x

25.3.17

ကျေးဇူးဆပ်နည်း


မလေးရှားဘက် အလည်သွားတာကပြန်ရောက်ကတည်းက အချိန်ပေးလုပ်ရတဲ့ အလုပ်တွေက ဇယ်ခုတ်သလိုပဲ။ ခေတ်ရေစီးကြောင်းအရ ခေတ်လူငယ်တွေ ဇယ်ခုတ်ဖြစ်မယ်မထင်။ ကွန်းသီးခြမ်းအရွယ်ညီ လုံးချော ကျောက်စရစ်ခဲလေးတွေ ၇-လုံးကို အောက်မှာ ဖြန့်ကျက်ထားလိုက်ကာ ကျောက်စရစ် တစ်လုံးကို ကောက်ယူလိုက်ပြီး အဆိုပါ ကျောက်စရစ်လုံးကို အပေါ်ကိုမြှောက်ပြီး ကျန် ၆-လုံးထဲကနေ အစဉ်အတိုင်း ၁လုံး၊ ၂လုံး၊ ၃လုံး ကောက်ယူသွားတဲ့ ကစားနည်းပါ။ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို တစ်နေရာနဲ့ တစ်နေရာ ကစားနည်းလေးတွေ ကွဲကောင်းကွဲနိုင်ပါတယ်။ ကျွန်မ အလုပ်လုပ်ရင် တရားနာရင်းလုပ်တော့ တစ်ချို့တရားတွေက နာဘူးပေမယ့် အကြိမ်ကြိမ် နာဖြစ်သလို အကြိမ်ကြိမ်နာခြင်းကနေ တစ်လုံးစ နှစ်လုံးစ ကိုယ့်ရဲ့အယူလွဲနေတဲ့ အမှားလေးတွေ ပြန်တည့်ဖြစ်သွားတယ်လေ။
အရင်ပို့စ်လေးမှာ ကျွန်မရေးခဲ့ဘူးသလို နေ့စဉ်ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကနေ အကြားနဲ့ဖြစ်စေ အမြင်နဲ့ဖြစ်စေ အဖြစ်အပျက်တစ်ချို့ကနေ ပို့စ်တစ်ပုဒ်ဖြစ်လာအောင် ဖန်တီးလို့ရပါတယ်။ ‘မု’ ၀င်နေချိန်မျိုးဆိုရင်တော့ ပို့စ်တစ်ပုဒ်ဖြစ်ဘို့ မခဲယဉ်းဘူးဆိုပေမယ့် သတ်ပုံ မြန်မာသဒ္ဒါ တတ်နိုင်သမျှ မမှားအောင် ပြန်စစ်ဆေးရတာကြောင့် အချိန်တော့နည်းနည်းယူရပါတယ်။ ဒီကြားထဲ စာလုံးပေါင်းမှားပြီး ပါသွားတာလည်း အကြိမ်ပေါင်းများစွာပါ။
အွန်လိုင်းမှာ ဓမ္မမိတ်ဆွေ သူငယ်ချင်းတစ်ယောက်ရဲ့ မိခင်ဆုံးသွားတာဖတ်ဖြစ်ခဲ့တယ်။ နောက်တစ်ချက်က အလုပ်သွားမည့် သားငယ် ခေါင်းကိုက်လို့ အလုပ်မသွားခင် ဆေးသောက်နေတော့ ကျမက ‘ဒီနေ့တစ်ရက် နားလို့မရဘူးလား’ လို့မေးတော့ အလုပ်ကအရေးကြီးနေလို့တဲ့။ အဲ့ဒီအကြောင်းလေးတွေနဲ့ ဆက်နွယ်ပြီး ကျွန်မအတွေးလေးတစ်ခု ပေါ်လာတယ်။ ကျွန်မသိသမျှ ဆွေမျိုး မိတ်ဆွေသင်္ဂဟ အားလုံးလိုလို မိဘနဲ့ သားသမီး အပြန်အလှန်ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ကျွန်မအမြင်ကို ပြောရရင် မိဘက သားသမီးကို ချစ်မြတ်နိုးတာနဲ့ သားသမီးက မိဘကိုချစ်တာ ကွာခြားကြတယ်။ ကိုယ်ကိုယ်တိုင် သားသမီးဘ၀ နေခဲ့စဉ် အချိန်လေးကို ပြန်တွေးကြည့်လိုက်ရင် အများစုဟာ လက်ရှိအခြေအနေမှာ တန်ပြန်သက်ရောက်မှုဖြစ်နေတာကို မြင်တွေ့ရတယ်။ ဒါကြောင့်လည်း သားသမီးတွေနဲ့ပတ်သက်ပြီး အားမလို အားမရဖြစ်တာ၊ မကျေမနပ်ဖြစ်နေတာ၊ စိတ်အခန့်မသင့် ဖြစ်နေတာမျိုး မဖြစ်စေချင်ပါဘူး။
ဘယ်လိုအခြေအနေမျိုးတွေဖြစ်ပါစေ မိဘနဲ့သားသမီး၊ လင်နဲ့မယား မောင်နှမများအချင်းချင်း သူငယ်ချင်းများအချင်းချင်း ရင်ထဲကနှစ်နှစ်ကာကာ ကယ်တင်နိုင်တဲ့နည်းလေးကို စေတနာအရင်းခံလို့ ပြန်လည်မျှဝေချင်ပါတယ်။ မကြာခဏ တရားနာလေ့ရှိတဲ့ ဓမ္မမိတ်ဆွေများတော့ သိပြီးသားတရား ဖြစ်မှာအသေအချာ။ တရားတော်က-
‘ရှင်နန္ဒက ဘိက္ခူနီမ ၅၀၀အား မီးအလင်းဖြင့် ဥပမာပြဟောကြားသောတရားတော်’ ဖြစ်ပါတယ်။
လောကမှာ မိဘတွေက သားသမီးတွေအပေါ် စိုးရိမ်ကြောင့်ကျ ဗျာပါဒဖြစ်တတ်ကြသလို သားသမီးတွေကလည်း မိဘတွေ အိုမင်းလာရင် ဘယ်လိုစိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်အောင် ထားရပါ့မလဲလို့ စိုးရိမ်ကြောင့်ကျ ဗျာပါဒ ရှိကြပြန်တယ်။ မီးတွေတစ်မြို့လုံး လောင်ပါက မိဘကသားသမီးကို မကယ်နိုင်၊ သားသမီးများက မိဘကိုမကယ်နိုင် လို့တွေးပြီး စိုးရိမ်တတ်သလို မီးလောင်ရင် ဦးတည့်ရာပြေးကြ လွှားကြနဲ့ အချင်းချင်းမကယ်နိုင်ကြတာ ကြောက်စရာကောင်းတဲ့အဖြစ်လို့ တွေးကြတယ်။ ဗုဒ္ဓရှင်တော်မြတ်က စိုးရိမ်သင့်တာကို မစိုးရိမ်ပဲ မစိုးရိမ်သင့်တာကို စိုးရိမ်နေတာနဲ့ပတ်သက်ပြီး ‘ဒီအဖြစ်အပျက်ဟာ စိုးရိမ်စရာမဟုတ်သလို ကယ်တင်နိုင်ဘို့ အခွင့်အရေးရှိသေးသလို အချင်းချင်းပြန်တွေ့နိုင်မယ့် အခွင့်အရေးရှိပါသေးတယ်။ ရေဘေး မီးဘေး စစ်ဘေးကြုံခဲ့ရင် ပြန်လည်ဆုံတွေ့နိုင်ပါသေးတယ်။ မိဘတွေဟာ သားသမီးများ လောကအလယ်မှာ မျက်နှာမငယ်ရလေအောင် ပစ္စည်းဥစ္စာများ ချန်ခဲ့အုံးတော့ အမှန်စင်စစ် အို နာ သေဘေးနဲ့ ထားခဲ့ခြင်းပင်။ အချင်းချင်း မကယ်တင်နိုင်တဲ့တရားက မိဘ အိုတာ နာတာ သေတာကို သားသမီးတို့က ဘယ်နည်းနဲ့မှ မကယ်တင်နိုင်သလို သားသမီးများ အိုတာ နာတာ သေတာကို မိဘက ကယ်တင်ဘို့ မတတ်နိုင်ခြင်းပင်။ မလွဲတန်းစိုးရိမ်ရမယ့် အစစ်အမှန် ဖြစ်ရပ်ပါ။ ဘယ်လိုပုဂ္ဂိုလ် ဘယ်သူတစ်ဦးတစ်ယောက်မှ မကယ်နိုင်တဲ့ အို နာ သေ ဒုက္ခဘေးအရေးပင်’ လို့ ဆုံးမသြ၀ါဒပေးတော်မူခဲ့တယ်။
သား သမီးများက မိဘကို ကယ်တင်ချင်ရင် မဂ္ဂင်အလုပ်သာလုပ်ပါစေ။ ထို့အတူပဲ မိဘများက သားသမီးများကို အမှန်တကယ် ချစ်တယ်ခင်တယ်ကြင်နာတယ်ဆိုရင် မဂ္ဂင်အလုပ်ပဲလုပ်ခိုင်းပါ။ ဒီတစ်နည်းပဲရှိခြင်းဖြစ်တဲ့အတွက် သား သမီးများက မိဘကို အိုနာသေ မကြည့်ချင်ရင် ကျေးဇူးကို ပြန်ဆပ်ချင်တယ်ဆိုရင် မဂ္ဂင်အလုပ် လုပ်ဘို့ တိုက်တွန်းရမှာဖြစ်ပြီး မိဘကလည်း သား သမီး အိုနာသေ မဖြစ်စေချင်ရင် မဂ္ဂင်အလုပ်လုပ်ဘို့ တိုက်တွန်းပေးရမှာပင်။ မိဘနဲ့ သားသမီး၊ လင်နဲ့မယား၊ မောင်နှမများ မိတ်ဆွေသင်္ဂဟများ အားလုံး အချင်းချင်း မဂ္ဂင်အလုပ်လုပ်ဘို့ တိုက်တွန်း လုပ်ကိုင်စေချင်းဟာ စစ်မှန်တဲ့ ချစ်ခင်ကြင်နာကြခြင်းပါ။ တစ်ဦးအပေါ်တစ်ဦး တန်ဘိုးမဲ့ လောကွတ်နဲ့မဟုတ်ပဲ စစ်မှန်တဲ့ကျေးဇူးဆပ်ခြင်းဖြစ်တဲ့ မဂ္ဂင်အလုပ်လုပ်ဘို့ တိုက်တွန်းမှုများဟာ အားလုံး ပုဂ္ဂိုလ်တို့ ဘ၀ပေါင်းများစွာ ကျခဲ့တဲ့မျက်ရည် အဆုံးသတ်နိုင်မှာပါ။ ဆိုလိုခြင်းက လောကွတ်တွေနဲ့အချိန်ကုန်လွန်ခဲ့လို့၊ အပိုစကားတွေ အပြောများခဲ့လို့ မိဘသေလို့ သားသမီးငို၊ သားသမီးသေလို့ မိဘငို မျက်ရည်နဲ့ ဇာတ်သိမ်းကြရတဲ့ အဖြစ်ဆိုးကနေ ကင်းလွတ်နိုင်ကြမှာဖြစ်ပါတယ်။ လောကွတ်အလုပ်မလုပ်ပဲ မဂ္ဂင်အလုပ်လုပ်မှသာ အိုပွဲ နာပွဲ သေပွဲဇာတ်သိမ်းပါလိမ့်မယ်။ မျက်ရည်ကျဇာတ်သိမ်းရတဲ့တရားလို့ ဆိုရင်လည်း မမှားပါ။
ဘိက္ခူနီမ ၅၀၀ထဲမှာ ခေါင်းဆောင်ဖြစ်သူ ဘိက္ခူနီမကြီးက မြတ်စွာဘုရားကို ‘တပည့်တော်မတို့အားလည်း ဆုံးမတော်မူပါ ပစ်မထားပါနဲ့ တရားပြတော်မူပါ ဘုရား’ လို့လျှောက်ထားတဲ့အတွက် ဘုရားက ရဟန္တာများကို အလှည့်ကျ တရားဟောစေပါတယ်။ ရှင်နန္ဒတရားသာနာဖြစ်ပါက ဘိက္ခူနီမ ၅၀၀ဟာ မိမိတို့ တစ်ယောက်တစ်မျိုး ကိုယ်စီကိုယ်ငှ မျှော်လင့်ထားတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာမ ဖြစ်မှာပဲလို့စိတ်ကူး အမျိုးမျိုးကို ကြိုတင်တွေးကြတယ်။ ၀ိပဿနာတရားများဟာ ခန္ဓာငါးပါးနဲ့ အနိစ္စတရားများဖြစ်ပေမယ့် သူ့ဝေနေယျနဲ့သူကျမှ အကျွတ်တရားရခြင်းဆိုတာ မှတ်သားစရာပင်။ ရှင်နန္ဒရဲ့ တရားဟောပုံက တစ်ခြားရဟန္တာများနဲ့မတူ တရားနာသူတွေကို ‘မသိတာဆိုရင်မေးပါ နားမလည်ရင် ပြန်မေးပါ ထပ်ရှင်းပြမယ်’ လို့ဆိုကာ တရားမနာမီ စိတ်ရွှင်မှုရစေတယ်။ ဥပမာနဲ့ဟောရာမှာ-
ဆီ၊မီးဇာ၊မီးတောက်၊အလင်းမှာ မီးတောက်ဆိုတာ အနီးအနားမှာတင် ရှိနိုင်ပြီး အလင်းကတော့ ဝေးလံတဲ့အထိ စွမ်းအားရှိသလောက်သွားနိုင်တာ ခွဲခြားသိဘို့လိုပါတယ်။ ဆီလည်းခမ်းတတ်၊ မီးဇာလည်းသေတတ်၊ မီးတောက်လည်း ငြိမ်းတတ် ဒီသုံးမျိုးအကြောင်းကြောင့် ဆက်သွယ်နေတဲ့ အလင်းဟာ ဒီသုံးမျိုးထက် အရင်ဆုံးပျောက်ပါတယ်။ ‘ဘာကြောင့် အလင်း အရင်ပျောက်သလဲ’ လို့မေးခဲ့ရင် ပျောက်တတ်တဲ့ ဓမ္မအပေါ်မှာလည်း အမြန်ဆုံးပျောက်ရမည့်တရားက အလင်းဖြစ်နေလို့ပါ။ ဆီ၊ မီးဇာ၊ မီးတောက် သုံးမျိုးထဲက တစ်ပါးပါး ပျောက်ပျက်တာနဲ့ အလင်းက အရင်ဆုံးပျောက်မှာပါ။ ဥပမာပြပြီး ခန္ဓာထဲသွင်း၊ ခန္ဓာဘက်လှည့်ဟောသော် မျက်လုံး(ရုပ်)က ဆီနဲ့တူ၊ အဆင်း(ရုပ်)က မီးဇာနဲ့တူ၊ မြင်စိတ်(နာမ်)က မီးတောက်နဲ့တူ။ မြင်တာလေးက ကောင်းတယ်/မကောင်းဘူး ဆိုတဲ့ ဝေဒနာဟာ အလင်းနဲ့တူပါတယ်။ အနိစ္စသုံးခုပေါ်မှာ မှီနေတဲ့ ဝေဒနာ အရင်ပျက်တယ်။ မျက်လုံး၊ အဆင်း၊ မြင်စိတ်၊ ဝေဒနာတို့ အားလုံးဟာ အပျက်တရားများ။ ထိုသုံးပါးပေါ်မှာ ဝေဒနာက မှီနေရတဲ့အတွက် အလင်းရောင်နဲ့တူတယ်။ ရှုတဲ့အခါသံသယမရှိပါနဲ့။ မျက်လုံး(ရုပ်တရား) အဆင်း(ရုပ်တရား) မြင်စိတ်(နာမ်တရား) တို့လည်း အပျက်တရားပါ။ ပျက်ပျက်နေတဲ့တရားဟာ အနိစ္စတရားသက်သက်၊ ဒုက္ခတရားသက်သက်၊ အနတ္တတရား သက်သက်ပင်။ အကြောင်းပျက်က အကျိုးပျက်မည်။ အနိစ္စကြောင့်ဖြစ်တဲ့တရား မလွဲတန်းဧကန်အနိစ္စပင်ဖြစ်ရမှာပင်။ ရှင်နန္ဒရဲ့ တရားအဆုံးမှာ ဘိက္ခူနီမ ၅၀၀တို့ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးပြီး ကိုယ်စီ ရည်မှန်းထားတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာမတို့ဖြစ်သွားကြပါတယ်။
ဆွေမျိုး မိတ်ဆွေသင်္ဂဟအပေါင်းလည်း လက်ရှိရထားတဲ့ခန္ဓာငါးပါး(ရုပ် နာမ်နှစ်ပါး)ကို ဒီဘ၀မှာ ဇာတ်သိမ်းမယ်လို့ ​မျှော်​မှန်းနိုင်ကြပါစေ။

မဂ်ရနိုင်သော အကြောင်း(၅)ပါး

ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့်
လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို
ဖြစ် ချုပ် ဉာဏ်မြင် ဤငါးအင်
မှန်ပင်မဂ်ရကြောင်း။
သူတော်ဆည်းကပ် မြတ်တရားနာ
လျော်စွာအကျင့် မဂ်ဖိုလ်ဖွင့်
ရလိမ့်ဧကန်သာ။ ။

မဂ်မရနိုင်သော အကြောင်း(၅)ပါး

မစွန့်ကာမ ဆရာမရှိ
ဝီရိယလျော့ အားအင်ပျော့ကာ
လွန်စွာယူမှား ဤငါးပါး
တရားမဂ်ဖိုလ် ဝေးလေသတည်း။ ။

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)
၂၄-၃-၂၀၁၇ (သောကြာနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz