x

14.3.17

အလွှာခွာလို့ တရားရှာ



လူ ၂၀၀ ကျော်လောက် ငြိမ်သက်စွာနဲ့ တရားရှုမှတ်နေကြတဲ့ ဓမ္မာရုံကြီးထဲကို ကျွန်မလှမ်းကြည့်ပြီး ‘မြင်စိတ်’ရယ်လို့ မရှုမှတ်တတ်တဲ့ အချိန်ကာလ၊ ယောဂီများနဲ့အတူ ပါဝင်တရားထိုင်ချင်ခဲ့ပေမယ့် ကိုယ်တိုင်တောင် အမှုမဲ့အမှတ်မဲ့ မသိလိုက်တဲ့ ‘ငါ’ဆိုတဲ့ ဒိဌိအလွှာလေးတွေ ခြုံထားနေဆဲပေါ့။ ထင်တစ်လုံးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် အနှစ်နဲ့အကာ ဇဝေဇ၀ါ မသေချာ မရေရာအချိန်တွေ နှမြောစရာပါ။ ၀ိပဿနာတရား ပုံမှန်အားထုတ်နေကြတဲ့ ကျေးဇူးကြီးမားလှသော အဒေါ်တွေရဲ့ ‘မိတင့် ၁၀-ရက် တရားစခန်းကို အဒေါ်တွေနဲ့အတူ လိုက်ဝင်ကြည့်ပါလား’ ဆိုတဲ့ စကားလုံးဟာ ကျွန်မရဲ့ အစွဲမှားတွေကို ချွတ်ခွင့်ရခဲ့တယ်။ အခုချိန်မှာတော့ ၀ိပဿနာတရားနာရမှာ၊ ကိုယ်တိုင် တရားရှုမှတ်ပြီး ကျင့်ကြံ ပွားများ အားထုတ်ရမှာကို မွေ့လျော်ခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိတယ်။ ခန္ဓာငါးပါး ရရှိထားသူအားလုံး စစ်မှန်တဲ့ တရားကို ရှာတွေ့ဘို့အတွက် ကိုယ်တိုင်ကျိုးစားရှာဖွေ အားထုတ်ရမှာပါ။ နာခဲ့ဘူးတဲ့တရားလို ကျွန်မတို့ရဲ့လက်ရှိရထားတဲ့ ခန္ဓာငါးပါးရဲ့ မမြဲတဲ့အနိစ္စတရားကို မမြင်ရလေအောင် ဖုံးကာထားတဲ့အပြင် ခန္ဓာငါးပါးကို မက်မောတွယ်တာအောင်ပါ ဖြားယောင်းလှည့်စားနေတဲ့ အမှန်မသိမှု ‘အ၀ိဇ္ဇာ’ နဲ့ လိုချင်တပ်မက်မှု ‘တဏှာ’ တို့ကို မြင်သာလေအောင် ခန္ဓာကိုဉာဏ်စိုက်မှသာ ထင်ယောင်ထင်မှား ဖြစ်စေအောင် ဖုံးလွှမ်းထားတဲ့ အတုအယောင် ဒိဌိ အလွှာများကို လွယ်လင့်တကူ ဖယ်ရှားနိုင်မှာပါ။ ရာထူးဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆင်းရဲမွဲတေမှု၊ အစရှိတဲ့ အရာခပ်သိမ်းတို့ဟာ ဖြစ်ပြီးပျက်ကြအုံးမယ့် မမြဲတဲ့အနိစ္စတရားသဘောပါ။ ‘အနိစ္စတရားကို ပိုင်ပိုင်နိုင်နိုင် သိထားသူသည် မကောင်းတဲ့စိတ်များကို လုပ်ခွင့်မပြု’ ဟူသတတ်။

ခန္ဓာ အနိစ္စ

အသက်စည်းစိမ်၊ ခန္ဓာအိမ်ကား၊
တိမ်တခဲနက်၊ ကြည့်ရင်းပျက်သို့၊
မျက်စိအောက်တွင်၊ လွင့်ပျောက်စဉ်၍၊
သင်္ခါရစက်၊ သူ့ပိုင်နက်၌
သွက်သွက်လည်ကာ၊ ပါရရှာသည်၊
ခန္ဓာ အနိစ္စပါတကား။ ။

ဘယ်မှာ ‘ငါ’ ဟု ရှိအံ့နည်း

လောကဇတ်ခုံ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနနှင့်
ငါက ရာဇာ ငါဟာ သူဌေး
ငါပဂေးဟု ငါသွေး တက်ကြွ
လူဗာလတို့ များလှဖြာဖြာ
အ၀ိဇ္ဇာနှင့် တဏှာဘီလူး
အမှောင့်ပူး၍
ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖော်လျှက်
မော်မော်မောက်မောက်
ငါတစ်ယောက်သာ
မိုးအောက်တစ်လွှား ရွှေကိုယ်လားဟု
ထင်းမှားမလွဲ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြည်ဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးဘဲ
ပုတ်သိုးခန္ဓာ မြုပ်ရရှာသည်
ဘယ်မှာ ‘ငါ’ ဟု ရှိအံ့နည်း။ ။

ပို့စ်လေးအဆုံးမသတ်ခင်မှာ ဆရာတော်ရဲ့ စေတနာသုံးတန်ကို ပြောပြချင်ပါသေးတယ်။ လည်ပြန်တစ်ချက် ပြန်လှည့်လို့ တွေးကြည့်မိတော့ အဆင်ပြေတဲ့အချိန်တွေ ကျွန်မလုပ်ဖြစ်တဲ့ အလှူလေးတွေ ဆရာတော်ဟောတဲ့ စေတနာသုံးတန်နဲ့မှာ ကိုက်ရဲ့လားလို့။ ဆွေမျိုး မိတ်ဆွေသင်္ဂဟတွေ အလှူအတန်းတွေတော့ လုပ်ပါရဲ့ ဒါပေမယ့် အမှတ်တမဲ့နေမိခဲ့တယ်ဆိုရင် နောက်တစ်ကြိမ် လှူမည့်အလှူမှာ သတိရစေခြင်တဲ့စေတနာပါ။ ကိုယ်လှူမည့်အလှူကိုကြိုတင်ပြီး တွေးတောကာ ၀မ်းသာပီတိကြည်နူးမှုများဖြစ်ခြင်း၊ လှူနေတဲ့အခိုက်အတန့်မှာလည်း ၀မ်းသာပီတိ ကြည်နူးမှုများဖြစ်ကာ လှူပြီးသွားတဲ့အချိန်ကာလတွေရဲ့နောက်မှာလည်း ပြန်လည်တွေးတောရင်း ၀မ်းသာကြည်နူးမှုများကို အကြိမ်ကြိမ် အောက်မေ့စေမှုဖြင့် စေတနာသုံးတန်ကိုဖြစ်ပေါ်နိုင်ကြပါစေ။

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်

တီတင့်(စက်မှုတက္ကသိုလ်)
၁၁-၃-၂၀၁၇ (စနေနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz