x

29.3.17

စိတ်အလိုကို တားဆီးနည်း


သူငယ်ချင်းတစ်ယောက်ရဲ့ စတေးတပ်မှာ ‘နိဗ္ဗာန်ချမ်းသာဆိုတာ ဘာကိုဆိုလိုတာလဲ’ လို့ မေးခဲ့တဲ့အပေါ်မှာ သူငယ်ချင်းတွေလည်း ကိုယ့်ရှုထောင့်ကနေ ကိုယ်သိတာလေးတွေ အမျိုးမျိုး မှတ်ချက်ပေးကြတယ်။ မှတ်ချက်လေးတွေဖတ်ရတာ ကြည်နူးစရာပါ။ အဲ့ဒါကိုအကြောင်းပြုရင်း ကျွန်မအတွက်တော့ ဒီနေ့ရေးတင်ချင်တဲ့ ပို့စ်လေးတစ်ပုဒ်ကို ရေးဖြစ်သွားပြန်တယ်။ ‘အမှန်မသိမှု အ၀ိဇ္ဖာကြောင့် ကျွန်မတို့တစ်တွေ ဘ၀သံသရာမှာ တ၀ဲလည်လည် လည်နေရတဲ့ အို၊ နာ၊ သေ ဒုက္ခဘေးကနေ သစ္စာလေးပါးကို ပိုင်းခြားထင်ထင်သိမြင်ပြီးနောက် သံသရာကနေ အပြီးတိုင် ရုန်းထွက်နိုင်ကာ အဆုံးသတ်ရာ ချုပ်ရာနေရာ’ လို့ကျွန်မယုံကြည်သက်ဝင်ပါတယ်။ နိဗ္ဗာန်ချမ်းသာကို စိတ်ဆင်းရဲ ပူလောင်မှု မလိုလားတဲ့ လောကီလူသားတို့ ဂဃနဏ မသိသေးတဲ့တိုင် လိုချင်တာတော့ အမှန်ပင်။ နိဗ္ဗာန်ကိုမျှော်မှန်းမိသူတိုင်းအတွက် မဖြစ်မနေလုပ်ရမည့် အလုပ်ဟာ မှန်ကန်တဲ့လမ်းကိုရွေးချယ်ဘို့ပါ။

မှန်ကန်တဲ့လမ်း ရွေးချယ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကို ကျွန်မနာခဲ့တဲ့ တရားလေးနဲ့ ချိန်ထိုးပြီး ပြန်လည်မျှဝေလိုပါတယ်။ တစ်နေ့တစ်နေ့ နားရတယ်မရှိလောက်အောင် ကျွန်မတို့တစ်တွေ ခေါင်းစဉ်ကွဲ အလုပ်တွေအတွက် မမောမပမ်း လှုပ်ရှားနေရတာရဲ့ အဓိက တရားခံက ‘စိတ်’ ပါ။ စိတ်နဲ့ပတ်သက်ပြီး ရဟန်းတစ်ပါး ဗုဒ္ဓရှင်တော်မြတ်ကို မေးခဲ့တဲ့မေးခွန်းသုံးခုအနက် တစ်ခုမှာ ‘ရုပ် နာမ် လောကကြီးကို ဆွဲဆောင်တဲ့တရား သိလိုပါတယ် ဘုရား’ လို့လျှောက်တင်တော့ ‘စိတ်’ လို့သာ မှတ်လိုက်ပါလို့ ဗုဒ္ဓရှင်တော်မြတ်က ဟောတော်မူခဲ့ပါတယ်။ စိတ်ဆွဲဆောင်ရာကို ရုပ် နာမ်ကြီး လိုက်နာနေရတာ ရှင်းရှင်းလင်းလင်း သိထားပြီမို့ ငြင်းလို့မရပါ။ စိတ်အလိုကို သတ္တ၀ါတွေ မဖြစ်မနေ အလိုလိုက် အကြိုက်ဆောင်နေရပါတယ်။ အသက်အိုမင်းလာတာဖြစ်စေ မအိုခင်ကပင် နာနေလို့ဖြစ်စေ စိတ်ရဲ့စေခိုင်းရာနောက်ကို မဖြစ်မနေ ရှိသမျှခွန်အားသုံးပြီး လိုက်နေကြရပါတယ်။ ခင်မင်တွယ်တာစရာရှိရာနေရာကို ခြေဦးလှည့်ကြတာ သဘာဝတရားမို့ ရှည်လွန်းတဲ့ သံသရာမှာ ကျင်လည်နေကြရခြင်းပင်။ တစ်ခုတည်းရှိတဲ့ နည်းလမ်းကတော့ စိတ်ကိုခေါင်းဆောင်နေရာတွင် မထားဘို့ပါပဲ။ တစ်နည်းအားဖြင့် စိတ်ကိုအဓိပတိနေရာမှာ ထားမည့်အစား ‘ပညာ’ ကိုသာ အဓိပတိထားပြီး ပညာ့အလိုကိုလိုက်ပြီး စိတ်ကိုတားဆီးနိုင်ခဲ့ရင် နိဗ္ဗာန်ရောက်ဘို့ မခဲယဉ်းပါ။ ပညာခေါင်းဆောင်မှုဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဘို့ မခဲယဉ်းပါ။

‘စိတ်’ ကအဓိပတိဖြစ်နေတဲ့အခါမှာ စိတ်ရဲ့ဆွဲဆောင်ရာကို ရုပ် နာမ်တို့လိုက်နေရသလို ‘ပညာ’ကို အဓိပတိထားလိုက်ရင် ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ ပညာရဲ့နောက်ကိုသာ လိုက်ရတော့မည်မှာ ဧကန်မုချပင်။ ဉာဏ်ပညာရဲ့ ဆွဲဆောင်ရာကိုလိုက်နိုင်ဘို့အတွက် ပညာကို ခေါင်းဆောင်ထားပါက သံသရာလည်မှုကို ဖြတ်တောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ပညာဦးစီးပြီး စိတ်ကိုလွှတ်ပေးလိုက်ရင် သတိပဌာန်ကြောင့် စိတ်ဟာခန္ဓာအတွင်းမှာသာ လှည့်လည်နေပေတော့မည်။ ဉာဏ်ပညာက ချုပ်ထားတဲ့အတွက် စိတ်ပြေးပေါက်မရှိပါပဲ လျှောက်မသွားနိုင်တဲ့စိတ်ဟာ ခန္ဓာပေါ်မှာသာ လျှောက်သွားနေပြီး ခန္ဓာရဲ့ ဒုက္ခသစ္စာကို ပြနေခြင်းကို ဆိုလိုပါတယ်။ ဖြစ်-ပျက် ရှုခြင်းမှ မမြဲသောအနိစ္စတရားကိုရှုကာ ဒုက္ခသစ္စာကိုချုပ်စေရမှာဖြစ်သလို နာကျင်ကိုက်ခဲတာက ဒုက္ခသစ္စာမဟုတ်ပါ။ ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်ဦးစီးပြီးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်တဲ့ သဘောတွေသာ ရှိနေတယ်ဆိုတာ သိလာပါလိမ့်မယ်။ ရုပ်တရား နာမ်တရားတို့ရဲ့ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာ အမှန်ကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ပြီး ဒုက္ခသစ္စာကိုသာ ပိုင်ပိုင်နိုင်နိုင်သိပြီဆိုရင် ပညာက နိရောဓသစ္စာကို ပို့ပေးပါလိမ့်မယ်။ ဒုက္ခသစ္စာချုပ်တာနဲ့ သမုဒယသစ္စာပယ်သပ်ပြီး ဖြစ်သလို တစ်ပြိုင်တည်းနိရောဓသစ္စာကို မျက်မှောက်ပြုကာ မှန်ကန်တဲ့မဂ္ဂင်လမ်းပေါ်ရောက်မှာ ဧကန်မလွဲပေ။

ကျွန်မတို့ ပုထုဇဉ်များအားလုံး စိတ်ဆွဲဆောင်ရာမလိုက်တော့ပဲ ပညာဆွဲဆောင်ရာကိုသာ လိုက်ပြီး ခန္ဓာရဲ့ဖေါက်ပြန်မှုဖြစ်တဲ့ စစ်မှန်တဲ့ဒုက္ခသစ္စာကို တွေ့အောင်ကျင့်ကြံနိုင်မှသာ ဒုက္ခသစ္စာ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို မျှော်မှန်းနိုင်ကြမှာဖြစ်ပါတယ်။ ကျွန်မတို့အားလုံးမှာ ထောင်နိုင်တဲ့နားများရှိသလို သစ္စာတရားလေးပါးကို ဟောကြားနိုင်တဲ့ ပုဂ္ဂိုလ်ထူးတွေလည်းရှိနေချိန် သာသနာအတွင်းမှာ ‘ပညာ’ကိုသာ အဓိပတိထားလိုက်ရင် နိဗ္ဗာန်ဆိုတာ လက်တစ်ကမ်းမှာပဲလို့ ယုံကြည်မိတယ်။

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်

တီတင့်(စက်မှုတက္ကသိုလ်)
၂၉-၃-၂၀၁၇ (ဗုဒ္ဓဟူးနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz