x

21.1.17

မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၈


အိပ်မက်တစ်ခု မက်ခဲလွန်းလှတဲ့ ကျွန်မ မနေ့ညကမက်ခဲ့တဲ့ ထူးခြားအိပ်မက်လေးကို ပြန်တွေးရင်း အတွေးစလေးတွေ အဝေးတစ်နေရာအထိ ပျံ့လွင့်လို့နေပါတယ်။ ကျွန်မရဲ့အမှတ်တရ ပုံရိပ်များစွာထဲက ထင်ကျန်နေသေးတဲ့ အဖြစ်အပျက် အကြောင်းအရာလေးတစ်ခု ကျွန်မအာရုံဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်တယ်။ သားတို့နှစ်ယောက်စလုံး မိဘနဲ့အတူ ရှိနေခွင့်ရစဉ်၊ မိဘရဲ့အရိပ်အောက်မှာ ခိုလှုံနေစဉ် အချိန်အခါက ကျိုက်ထီးရိုးခရီးစဉ်ကို နှစ်စဉ်နှစ်တိုင်း ခင်ပွန်းရဲ့ညီမများ၊ ခင်ပွန်းရဲ့တပည့်များအပြင် ကျွန်မရဲ့တပည့်များအပါအ၀င် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျိုက်ထီးရိုးတောင်ပေါ်မှာ သင်္ကန်းကပ်ခွင့်ကို ဆယ်ကြိမ်မက ဆက်တိုက်ဆက်ကပ်ရင်း ကြည်နူးစွာ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ရတာတွေ တိုက်ဆိုင်တိုင်း သတိရနေမြဲပါ။ တစ်ဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတဲ့ ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ကိုလည်းတွေးရင်း ပထမအကြိမ် ရောက်ခဲ့စဉ် အချိန်အခါလေးစီကို အတွေးလေးရောက်မှန်းမသိရောက်သွားခဲ့ပြန်ပါတယ်။
ကျိုက်ထီးရိုးဘုရားကို ကျွန်မ ၉-တန်းနှစ်(၁၉၇၄-ခုနှစ်)၊ ကျွန်မအစ်ကိုကြီး ရန်ကုန်ကိုခွင့်ပြန်လာချိန်မှာ အစ်ကိုကြီးနဲ့ အရင်းနှီးဆုံး သူငယ်ချင်း ၂-ယောက်တို့ရဲ့ မိသားစုများနဲ့အတူ ကျွန်မ အဒေါ်များ အပါအ၀င် အားလုံး လူစုပြီး ရန်ကုန်ကနေ အာရုံမကျင်းခင်မှာပင် ထွက်ခွာခဲ့ကြတယ်။ လမ်းကကျဉ်းတော့ မျက်နှာချင်းဆိုင် ကားများနဲ့ဆုံပြီဆိုရင် အဆင်ပြေတဲ့ကားက လမ်းဘေးချရပ်ပြီး တစ်ဖက်ကား ကျော်လွန်သွားမှသာ လမ်းပေါ်ပြန်တက် ခရီးဆက်ရတဲ့ အခြေအနေမျိုးမို့ နေ့လည် မရှိတစ်ရှိ အချိန်လောက်မှသာ ကျိုက်ထီးရိုး တောင်ခြေကို ရောက်လာပါတော့တယ်။ တောင်တက်လမ်း အခက်အခဲ မဖြစ်စေဘို့ တောင်ခြေမှာပင် ပါလာတဲ့ထမင်း ဟင်း အခြောက်အခြမ်းများ ခွဲခြမ်းပြီးထုတ်ကာ တစ်ဖွဲ့လုံး ၀ိုင်းဝန်းစားသောက်ကြပါတယ်။ ၂-ညတာ အိပ်စက်ရန်အတွက် ကြိုတင်ပြင်ဆင်လာတဲ့ မိသားစု သုံးစုရဲ့ အစားအသောက်များက အလျှံပယ်။ စားသောက်ပြီးချိန်မှာတော့ တောင်တက်ခရီးကို စတင်ပါတော့တယ်။ ကျွန်မအတွက်တော့ ကျိုက်ထီးရိုးဘုရားဖူးကို ပထမဆုံးအကြိမ် တက်ခဲ့ခြင်း ဖြစ်ပါတယ်။ တောင်ခြေကစလို့ တောင်တက် တစ်လျှောက် ပတ်ဝန်းကျင်တစ်ခွင်လုံး သစ်ရိပ်သစ်ငွေ့တို့အကြား တောင်ကြို တောင်ကြား တောင်စွယ်အသွယ်သွယ်ကို မမောမပမ်း အတက်အဆင်းများ ပြုလုပ်ရတာကြည်နူးစရာပင်။ အတက်မတ်စောက်တဲ့ နေရာတွေမှာတော့ မနားလို့မဖြစ်တာကြောင့် မိနစ်ပိုင်းနားနားပြီး တက်ရာကနေ ခြေလှမ်းတူညီသူအချင်းချင်း တစ်ဖြည်းဖြည်းနဲ့ ရှေ့နောက်အဖွဲ့များ ကွဲလာပါတယ်။ ကျွန်မတို့ လူငယ်အဖွဲ့က ရှေ့ဆုံးကနေ ဦးဆောင်တက်နေကြပြီး အလယ်ကတစ်ဖွဲ့နဲ့ အသက်ကြီးသူများက နောက်ဆုံးတစ်ဖွဲ့ ဖြစ်သွားပါတယ်။ မိသားစု(၃)စုစလုံးဟာ ပွင့်လင်းကြပြီး ရင်းနှီးခင်မင်စရာ ကောင်းတဲ့အတွက် ပျော်စရာခရီးစဉ်လေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါတယ်။
တောင်ထိပ်ကိုမရောက်ခင် အမှောင်စပျိုးလာချိန်မှာတော့ ကျွန်မတို့ငှားလာတဲ့ ပစ္စည်းထမ်းသူများက မီးထုတ်တွေကို မီးထွန်းညှိကြပြီး မီးထုတ်ကိုယ်စီနဲ့ တောက်တက်ခရီးကို ဆက်တက်ကြရတာလည်း ကျွန်မအတွက်တော့ ထူးခြားဖြစ်စဉ်လေးမို့ ကျေနပ်ပျော်ရွှင်လို့ နေမိပြန်တယ်။ တောင်ထိပ်ကိုရောက်လာချိန်မှာ နောက်ကျန်အဖွဲ့တွေကို စိမ့်နေအောင် အေးတဲ့ရာသီဥတုကို အံတုရင်း မိသားစု (၃)စုလုံး စုံအောင် စောင့်ဆိုင်းနေကြပါတယ်။ နာရီခြားပြီး ရောက်လာကာ လူအားလုံးစုံချိန်မှာ အစ်ကိုကြီးတို့ သူငယ်ချင်း(၃)ယောက် ဦးဆောင်ရာ တည်းခိုခန်းဆီကို လိုက်သွားကြကာ မိသားစုအလိုက် နေရာယူကြပါတယ်။ တောင်တက် ၀တ်စုံတွေလဲပြီး ဘုရားဖူးကြရာမှာ ပတ်ဝန်းကျင်တစ်ခွင်မှာ အမှောင်အတိဖုံးလွှမ်းမှုက နေရာယူထားသလို ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ် လတို့ရဲ့ အလင်းဖြာမှုကို အခွင့်အရေးယူရင်း မိသားစုများ ဘုရားဖူးဖြစ်ကြတယ်။ ကိုယ်စီပါလာတဲ့ ဆီးမီး အမွှေးတိုင်တို့ ထွန်းညှိရင်း ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးအား ဦးတိုက်ရှိခိုးပူဇော်ကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကို မကြာခဏဆိုသလို ဖူးဖြစ်လာတာနဲ့အညီ ခရီးလမ်းလည်း တစ်စစနဲ့ပြောင်းလဲ တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ကျိုက်ထီးရိုးတောင်နဲ့ ကျွန်မရေစက်အတော်ပါတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ ကျွန်မတို့ နှစ်ဦးနှစ်ဖက် မိဘများနဲ့ ဆွေမျိုးသားချင်း မောင်နှမများရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တဲ့ (၂-၁၁-၁၉၈၂) ရက်နေ့ နောက်တစ်နေ့ (၃-၁၁-၁၉၈၂)ရက်နေ့မှာ ယောက္ခမတို့နဲ့အတူ ကျိုက်ထီးရိုးဘုရား သွားဖြစ်ခဲ့တယ်။ ကျိုက်ထီးရိုးတောင်ပေါ်ရောက်တဲ့ညမှာ ထူးခြားအိပ်မက်တစ်ခုမက်တာမို့ ညဥ့်သန်းခေါင်မှာ အိပ်ယာကလန့်နိုးပြီး ခင်ပွန်းဖြစ်သူကို ပြောပြတယ်။ အိပ်မက်ထဲက အ၀တ်ဖြူစင်ကြယ်ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ကျွန်မအနားရောက်လာပြီး ကျွန်မအိမ်မှာ လိုက်နေခွင့်တောင်းတယ်။ ကျွန်မကလည်း တွေဝေခြင်းအလျဉ်းမရှိပဲ ခေါင်းညိမ့်လိုက်တဲ့ အိပ်မက်ပါ။ သားကြီးကိုယ်ဝန်ဆောင်ခဲ့တဲ့အချိန်မှာ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပေမယ့် သားကြီး (၇)လ ကျော်ထိုင်တတ်ကာစ အချိန်မှာတော့ ထူးခြားဖြစ်စဉ်လေးကြောင့် ကျိုက်ထီးရိုးတောင်ပေါ်မှာ မက်ခဲ့တဲ့ အိပ်မက်လေးဆီ အတွေးလေးပြန်ရောက်သွားခဲ့တယ်။ အကြောင်းက သားကြီးဟာ နေ၀င်ချိန်ရောက်တိုင်း ဘုရားစင်အောက်ထဲဝင်ထိုင်ပြီး နေမင်းကြီးကို ဆက်တိုက်ရှစ်ခိုးတတ်သလို ညပိုင်း အပြင်သွားလို့ လမင်းကြီးကို မြင်တိုင်းလည်း ကြောက်ရွံ့နေတတ်တယ်။ တစ်ခါတစ်ရံ လမင်းကြီးကို လက်ညှိုးထိုးပြီး အော်ဟစ်ငိုတတ်ပြန်တယ်။ ဒါကြောင့်လည်း နေ၀င်ချိန် ရောက်ခါနီးတိုင်း အဖေဖြစ်သူက နေကိုစောင်ကြီးနဲ့ကာပြီး တားဆီးရသလို ညဘက်လသာတဲ့ ညတွေမှာ တတ်နိုင်သမျှ အပြင်မသွားဖြစ်အောင် နေကြရတယ်။ မယုံပေမယ့်ကြုံခဲ့ဘူးတဲ့ အကြောင်းအရာလေးတစ်ခုပါ။
တစ်ခါ သားငယ် ၃-နှစ် သားကြီး ၇-နှစ် ကျိုက်ထီးရိုးတောင်တက်တဲ့နှစ်မှာ သားငယ်ကို အတက်အဆင်းမှာ ချီပိုးသွားဘို့ရာ မလွယ်ကူတာကြောင့် ခြင်းတောင်းထဲထည့်ပြီး အထမ်းသမားနဲ့ ထမ်းစေတယ်။ ကျွန်မကတော့ဘေးကနေ ထပ်ချပ်မကွာ အထမ်းသမားနဲ့ယှဉ်ပြီး လိုက်ပါသွားတယ်။ အသွားခရီးစဉ်မှာ အခက်အခဲ ပြဿနာတစ်စုံတစ်ရာ မရှိပေမယ့် တောင်အောက်ပြန်ဆင်းတဲ့ ခရီးစဉ်မှာတော့ မထင်မှတ်ပဲ ဖြစ်ရပ်တစ်ခုကြုံရပါတော့တယ်။ တောင်ပေါ်တက်လာတဲ့ ကလေးတွေထဲက တစ်ယောက်ရဲ့ လှည့်ပတ်ကစားနေတဲ့တောင်တက် တုတ်ချောင်းဟာ သူလက်ကနေ လွတ်ထွက်သွားပြီး သားငယ်ကိုထမ်းပိုးထားတဲ့ အထမ်းသမားရဲ့ ခြေထောက်နှစ်ချောင်းအကြားကို ရောက်သွားပါတော့တယ်။ လျှပ်တစ်ပြက် ဖြစ်ပေါ်ခဲ့တဲ့ အကျိုးဆက်ကတော့ အထမ်းသမား ဒလိမ့်ကောက်ကွေး ကျသွားပြီး သားငယ်ကို ထည့်လာတဲ့ ပုခုံးပေါ်က ခြင်းလည်းအဝေးကိုလွင့်ကျသွားပါတော့တယ်။ ခြင်းထဲပါသွားတဲ့ သားငယ်ဟာ တောင်အောက်ကို ခြင်းထဲကနေ ဂျွမ်းပြန်ထွက်ကျပြီး မြေကြီးနဲ့ သူ့ရဲ့ဦးခေါင်း ဆောင့်တာကို မြင်လိုက်ရတဲ့ ကျွန်မ စက္ကန့်ပိုင်း ဆွံ့အသွားသလို ဦးခေါင်းတစ်ခုလုံး မိုက်ကနဲဖြစ်သွားပါတယ်။ စိတ်ကိုချက်ခြင်းထိန်းပြီး သားငယ်ဆီအပြေးအလွှား အရောက်သွားပြီး ပွေ့ချီလိုက်ပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ ဗလောင်ဆူနေတာကို အတတ်နိုင်ဆုံး ငြိမ်သတ်ရင်း တောစောင့်နတ် တောင်စောင့်နတ် နတ်ကောင်းနတ်မြတ် နတ်ဒေ၀ါအပေါင်းကိုသာ သားငယ်ကို စောင့်ရှောက်ဘို့ မေတ္တာတွင်တွင်ပို့နေမိတယ်။ သားငယ်ကိုသတိလစ်နေလောက်ပြီလို့ ထင်ခဲ့ပေမယ့် သားငယ်က ကျွန်မပွေ့ချီလိုက်ချိန်ကျမှ အောင်ဟစ်ငိုယိုပြီး သူ့တစ်ကိုယ်လုံးလည်းတုန်လှုပ်နေရင်း ကျွန်မကို ဖက်တွယ်ထားပါတော့တယ်။ သားရဲ့ဖေဖေလည်း သားငယ်တစ်ခုခုဖြစ်သွား မသွား ခေါင်းကအစ ခြေအဆုံး သေသေချာချာ စစ်ဆေးနေချိန်မှာ သားငယ်က ကျွန်မကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရာကနေ သူ့မျက်လုံးအစုံကို ဇွတ်မှိတ်ထားပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး ဆေးစစ်တဲ့အခါမှာလည်း ခန္ဓာကိုယ် အတွင်းအပြင် ထူးခြားထိခိုက်ဒဏ်ရာ မရှိတာကြောင့် ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် သက်ပြင်းချနိုင်ပါတော့တယ်။ သူတော်စင် သူတော်မြတ် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ရဲ့ စောင့်ရှောက်မှုနဲ့ သားငယ်ရဲ့အတိတ်ကံ အကျိုးပေးလို့ ကျွန်မတွေးတောရင်း တောစောင့်နတ် တောင်စောင့်နတ်တွေကို အထပ်ထပ်အခါခါ မေတ္တာပို့မိပြန်တယ်။ ကျောင်းတွေဖွင့်လို့ မူလတန်း အလယ်တန်း အထက်တန်း ကျောင်းသားဘ၀မှာ သားငယ်ကို အရိပ်တကြည့်ကြည့်နေလာခဲ့တယ်။ မှတ်ဥာဏ်နဲ့ပတ်သက်ပြီး ထက်ထက်မြက်မြက် သွက်သွက်လက်လက်ရှိနေတာကို မြင်ရတော့မှပဲ စိတ်ချလက်ချ နေနိုင်လာပါတယ်။ ‘အစောင့်အရှောက်တွေ စောင့်ရှောက်တယ်’ ဆိုတဲ့စကားရဲ့ ရာခိုင်နှုန်း အတော်များများဟာ ကိုယ်ပိုင်လုပ်ရပ်ပေါ်မှာမူတည်တယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့်လည်း မယုံပေမယ့်ကြုံခဲ့တဲ့လက်တွေ့အပေါ် သုံးသပ်ရင်း ကျွန်မယုံကြည်ခဲ့ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz