21.3.17

ဒုတိယတဖန် ရောက်ခဲ့ပြန်


၁၈-၃-၂၀၁၇ (စနေနေ့)မှာ အင်ဂျင်နီယာသူငယ်ချင်းတို့ဇနီးမောင်နှံရဲ့ကျေးဇူးနဲ့ မလေးရှားကို ဒုတိယအကြိမ် ကျွန်မ အလည်အပတ် ရောက်ခဲ့ပြန်တယ်။ ပထမအကြိမ် ရောက်ခဲ့စဉ်ကတော့ စာရေးဖော် စာရေးဘက် ဘလော့ဂါတစ်ဦးရဲ့ ကျေးဇူးနဲ့ ကျွန်မနဲ့ ညီမလေးတူးမာတို့ ကွမ်လမ်လာပူမှာ နှစ်ညတာ တည်းခိုနေထိုင်ရင်း မလေးမှာ ရှိတဲ့ဘလော့ဂါတို့ အကူအညီနဲ့ လည်ပတ်ခွင့်ရခဲ့တယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ‘ရောက်ခဲ့ပေါ့ မလေးတို့ ဌာနေ’ ပို့စ်လေးကို ၁၆-၅-၂၀၁၂ ရက်နေ့က ရေးတင်ခဲ့ဘူးပါတယ်။ ဘလော့ဂ်ခေတ်တစ်ခေတ်ထွန်းကားချိန်မို့ မှတ်မှတ်ရရ ကွန်မန့်(၄၁)ခုနဲ့ အသံတိတ်အားပေးသူတို့ကြောင့် အဲ့ဒီအချိန်က ကျွန်မရဲ့ဘလော့ဂ်လေး စိုပြေခဲ့ဘူးတယ်။ ဖတ်ချင်သူများအတွက်-
http://auntytint.blogspot.sg/2012/05/blog-post_16.html လင့်ခ်လေးပါ။





၁၈-၃-၂၀၁၇ရက်နေ့မနက် ၁၀နာရီအရောက် ယူတီးမှာနေတဲ့သူငယ်ချင်းတို့ ဇနီးမောင်နှံ ကိုခင်လတ်+မမလေးတို့အိမ်ကို အရောက်သွားခဲ့တယ်။ မရှေးမနှောင်း နောက်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ မအောင်လည်းရောက်လာတယ်။ အဲ့ဒီနောက် သူငယ်ချင်းရဲ့ ကားလေးနဲ့ မလေးဘက်ကိုထွက်ခဲ့ကြတယ်။ ကွန်တိန်နာများသွားတဲ့ အောက်လမ်းဘက်က တစ်ခါတစ်ရံ ယာဉ်တန်း ချောင်တတ်တာမို့ အောက်လမ်းဘက်ကို အရင်သွား စနည်းနာကြည့်တော့ ကားတွေ အတော်အတန် များနေတာကြောင့် အပေါ်လမ်းဘက်ကိုပဲ ရွေးချယ်ကာ မလေးရှားဘက်ကို ခြေဦးလှည့်ခဲ့ကြတယ်။ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ကံကောင်းတယ်လို့ ဆိုရမယ်။ မကြာသေးခင်ကပဲ သူငယ်ချင်းတို့ဇနီးမောင်နှံရဲ့ ငှားထားတဲ့တိုက်ခန်းက အားသွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ ကျွန်မတို့တွေ အစစအရာရာ အစဉ်ချောမောစွာနဲ့ပဲ အေးအေးလူလူ အနားယူ နေထိုင်သွားလာခွင့်ရခဲ့တယ်။ ကိုခင်လတ်မှာ အလုပ်တွေများတဲ့ကြားကနေ အချိန်ရသလောက် နေရာများစွာ ကျွန်မတို့ကို လိုက်ပို့ပေးပြီး သူတို့ ဇနီးမောင်နှံကျွေးမွေးဧည့်ခံတဲ့ နေ့လည်စာ၊ လက်ဘက်ရည်ချိန်၊ ညစာပါမက ညဥ့်သန်းခေါင်စာပါ အားနာစွာနဲ့ အပြည့်အ၀ အားပါးတရ သုံးဆောင်ခဲ့ကြပါတယ်။









ကျွန်မတို့တည်းခိုမယ့်နေရာ မပို့ခင် Johor Bahru ရဲ့ ပထမဆုံးခေါ်သွားပြတဲ့ နေရာလေးက ‘Danga Bay- Country Garden’ ဆိုတဲ့ စိတ်ဝင်စားစရာ နေရာလေးတစ်နေရာပါ။ တစ်ချို့လည်း ဆောက်လုပ်ပြီး တစ်ချို့လည်း ဆောက်နေဆဲ အထပ်ပေါင်း ၅၀ကျော်ရှိတိုက်တွေ၊ သူငယ်ချင်းတို့ ဇနီးမောင်နှံပိုင် တိုက်ခန်းရဲ့ရှေ့မျက်နှာစာမှာတော့ လွမ်းမောဘွယ်ရာ ကမ်းခြေ သောင်ပြင် ကြည်နူးစရာပင်။ ကျွန်မလည်း မြင်သမျှ လက်လှမ်းမီသလောက် ဓာတ်ပုံချည်း လှိမ့်ရိုက်နေခဲ့မိ။ အချိန်ကနေ့လည် ၁နာရီကျော်နေပြီမို့ အဲ့ဒီနေရာကနေ နေ့လည်စာလိုက်ကျွေးတယ်။ ဗိုက်ဖြည့်ပြီး တည်းခိုမယ့်သူငယ်ချင်းတို့ရဲ့ အိမ်ကို ရောက်ခဲ့တယ်။ ရေချိုးခန်း+ရေအိမ်သာ တွဲလျက်ပါ အိပ်ခန်းသုံးခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ စတိုးခန်းပါဝင်တဲ့ အိမ်လေးက နေချင့်စဘွယ်အိမ်လေး တစ်အိမ်ပါ။ ကျွန်မတို့သူငယ်ချင်း နှစ်ယောက်ကို တစ်ခန်းစီပေးပြီး ပစ္စည်းအထုပ်အပိုးတွေ ထားပြီးတာနဲ့ အပြင်ပြန်ထွက်ကြတယ်။ လည်ပတ်ဘို့ ရောက်ရခဲယဉ်းတဲ့ နေရာသစ်တွေရောက်တိုင်း ကျွန်မအချိန်ကို အလဟဿကုန်မှာ နှမြောတယ်။ သူငယ်ချင်းတွေ အလုပ်ကိစ္စနဲ့ အပြင်ပြန်ထွက်တဲ့နောက်ကို ကျွန်မတို့နှစ်ယောက် လိုက်သွားကြတယ်လေ။ 








သူငယ်ချင်းပြောပြလို့ ထူးထူးဆန်းဆန်း ပန်းသစ်တော်သီး၊ သခွားသီး၊ စိမ်းစားဥ၊ သရက်သီး၊ နာနတ်သီး၊ မြေပဲထောင်း၊ ပဲငံပြာရည်၊ နှမ်းထောင်း၊ ထန်းလျက်ရည် အားလုံးကို ရောမွှေထားတဲ့ Rojak ဆိုတဲ့အစာကို စားဘူးသွားခဲ့တယ်။ သူငယ်ချင်းတို့အိမ်အနီးအနား ပတ်လည်မှာရှိတဲ့ စတိုးဆိုင်ကြီးတွေ စားသောက်ဆိုင်တွေ အချိန်ရသလောက် အနှံ့လျှောက်သွားကြတာလည်း ပျော်စရာပင်။ အချိန်တွေကလည်း ကုန်မြန်လိုက်တာ ညနေစောင်းကို ရောက်လာတော့ ညစာကို သူငယ်ချင်းတို့ ဇနီးမောင်နှံက လိုက်ကျွေးပြန်တယ်။ စားသောက်ပြီး အိမ်ပြန်လာပြီး နားကြတယ်။ ခဏနားပြီးတာနဲ့ ညဥ့်သန်းခေါင်မှာ နာမည်ကြီးတယ်ဆိုတဲ့ အစာတွေလိုက်ကျွေးပြန်တယ်။ စားသောက်ရမည့် အတိုင်းအတာထက် လွန်နေပေမယ့် မစားဘူးတဲ့ အစာဆန်းများမို့ မငြင်းမဆန် စားဝင်ကြပြန်တယ်။ ဒီ့အပြင် ဇနီးမောင်နှံက အိမ်ရောက်ရင်စားဘို့ဆိုပြီး အကင်များ နောက်ထပ် ၀ယ်လာပြန်သေးတယ်။ 









နောက်တစ်နေ့မှာတော့ ကိုခင်လတ် အလုပ်ရှိလို့ စင်္ကာပူဘက်ပြန်တာမို့ သူငယ်ချင်းသုံးယောက် သဇင်ဆောင်နေခဲ့စဉ်ကာလ စက်မှုတက္ကသိုလ်တက်ခဲ့စဉ် အမှတ်တရများ ရှေးဖြစ်နှောင်းဟောင်း အတိတ်အကြောင်းတွေ ပြောမကုန်နိုင်အောင် တစ်လှည့်စီပြောကြဆိုကြ။ ပါလာတဲ့ ငါးရံ့ခြောက်၊ ငါးမြင်းခြောက်၊ လက်ဘက်၊ မအောင်ကိုယ်တိုင်လုပ်တဲ့ မုန့််အမျိုးမျိုး တို့ကို စားလည်းစားရင်း စကားလည်းပြောကြဆိုကြ။ စကားပြောလို့ဝတော့ စတိုးဆိုင်ကြီးတွေဘက် လမ်းလျှောက်ကြပြန်။ ရေကူးဘို့အတွက် အ၀တ်ရှာဝယ်ကြပြီး အိမ်ပြန်ရောက်တာနဲ့ အောက်ထပ်ဆင်း ရေကူးကြပြန်တယ်။ ရေကူးကန်ထဲမှာ ရေစိမ်လိုက်ကြ၊ နောက်ပြီး ပိုက်ကထုတ်တဲ့ ရေလုံးကြီးများရဲ့ အရှိန်အားဟာ ကျွန်မတို့ရဲ့ ပုခုံး ကျောပြင်တို့ကို နှိပ်ပေးတာကြောင့် အညောင်းပြေလှတာမို့ ဇိမ်ခံကြ။ တစ်နာရီကျော်လောက် ရေစိမ်ရေကူးပြီး အပေါ်ပြန်ရောက်လာတော့ မအောင်တစ်ယောက် ဖျားချင်ချင်ဖြစ်နေပြီ။ ဆေးသောက်နားခိုင်းပြီး ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ခြေစကြ်ာ ဖြန့်ကြပြန်တယ်။ မလေးမှာ နေရတဲ့ အချိန်တွေမှာ ပြောစရာဆိုလို့ အင်တာနက်လိုင်း မကောင်းတာတစ်ခုရယ်။ ပြီးပြည့်စုံနေလို့လည်း မဖြစ်ဘူးလေ။ အစစအရာရာ အဆင်ပြေနေတာကိုး။ ပို့စ်လေးတွေတင်မယ်လို့ စိတ်ကူးခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါ။ ညပိုင်းဆိုရင်တော့ အောက်ဆုံးထပ် ဧည့်ဆောင်မှာ ထိုင်ပြီး သုံးယောက်သား ကွန်နက်ရှင်လိုင်း ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတဲ့ ဖေ့ဘုတ် ဗိုင်ဘာ မက်ဆင်ဂျာတို့ကို စိတ်ရှည်ရှည်နဲ့ အသုံးပြုကြတယ်။







သွားစရာနေရာလည်းနှံ့နေပြီ၊ စားစရာဆိုလို့လည်း အသစ်အဆန်းမရှိတော့ မအောင်လည်း နေမကောင်းဖြစ်သွားရင် မဖြစ်ချေဘူးဆိုပြီး တနင်္လာနေ့ မနက်ပြန်ကြဘို့ စဉ်းစားဆုံးဖြတ်ကြတယ်။ မနက်အိပ်ယာနိုးတော့ သူငယ်ချင်းလေးကလာပြောတယ်။ ည၇နာရီမှာ အိမ်ငှားလိုသူအဖွဲ့ လာကြည့်မယ်ဆိုတဲ့ အကြောင်းနဲ့ ကိုခင်လတ် လာခေါ်မယ်ဆိုတော့ မနက်ပိုင်း ဘတ်စ်ကားနဲ့ ပြန်မည့်အစား ညနေပိုင်းမှ ကိုခင်လတ်တို့ဇနီးမောင်နှံရဲ့ကားလေးနဲ့ ပြန်ကြတယ်။ ကျွန်မနဲ့ မအောင်တို့ ကံကောင်းပုံများ- အိမ်ငှားတစ်ဦးအဆင်း နောက်တစ်ဦးအတက် ကြားကာလလေးမှာ ဒီမြို့လေးကိုရောက်ပြီး ဒီလိုအေးအေးချမ်းချမ်း နားနေခွင့်ရခဲ့တာကို တွေးပြီး ကျေနပ်နေမိတယ်။ ခရီးစဉ်တစ်လျှောက်လုံး လိုလေသေးမရှိ အားနာစရာကောင်းလောက်အောင် အစစအရာရာ ဂရုတစိုက် ဧည့်ခံ ကျွေးမွေးပေးပြီး အိမ်တိုင်ရာရောက် ပြန်ပို့ပေးခဲ့တဲ့ သူငယ်ချင်းတို့ ဇနီးမောင်နှံကို ကျေးဇူးအထူး တင်ပါကြောင်း ဒီပို့စ်လေးကနေ ပြောပါရစေ။ 

မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)
၂၁-၃-၂၀၁၇ (အင်္ဂါနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz