x

1.3.17

ရင်ဘတ်ထဲအထိမှတ်လိုက်ပါ



(၁၇-၂-၂၀၁၇) ရက်နေ့ကနေ (၂၈-၂-၂၀၁၇) ရက်နေ့အထိ ဒီတစ်ခေါက် ၀င်ဖြစ်ခဲ့တဲ့ ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ (၁၀)ရက်တရားစခန်းကနေ ဓမ္မဆိုင်ရာ သုတအဖြာဖြာကို အများတကာ သိပြီးသားဖြစ်စေ မသိသေးတာဖြစ်စေ ကျွန်မစိတ်ထဲ စွဲကျန်ခဲ့သမျှတွေကို အကျဉ်းချုံးပြီး ရေးလိုက်ပါတယ်။ လောကီသားတို့အတွက် ၀ါကျတစ်ကြောင်းဖြစ်စေ စာတစ်ပိုဒ်ဖြစ်စေ ရင်ထဲထိအောင် သိစေချင်တဲ့ စေတနာကို အရင်းခံထားပါတယ်ဆိုရင်လည်း မမှားနိုင်ပါ။
ယောဂီ ၂၀၀-ကျော်လောက်စုစည်း ရောက်ရှိခဲ့တဲ့ ရွှေမြင့်မိုရ်ဝိပဿနာ တရားရိပ်သာလေးမှာ ဒုလ္လဘရဟန်းများ၊ သံဃာတော်များ၊ သီလရှင်များ ယောဂီသစ်၊ ယောဂီဟောင်း အစရှိတဲ့ အသွေးအရောင် စုံလင်တဲ့ရောင်စုံလူသားတို့နဲ့ ဆုံဆည်းခွင့် ရခဲ့ပါတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသလို အမျိုးစုံတဲ့ တရားစခန်းဝင် ယောဂီတွေကို အစစအရာရာ ထိန်းသိမ်းကွပ်ကဲမှု တာဝန်ယူထားသူ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်မှာ အသက်အရွယ်ငယ်ပေမယ့်လည်း ထက်ထက်မြက်မြက်နဲ့ စည်းကမ်းကို တင်းတင်းကြပ်ကြပ်လေး ကိုင်တွယ်နိုင်သူတစ်ဦးဖြစ်ပါတယ်။ စည်းကမ်းဓာတ်ခံ ရှိပြီးသူ ယောဂီဟောင်းများနဲ့ အတွဲညီညီတွဲပေးရင်း ယောဂီသစ်လေးတွေများ အဆင်ပြေ လွယ်ကူစွာနဲ့ (၁၀)ရက်တာ တရားစခန်းကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ လူ(၂၀၀)ကျော်ရှိခဲ့တဲ့ တရားရိပ်သာမှာ တရားသံတွေကလွဲလို့ ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက် အေးချမ်းစွာပင်။

ရွှေမြင့်မိုရ်မိုးကုတ်ဝိပဿနာမှာ တရားအားထုတ်လိုသူများ တစ်လကြိုတင်ပြီး စာရင်းသွင်းကာ ယောဂီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တရားအားထုတ်ခွင့်ပြုချက်ကို ရယူရပါတယ်။ တစ်နေ့တာ တရားအားထုတ်မှုအစီအစဉ် အချိန်ဇယားနဲ့ တရားစခန်းဝင်ယောဂီများ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များ ယူဆောင်လာရမည့် ပစ္စည်းများနဲ့ ဆင်ခြင်ရမည့် အချက်များကို တရားစခန်းဝင်ခွင့် ရသူတိုင်းအား ယောဂီစောင့်ရှောက်ရေး အဖွဲ့က ကြိုတင်ပေးထားခဲ့ပါတယ်။ တရားစခန်းမှာ အရင်ကတော့ ပုံမှန်အားဖြင့်တော့ တစ်နေ့ကို ၀ိပဿနာ တရားရှုမှတ်ချိန် (၄)ချိန်နဲ့ တရားနာချိန် (၄)ချိန်ဖြစ်ပြီး အခုတစ်ခေါက်တော့ တရားရှုမှတ်ချိန်ကို (၅)ချိန်နဲ့ တရားနာချိန်(၃)ချိန်အဖြစ် ပြောင်းလဲ သတ်မှတ်ကျင့်ကြံ ပွားများအားထုတ်စေပါတယ်။ တရားရှုမှတ်ချိန်ဖြစ်စေ တရားနာချိန်ဖြစ်စေ တစ်နာရီစီ သတ်မှတ်ထားပြီး တစ်နာရီပြည့်က နာရီဝက်အနားပေးပါတယ်။ မနက် ၄း၀၀နာရီ အိပ်ယာထချိန်အဖြစ် သတ်မှတ်ထားပေမယ့် ၄း၃၀နာရီ တရားရှုမှတ်ချိန် မှီစေဘို့အတွက် ယောဂီအများစုမှာ မနက် ၃း၃၀နာရီ ပုံမှန်အိပ်ယာကနေ နိုးထကြပါတယ်။ ယောဂီဟောင်းများ ည(၈)နာရီမှာ တစ်နေ့တာအစီအစဉ် ပြီးဆုံး သွားခဲ့ပေမယ့် ယောဂီ အသစ်တွေအတွက်တော့ ပဋိစ္စသမုပ္ပါဒ် သင်တန်းချိန်အဖြစ် ၈း၃၀နာရီအထိ အချိန်ပို သင်ရတာကြောင့် ယောဂီအားလုံးရဲ့ ညအိပ်ချိန်ကို ည ၉နာရီသတ်မှတ်ထားပါတယ်။

ရွှေမြင့်မိုရ်မိုးကုတ်ဝိပဿနာ (၁၀)ရက်တရားစခန်းမှာ နေ့စဉ်နံနက်တိုင်း တရားအားမထုတ်မီ ပုဗ္ဗကိစ္စ (၅)ပါးကို ပြုလုပ်ခြင်း၊ ကမ္မဌာန်းတောင်းခံခြင်း၊ ရတနာသုံးပါးအား ပူဇော်ခြင်းတို့ကို ဆောင်ရွက်ပြီးမှ တရားအားထုတ်မှုအလုပ်ကို စတင်ပြုလုပ်ရပါတယ်။ တရားအားထုတ်နေချိန်မှာ မည်သို့မည်ပုံ ပုံစံတကျ အားထုတ်ရမည်ကို ထိုင်ပုံကအစ ယောဂီတစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်စဉ်တို့အတိုင်း အမှားနည်းစေဘို့ရာ ဆရာတော်ကနေ အလုပ်ပေးတရားများ ဟောကြားရင်း ယောဂီများကို သိစေအပ်ပါတယ်။ အချို့ မိတ်ဆွေရောင်းရင်းများ တရားရိပ်သာ သွားလိုတဲ့ဆန္ဒရှိပေမယ့် တရားထိုင်ရမှာ ကြောက်နေသူများ၊ ထိုင်မှထိုင်နိုင်ပါ့မလားရယ်လို့ စိုးရိမ်ပူပန်နေသူများ အနည်းနဲ့အများ ရှိနေကြတာကို တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ပေးလိုက်ပါ။ အရာရာဟာ သူ့သဘောသူဆောင်ရင်း ဓမ္မတရားတော်နဲ့အညီ အဆင်ပြေပြေ ထိုင်နိုင်သွားပါလိမ့်မယ်လို့ပဲ ကျွန်မရဲ့ ရင်ထဲကနေ ပြောပါရစေ။

တရားအားထုတ်ရတဲ့ အဓိကရည်ရွယ်ချက်မှာ “သံသရာမှာ မရပ်မနားလည်ပတ်ခဲ့တဲ့ ခန္ဓာငါးပါး အပြီးတိုင် ရပ်တန့်သွားအောင် ဖြတ်တောက်ဘို့အတွက် ကြိုးပမ်းအားထုတ်နေခြင်းပင်”။ တရား မရသေးလည်း အနည်းဆုံးတော့ ဖြစ်လောဘ ပျက်ဒေါသတွေ သိသိသာသာလျော့သွားမှာတော့ အသေအချာ။ မိမိစိတ်ကို တည်ငြိမ်အောင် သိမ်းဆည်းထားပြီး နာခွင့်ရသမျှ ၀ိပဿနာ တရားတွေကိုသာ တစိုက်မတ်မတ် တရားနာဘို့လိုပါတယ်။ ရေးချင်တာတွေက များနေလေတော့ (၁၀)ရက် တရားစခန်းရဲ့ အနှစ်ကိုမရေးခင်မှာတင် အတော်ရှည်နေလို့ ဒီပို့စ်လေးကို အဆုံးသတ်ရပါတော့မယ်။

ဆရာတော်ပြောခဲ့သမျှ ဆုံးမသြ၀ါဒတချို့ စကားလုံးလေးတွေကိုတော့ ပြောဖြစ်အောင်ပြောချင်ပါသေးတယ်။

‘ကိုယ့်ကိုယ်ကိုယ် မရှက်ဘူးလား’
ကိုယ့်ကိုယ့်ကိုယ် လိမ်နေတာ မရှက်ဘူးလား။ မရှိတာကို ရှိချင်ယောင်ဆောင်တာ။ မလုပ်တဲ့အလုပ်ကို လုပ်ချင်ယောင်ဆောင်တာ။ အနည်းဆုံးတော့ ကိုယ်စောင့်နတ်ကသိနေတယ်။ အစောင့်အရှောက်တွေ သိနေတယ်။

‘အနိစ္စ’
အရာရာဟာ အနိစ္စဆိုတာ မသိကြလို့ လင်မယားအချင်းချင်း မောင်နှမအချင်းချင်း မိတ်ဆွေအချင်းချင်း ခိုက်ရန်တွေဖြစ်နေကြတာ။ ရင်ထဲက မကျေနပ်မှုကြောင့် ဒေါသဖြစ်နေတဲ့ ရုပ်တရားဟာလည်း မမြဲသောအနိစ္စပင်။

‘တရားရှုမှတ်တယ်ဆိုတာ’
တရားထိုင်ပြီးရှုမှတ်နေမှ တရားရှုမှတ်တာ မဟုတ်ပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် တရားရှုမှတ်နေလို့ရပါတယ်။ ခန္ဓာငါးပါးရှိနေသမျှ တရားမှတ်လို့ရပါတယ်။ ခန္ဓာငါးပါးကပြနေသမျှကို သတိမကွာပဲရှုမှတ်ပါ။

( ဆက်ပြီးကြိုးစားပါဦးမည်)

မေတ္တာဖြင့်

တီတင့်(စက်မှုတက္ကသိုလ်)
၁-၃-၂၀၁၇ (ဗုဒ္ဓဟူးနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz