော်ကို အားပေးမှုလည်း နည်းပါးသွားခဲ့ကြသည်။ အသောကမင်းဆက် မောရိယအနွယ် (၇)ဆက်တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့ပြီး နောက်ဆုံး (၇)ဆက်မြောက်ဖြစ်သော ဗြိဟဒြမင်းကို စစ်ဗိုလ်ချုပ်ကြီးပုရှမိတြက လုပ်ကြံ၍ အာဏာကိုသိမ်းယူလိုက်သဖြင့် မောရိယမင်းဆက် ပြတ်သွားခဲ့ရသည်။ ပုရှမိတြမင်းသည် သူ့မျိုးနွယ်ကို သုန်ဂမျိုးနွယ်အဖြစ် ခေါ်တွင်လိုက်ကာ ဗုဒ္ဓဘာသာကို အလွန်မုန်းတီးသော အစွန်းရောက် မင်းတစ်ပါးဖြစ်လေသည်။ ထိုမင်းလက်ထက်တွင် ဗုဒ္ဓဘာသာ ကျောင်းကန် စေတီ ပုထိုးများကို ဖျက်ဆီးခြင်းအပြင် ရဟန်း သံဃာတော်ပေါင်း များစွာကိုသတ်ဖြတ်ခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းကန်များကို တစ်စမကျန် ချေမှုန်း ဖျက်ဆီးခဲ့သည်။
အေဒီ ၁၁၉၃၊ ၁၁၉၇၊ ၁၁၉၉ ခုနှစ်များသည် မဂဓတိုင်းတွင် ဗုဒ္ဓဘာသာရဟန်းတော်များ သွေးချောင်းစီးခဲ့ရသော နှစ်များဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာ ဒကာဒကာမများ ကိုးကွယ်ရာမဲ့ဖြစ်ခဲ့ရသည်။ မင်းဘေးမင်းဒဏ်ကို ကြောက်လန့်ရခြင်းတို့ကြောင့် ဗုဒ္ဓဘာသာ လူအများမှာ မိမိ၏ဘာသာကို စွန့်လွှတ်ကာ အခြားဘာသာများသို့ ကူးပြောင်းကြရာမှ အစပြု၍ ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက် သွားခဲ့ရသည်။
ပိဋကတ်တော်လာ သာသနာကွယ်ခြင်း အကြောင်းတရားလေးပါးတို့တွင်-
၁။ ရဟန်း သာမဏေများ ပရိယတ္တိစာပေကို သင်ကြားမှု မရှိတော့ခြင်း။
၂။ ရဟန်း သာမဏေများ ပိဋကတ်စာပေများကို နှုတ်တက်အာဂုံ မဆောင်ကြတော့ခြင်း။
၃။ ရဟန်း သာမဏေများ ပရိယတ်ကို အခြေခံ၍ သိအောင် ကျင့်ကြံပွားများမှု မရှိကြတော့ခြင်း။
၎။ ရဟန်း သံဃာတော်များ အကျင့်ပဋိပတ်၌ မမွေ့လျော်ကြတော့ခြင်းတို့ ဖြစ်လေသည်။
ထို့ကြောင့် သာသနာတော် ကွယ်ခြင်း မကွယ်ခြင်းသည် ဘုရားသားတော် ရဟန်းတော်များအပေါ်၌ မှီတည်နေပါသည်။
အလျဉ်းသင့်သည့်အခါတွင် ကျမဖတ်ဘူးခဲ့သော မြေမြတ်မဟာ ဗုဒ္ဓဂယာ၊ မဇ္ဈိမကြေးမုံ၊ မိဂဒါဝုန်၏ ဗုဒ္ဓဘာသာ ပုံရိပ်လွှာများနှင့် ပတ်သက်၍ ရေးချင်ပါသေးသည်။
မဟာဗောဓိစေတီတော်မြတ်ကြီး-

ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်-

ဗောဓိပင်နှင့်ပလ္လင်တော်မြတ်-

အနိမိသစေတီ-

ရတနာစင်္ကြံတော်-

ရတနာဃရ ရွှေအိမ်-

အဇပါလ နိဂြောဓ-

မုစလိန္ဒာအိုင်-

ရာဇာယတန-





အရှင်ပညောဘာသ မဟာအောင်မြေနှင့် အမှတ်တရမှတ်တမ်းပုံရိုက်-


ကျမတို့အဖွဲ့လည်း မိမိစိတ်တိုင်းကျ နေရာများတွင် ဘုရားဂုဏ်တော်များပွားခြင်း၊ ပဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ ကမ္မဌာန်းတရား ရှုခြင်း၊ ဘာဝနာပွားခြင်း အစရှိသော ကောင်းမှုကုသိုလ်များဖြင့် ရသမျှသောအချိန်ကို ကုန်ဆုံးစေပါသည်။ ရာဇာယတန (သတ္တမသတ္တဟ)သို့ နောက်ဆုံးရက်အဖြစ် လာရောက်အဓိဌာန်ဝင်သည့် အရှင်ပညောဘာသနှင့် ထပ်မံတွေ့ဆုံကာ မှတ်တမ်းပုံများ ရိုက်ဖြစ်ပါသည်။
ထမင်းစားချိန် မတိုင်မီ တည်းခိုရာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက်ရှိကြပြီး နေ့လည်စာကို သုံးဆောင်ကြသည်။ ထို့နောက် လက်ဆွဲအထုပ်အပိုးများကို ကိုယ်စီကိုယ်ငှ သယ်ဆောင်ကြကာ ဂယာလေဆိပ်သို့ ပို့ဆောင်မည့် ဘတ်စ်ကားကြီးပေါ်သို့တက်ရောက်၍ နေရာယူကြလေသည်။ သွားလမ်းသာခဲ့သလို ပြန်လည်းလည်းဖြောင့်ဖြူးခဲ့ပြီး မွန်မြတ်သည့်ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်အတွက် ခရီးအစမှအဆုံးတိုင် အစစအရာရာလိုလေသေးမရှိ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သော ခင်နန္ဒာမိသားစုနှင့် အဖွဲ့သားများကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောပါရစေ။ ဗောဓိပင်၊ မျိုးစေ့နှင့် ဗောဓိရွက်တို့ပေးခဲ့သော အရှင်ပညောဘာသ မဟာအောင်မြေ၊ တကူးတကလာရောက်တွေ့ဆုံခဲ့သော ဘလော့ဂါဘုန်းဘုန်းတောက် (Nanda Sara) တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဤပို့စ်မှပြောပါရစေ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz