x

16.3.17

ဝေဒနာဖြေဆေး သတိ-ပညာပေး


 နေ့စဉ် ကျွန်မတို့ ကြုံတွေ့နေရတဲ့ အရာခပ်သိမ်းကနေ ရေးစရာ ပို့စ်လေးတွေ ပေါ်လာတတ်သလို ခေါင်းထဲမှာ ရေးစရာစကာလုံးတွေ တန်းစီပြီး ရှိနေပေမယ့် အစဖေါ်မရတဲ့ ပို့စ်တွေလည်း ဒုနဲ့ဒေး။ တစ်နေ့က အွန်လိုင်းမှာ ‘ခေါင်းကိုက်တာကို ဘယ်လိုလုပ်ရမလဲ’ဆိုပြီး ဘလော့ဂါတစ်ယောက် အကြံဉာဏ်တောင်းနေတဲ့ စတေးတပ်လေးကို ဖတ်မိခဲ့တယ်။ အဲ့ဒီစတေးတပ်ကို ဖတ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနာနေတဲ့တရားက ဝေသာလီပြည်မှာ မြတ်စွာဘုရား သတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါး မကျန်းမာလို့ ဗုဒ္ဓမြတ်စွာက ထိုဂီလာနရဟန်းကို ဝေဒနာပြပြီး ဟောကြားတော်မူတဲ့တရားဖြစ်နေတယ် ချက်ခြင်းစတေးတပ်မှာ တင်ဘို့တွေးပေမယ့် နေ့ဆွမ်းကပ်ဘို့ သူငယ်ချင်းတွေနဲ့ချိန်းထားတာမို့ အခုမှရေးတင်ဖြစ်တော့တယ်။
မြတ်ဗုဒ္ဓက ဂီလာနရဟန်းကို- ဝေဒနာခံစားနေသူက သတိအမြဲရှိနေရမယ်။ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဒါဝေဒနာပဲလို့ သိနေရင် သတိရှိနေခြင်းပင်။ ဝေဒနာသုံးမျိုးဖြစ်တဲ့ ဥပက္ခောဝေဒနာ၊ ဒုက္ခဝေဒနာ၊ သုခဝေဒနာ အစရှိတဲ့ ဝေဒနာတွေထဲက ဝေဒနာပေါ်တိုင်း အမြဲသတိရှိလိုက်ပါ။ ဝေဒနာခံစားသူက သတိရှိရမယ်။ ဝေဒနာပေါ်တိုင်း သိနေတာကို ‘သတိ’လို့မှတ်လိုက်ပါ။ သတိနောက်က ပညာလိုက်ရမယ်။ ဝေဒနာပေါ်တိုင်း သတိလည်းလိုက် ပညာလည်းလိုက်ရမယ်။ ပညာကိုဘယ်လိုလိုက်ရမလဲ။ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာပေါ်တယ်။ ဒီဝေဒနာဟာ ဘယ်သူ့ကြောင့် ဖြစ်ရသလဲဆိုတော့ ‘ကိုယ်’ ပေါ်မှာမှီပြီးပေါ်နေတာကြောင့် ‘ကိုယ်’ ကြောင့်ဖြစ်တာပဲ။ ‘ကိုယ်’ ရှိနေလို့ ဒီဝေဒနာပေါ်တာ။ ‘ကိုယ်’ မရှိတဲ့ပုဂ္ဂိုလ်တွေမှာ ဝေဒနာမပေါ်ဘူး။ ‘ကိုယ်’ ကြောင့်ဖြစ်တဲ့ ဝေဒနာဖြစ်တယ်။ ၀မ်းထဲမှာရှိတဲ့ ဝေဒနာပေါ်ခြင်းဟာလည်း ‘ကိုယ်’ ရှိနေလို့ ပေါ်ခြင်းပဲ။ ခန္ဓာငါးပါးကို ‘ကိုယ်ခန္ဓာ’လို့ မှတ်ပါ။ သုခဝေဒနာပေါ်တာလည်း ‘ကိုယ်’ ရှိလို့ပေါ်တာ။ ‘ကိုယ်’ရှိလို့ ဥပက္ခောဝေဒနာလည်းပေါ်တယ်။ ဒီတော့ ‘ကိုယ်’ရှိလို့ ဝေဒနာသုံးမျိုး ပေါ်ခြင်းပင်ဖြစ်တယ်။ ‘ကိုယ်’ က အနိစ္စတရား။ အနိစ္စပေါ်မှာ မှီပြီး ပေါ်ရတဲ့တရားဖြစ်လို့ ‘အနိစ္စ’ ပဲဆိုတဲ့ အနောက်ကနေ ပညာလိုက်ရမယ်။ သံသယမရှိတဲ့ အနိစ္စပဲ၊ ဖြစ်တတ်တဲ့ဓမ္မပဲ။ ပျက်တတ်တဲ့ဓမ္မပဲ။
အိမ်အိုလို့ အိမ်ပြိုတာ သံသယရှိစရာမလိုသလို အံ့အားသင့်စရာမလိုပါ။ အနိစ္စခန္ဓာပေါ်မှာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာရတဲ့အတွက် ဒုက္ခဝေဒနာပေါ်လာခြင်းပင်။ ကိုယ့်ကိုယ်တိုင်က အနိစ္စဆိုတော့ ပေါ်လာတဲ့ ဝေဒနာလည်းအနိစ္စပါပဲ။ အကြောင်းပျက်လို့ အကျိုးပျက်တာ။ ‘ဖြစ်သင့်လို့ ဖြစ်တယ် ပျက်သင့်လို့ပျက်တယ်’လို့ ရှုမှတ်လိုက်ရင် ၀ီစိကိစ္ဆာသေတယ်။ အကြောင်းလေးက မခိုင်လုံလို့ အကျိုးကလည်းပျက်တယ်။ ပျက်တာတွေသိရင် ဒိဌိသေတယ်။ ပျက်သင့်လို့ ပျက်တာ သိရင် ၀ီစိကိစ္ဆာသေတယ်။ ပညာနဲ့ရှုမှတ်ရာ ပျက်တာသိရင် အကျိုးသိတော့ ဒိဌိသေ။ အကြောင်းကိုက ပျက်တဲ့တရားဆိုတော့ အကျိုးလည်းပျက်တာပဲ။ ကိုယ်ကိုယ်က အနိစ္စဖြစ်တဲ့အတွက် ကိုယ်ပေါ်မှာပေါ်တဲ့ ဝေဒနာလည်း အနိစ္စပါ။ ပျက်သင့်လို့ ပျက်တာသိတာက သမ္ပဇဉ်ဉာဏ်။ အကြောင်းကြောင့်အကျိုးဖြစ် ၀ိပဿနာ ရှုဉာဏ်နဲ့ ဒိဌိ ၀ီစိကိစ္ဆာသေတယ်။ ပျက်သင့်လို့ (အကြောင်း) ၀ီစိကိစ္ဆာ၊ ပျက်တယ် (အကျိုး) ဒိဌိသေ။ သတိသမ္ပဇဉ်ဉာဏ် ရှိဘို့အရေးကြီးတယ်။
ဝမ်းထဲကနာတာ၊ ခေါင်းထဲကကိုက်တာ ကျောကယားတာ အရာရာမှာ ‘ကိုယ်’ မလွတ်ပါ။ ‘ကိုယ်’ပေါ်မှာပေါ်နေတဲ့ ဒုက္ခဝေဒနာ။ ‘ပျက်သင့်လို့ပျက်တာပဲ’ လို့ရှုရမယ်။ ကိုယ်တိုင်က အနိစ္စ၊ အနိစ္စကိုမှီနေတဲ့ ဒုက္ခဝေဒနာလည်း အနိစ္စပင်။ ဒုက္ခနောက်က လိုက်လာတဲ့ ဒေါမနဿလည်း အနိစ္စ။ ပျက်သင့်လို့ပျက်တယ်ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ရှုလိုက်ရင် ဒေါမနဿမဖြစ်တော့။ ‘ဖြစ် ပျက် ရှုပါ။ ပျက်တယ် ပျက်တယ် ပျက်တယ်ရှုပါ။ အကြောင်းကိုက ပျက်တဲ့တရား။ ဒိဌိ ၀ီစိကိစ္ဆာ ကနေ သောတာပန်မဖြစ်သေးတဲ့တိုင် သောတာပန် မျိုးစေ့ဖြစ်ပြီ။ ဝေဒနာက မခံရပ်နိုင်ဖြစ်နေရင်၊ ဝေဒနာကုရတာထက် ၀မ်ဗိုက်ထဲက ဒုက္ခဒေါမနဿ ကုရတာပိုခက်တယ်။ ၀ိပဿနာဉာဏ်နဲ့ရှုရင် မဂ်ကိုသံသယမရှိပါနဲ့။ ပုထုဇဉ်တို့က ကိုယ်ပေါ်မှာဒုက္ခဖြစ်ရင် မကျန်းမာတဲ့အခါမှာ ၀မ်းထဲက ဒေါမနဿဖြစ်လေ့ရှိပါတယ်။ ကိုယ်ပေါ်မှာ ဒုက္ခပေါ်တိုင်း အနိစ္စရှု။ ကိုယ်ရှိရင် ဒုက္ခဝေဒနာရှိတယ်။ ကိုယ်ပေါ်မှာဝေဒနာ ဗိုက်ထဲမှာ ဒေါမနဿ၊ ဒေါမနဿက အပယ်ချတာပဲ။ အရိယာဖြစ်တာ မဖြစ်တာ နောက်မှလုပ်ပါ။ ‘အနိစ္စ’ဇောနဲ့သေက နိဗ္ဗာန်သို့သာသွားရ။ အရိယာများက ကိုယ်ပေါ်မှာ ဒုက္ခ ၀မ်းထဲကမဂ္ဂပေါ်တာကြောင့် အပယ်မကျပေ။ မဂ္ဂင်ငါးပါးပေါ်တဲ့ အခိုက်အတန့်မှာ ဒိဌိ၊ ၀ီစိကိစ္ဆာ၊ လောဘ၊ ဒေါသ၊ မောဟ၊ အစရှိတဲ့ ကိလေသာ ၅-မျိုးသေတယ်။
ခေါင်းထဲကကိုက်တယ်ဆိုတာ ခေါင်းမှာဒုက္ခဝေဒနာပေါ်တာပဲ။ ပျက်သင့်လို့ပျက်တာပဲလို့မှတ်ပါ။ ကိုယ်ပေါ်မှာပေါ်တာကိုး။ ပျက်သင့်လို့ပျက်တယ်ဆိုတဲ့ မဂ္ဂင်ငါးပါးဖြင့်သိနေတဲ့အတွက် ဒေါမနဿ မလိုက်တော့ပါ။ ဝေဒနာပေါ်တိုင်းသိတာ ‘သတိ’။ သတိကသတိပဲရှိ။ ပျက်သင့်လို့ပျက်တာလို့ ပညာနဲ့ရှုပါ။ အကြောင်းပျက်လို့ အကျိုးပျက်တာသိပါ။ အကြောင်းက အနိစ္စမို့ အကျိုးလည်းအနိစ္စ။ သံသယ၀င်လာရင် ပျက်သင့်လို့ပျက်တာပဲလို့ သတိဝင်လိုက်ပါ။ အနိစ္စကို သတိရလိုက်ပါ။ ဒုက္ခဝေဒနာနောက်က ဒေါမနဿမလိုက်တော့ပါ။ သမ္ပဇဉ်ဉဏ်နဲ့ သတ်ခြင်းဖြစ်တယ်။ ၀ီစိကိစ္ဆာ ဒိဌိသေခြင်းဟာ မဂ်ပေါ်ခြင်းဖြစ်တယ်။ သောတာပန်ရှုနည်းလည်းဖြစ်တယ်။ ဝေဒနာလည်းပျောက် ခန္ဓာလည်းပျောက်၊ ခန္ဓာလည်းသိမ်း မီးလည်းငြိမ်း။ ဝေဒနာက္ခန္ဓာချုပ်ငြိမ်းပါလိမ့်မယ်။
ကိလေသာ (၁၀)ပါး-
၁။ လောဘ ကိလေသာ = လိုချင်တပ်မက်ခြင်း။
၂။ ဒေါသ ကိလေသာ = အမျက်ထွက်ခြင်း။
၃။ မောဟ ကိလေသာ = တွေဝေမိုက်မဲခြင်း။
၎။ မာန ကိလေသာ = ထောင်လွှားခြင်း။
၅။ ဒိဌိ ကိလေသာ = အယူမှားခြင်း၊ အယူလွဲခြင်း။
၆။ ၀ိစိကိစ္ဆာ = ရှစ်ပါးသေားတရား၌ ယုံမှားခြင်း။
၇။ ထိန ကိလေသာ = စိတ်၏ထိုင်းမှိုင်းခြင်း။
၈။ ဥဒ္ဓစ္စ ကိလေသာ = စိတ်၏ပျံ့လွင့်ခြင်း
၉။ အဟိရိက ကိလေသာ = မကောင်းမှုမှ မရှက်ခြင်း။
၁၀။ အနေတ္တပ္ပ ကိလေသာ = မကောင်းမှုမှ မထိတ်လန့်ခြင်း။
(ဆက်လက်ကြိုးစားပါဦးမည်)
မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)
၁၆-၃-၂၀၁၇ (ကြာသာပတေးနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz