x

3.7.16

ခြေရာကျန်မည့် ပုံရိပ်များ


ဒီနေ့တို့များ ထပ်ဆုံကြပြန်တယ် အဝေးရောက်သူငယ်ချင်းတို့ရေ။ စေတနာ သဒ္ဓါထက်သန်စွာနဲ့ အကျွေးအမွေးအတွက် တာဝန်ယူပေးခဲ့တဲ့ ကိုမြင့်ဇော် (Civil)ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အလှည့်ကျ တာဝန်ယူကြမယ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြပေမယ့် ကြားဖြတ်အစီအစဉ်အနေနဲ့ပေါ်လာတဲ့ အကျွေးအမွေးအလှူရှင် ကိုသွင်အေး(Mining)က ရှေ့လာမည့်တစ်ပတ်မှာ မွေးနေ့ကိုအကြောင်းပြုလို့ ကျွေးမယ်ဆိုလာပြန်တော့ သူငယ်ချင်းများက အတိုင်းထက်အလွန် ကြိုတင်ပြီး ကျေးဇူးတင်ကြတယ်။ အလှည့်ကျကျွေးရမည့် သူငယ်ချင်းတွေကလည်း အထူးအစီအစဉ် မပေါ်တဲ့ရက်တွေမှာ အလှည့်ကျ အစီအစဉ်အတိုင်း ကျွေးပါရစေဆိုတဲ့ အဆိုပြုသံလေးတွေဟာ ကျေနပ်စရာပါ။ ဒီတစ်ခေါက် ဆုံဆည်းပွဲလေးဟာ အရင်တစ်ခေါက်ထက် သူငယ်ချင်းတွေ ပိုများလာသလို ပိုလို့လည်း စိုပြေလာတယ်။ မိုက်ခရိုဖုန်းလေးရဲ့ အကူအညီနဲ့ 75-81,R I T Welfare EC တွေပြောတဲ့ စကားသံကို ပြတ်ပြတ်သားသား ကြားရပြီ သူငယ်ချင်းရေ။ အလွှာပေါင်းစုံပါဝင်တဲ့ သူငယ်ချင်းများအားလုံး ဒီနေ့လို ဆုံဆည်းခဲ့ချိန်တိုင်းမှာ ကျောင်းတုန်းကအတိုင်း ရင်းနှီးစွာချစ်ခင်နေကြဆဲမို့ မြင်ရတဲ့မြင်ကွင်းလေးဟာ ကြည်နူးစရာပါ။ သဘော မနောကောင်းတဲ့ သူငယ်ချင်းတို့အကြောင်း အထူးပြောနေစရာ မလိုပါဘူး။ မနက်ဖြန် ခရီးတိုတစ်ခု ထွက်စရာရှိတာကြောင့် ကိုမောင်မောင်သန်း (Mechanical) ကိုအကူအညီတောင်းပြီး Meeting minutes ရေးခိုင်းရပြန်ပြီ။ သဘောထားပြည့်ဝတဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့် လိုအပ်တဲ့ အချိန်တိုင်းမှာ မညည်းညူစတမ်း ကူညီလေ့ရှိကြတယ်။ မကြာခင်အချိန်မှာ 75-81 R I T လိပ်စာစာအုပ်လေးတွေ လုပ်ကြတော့မှာမို့ သူငယ်ချင်းတို့ရဲ့ နာမည်နဲ့ဓာတ်ပုံ(တက္ကသိုလ်ကျောင်းသားဘ၀နဲ့လက်ရှိပုံ) နေရပ်လိပ်စာ၊ ဆက်သွယ်ဘို့ရာ ဖုန်းနံပါတ်၊ ခင်ပွန်း/ဇနီးရဲ့ နာမည်နဲ့ သား/သမီးတို့ရဲ့ နာမည် အလုပ်အကိုင်ကအစ အသေးစိတ်တောင်းထားတဲ့ ဒေတာတွေ မပေးရသေးဘူးဆိုရင် ကိုတင်အေး (Mechanical)ဆီကို ဗိုင်ဘာကနေ တဆင့်ပို့ပေးကြပါ။ ဒီကနေ့တော့ ဓာတ်ပုံမရှိသေးတဲ့ သူငယ်ချင်းတွေကို ဆုံဆည်းပွဲလေးမှာတင် ဓာတ်ပုံရိုက်ပေးပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တယ်။ ထုံးစံအတိုင်း သူငယ်ချင်းများ ဆုံကြပြီဆိုရင် မရပ်မနား စကားတွေပြောကြဆိုကြ ရယ်မောကြနဲ့ပေါ့။ အထိုင်မကျခင်ကသာ လူမှုရေးအဖွဲ့ အီးစီရယ်လို့ တွေ့ဆုံခဲ့ပေမယ့် အခြေကျလာတဲ့ အခုတော့ သူငယ်ချင်းများအားလုံး ဆုံဆည်းဘို့သာ အဓိကထားပြီဆိုတာ အရင်တစ်ခေါက်ထဲက ပြောဘို့ကျန်ခဲ့တယ်။ စေတနာသဒ္ဓါ ထက်သန်စွာနဲ့ လှူဒါန်းငွေများ စဉ်ဆက်မပြတ် ထည့်ဝင်ကြတဲ့အတွက်လည်း ကြည်နူးစွာနဲ့ သာဓုအနုမောဒနာခေါ်ဆိုမိပါတယ်။ ဒီတစ်ခေါက် ဆုံဆည်းပွဲ မတက်ရောက်နိုင်တဲ့ သူငယ်ချင်းတွေကို အပျော်တွေကူးစက်စေလိုတဲ့ ဆန္ဒနဲ့ ဓာတ်ပုံတွေ ပိုပြီးဝေေ၀ဆာဆာ ရိုက်ဖြစ်ခဲ့သလို နောင်တစ်ချိန် ခြေရာကျန်စေမည့် ပုံရိပ်လေးတွေဆိုရင်လည်း မမှားဘူးပေါ့။ ရေရှည်နှစ်ပေါင်းများစွာအတွက် ရည်ရွယ်ပြီး ပျိုးထောင်ခဲ့တဲ့ 75-81 R I T Welfareကို တစ်နေ့နေ့မှာ လာရောက်ပူးပေါင်း ပါဝင်နိုင်ကြလိမ့်မယ်လို့ အဖွဲ့ဝင်သူငယ်ချင်းများအားလုံးက ယုံကြည်မျှော်လင့်ရင်း စောင့်ကြိုနေကြပါတယ်ဆိုတာ ပြောခဲ့ပါရစေ အဝေးကသူငယ်ချင်းတို့ရေ။

 ပြန်သွားသူနဲ့ နောက်ကျရောက်သူတို့ မပါတာတောင် ၄၀ဦး
 ဓာတ်ပုံရိုက်တိုင်း လှလှပပနေတတ်တဲ့ အဆိုတော်မမစိမ်း- ^_^


 ဆုံရခဲပေခြင်း :P 
 နောက်တစ်ပတ်အလှူရှင် ကိုသွင်အေး(ဦးထုပ်ဆောင်းထား)















 လိပ်စာစာအုပ်အတွက် ဓာတ်ပုံရိုက်





စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz