x

7.3.17

တရားရှိပါ တရားမပျက်ပါနဲ့



၁၇-၂-၂၀၁၇ ညနေ ၆း၃၀ နာရီမှာ မောင်း နှစ်ချက်တီးသံကြားတယ်ဆိုရင်ပဲ လုပ်ရိုးလုပ်စဉ်အတိုင်း (၁၀)ရက်စခန်းဝင်မည့် သံဃာများ၊ သီလရှင်များ၊ ယောဂီသစ်များနဲ့ ယောဂီဟောင်းများအားလုံး ဓမ္မာရုံရှိရာကို အလျှိုလျှိုရောက်လာကြပါတယ်။ ဒုတိယအကြိမ် မောင်းတစ်ချက်တီးသံရဲ့ မရှေးမနှောင်းမှာ တရားစခန်းဝင် ယောဂီတွေကို အစစအရာရာ ထိန်းသိမ်းကွပ်ကဲမှု တာဝန်ယူထားသူ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ရောက်လာပြီး တရားရိပ်သာဝင်သူများ အားလုံးရဲ့လက်ဝယ်ရောက်ပြီးဖြစ်တဲ့ ကျင့်ကြံပွားများအားထုတ်ရမည့် သင်တန်းအချိန်ဇယားနဲ့ တစ်ဦးချင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းများကို အသေးစိတ်ရှင်းလင်းဖတ်ပြီး အကယ်၍သာ စည်းကမ်းပိုင်း ဖေါက်ဖျက်သူများ ရှိလာပါက အပြစ်ပေးတဲ့အနေနဲ့ မိမိရဲ့နေအိမ်ကို ပြန်လွှတ်ရမှာ ဖြစ်တဲ့အကြောင်းကိုတဆက်တည်း ပြောကြားပါတယ်။ အဲ့ဒီနောက်မှာ ရွှေမြင့်မိုရ်ဆရာတော်က ‘နမောတဿ’ သုံးကြိမ် ရွတ်ဆိုစေပြီး ဆုံးမသြ၀ါဒပေးပါတယ်။ ‘ယောဂီဆိုတာ ခန္ဓာငါးပါးရဲ့ ပြသမှုများအားလုံးကို သတိမကွာပဲ လိုက်မှတ်နေရမယ်။ မျက်လုံးတွေကောင်းနေပေမယ့် မျက်ကန်းတစ်ယောက်လိုနေရမယ်၊ နားတွေကောင်းနေပေမယ့်လည်း နားကန်းသူတစ်ယောက်လို နေရမယ်၊ ကျန်းမာနေပေမယ့် လူမမာတစ်ယောက်လို ဖြေးလေးစွာ သွား လာ လှုပ်ရှား နေထိုင်ရမည့်အကြောင်း၊ အထူးသဖြင့် ဘာအလုပ်ကိုလုပ်လုပ် သတိအမှတ်လေးနဲ့လုပ်ဘို့ အမြဲတန်း သတိကပ်နေဘို့ကို ပြောဆိုဆုံးမပါတယ်။ ဆရာတော်ရဲ့ ‘သတိထားပါ’ ‘သတိထားပါ’ ‘သတိထားပါ’ ဆိုတဲ့ ဆုံးမသြ၀ါဒစကားသံတွေ အိမ်ပြန်ရောက်လာပြီး ယနေ့အထိ နားထဲလျှံနေမြဲ။

၁၈-၂-၂၀၁၉ မနက် ၃း၀၀နာရီ ကျွန်မ အိပ်ယာနိုးလာချိန်မှာ ယောဂီ ၂-ဦး မျက်နှာသစ် သွားတိုက်နေပါပြီ။ ကိုယ့်ထက် ၀ိရိယကောင်းသူတွေဒီတစ်ခေါက် ကြုံရတော့ သဘောကျမိတယ်။ အရင်အခေါက်တွေမှာ မနက် ၃နာရီမထိုးခင် ၁၀မိနစ်လောက် အိပ်ယာကနေ နိုးထချိန်မှာ ကိုယ်တစ်ယောက်တည်း။ ၄နာရီ ၂၀မိနစ်မှာ ပထမအကြိမ် မောင်း တီးတာနဲ့ ဓမ္မာရုံဆီသွားဘို့ရာ အဆင်သင့်အနေအထားရှိရမှာကြောင့် အခန်းသန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဘို့အချိန်၊ ပဌာန်းဒေဿနာတော် ရွတ်ဖတ်သရစ္ဇျာယ်ဘို့အချိန်၊ အစရှိတဲ့အချိန်တွေအတွက် အနည်းဆုံးတော့ တစ်နာရီခွဲလောက် အချိန်ပိုယူပြီးစောထရခြင်းဟာလည်း အမြဲလိုလို ၀ိရိယပိုခဲ့ရ ကျွန်မဘ၀လို့ဆိုရလေမလား။ ငယ်စဉ်ဘ၀ထဲက ဉာဏ်ရည်ဘက်နဲ့ပတ်သက်တဲ့ ထက်မြက်မှုမှာ တစ်ခြားသူထက် အားနည်းလေ့ရှိတော့ ၀ိရိယကိုပိုအားကိုးခဲ့ရာကနေ အကျင့်က ပါနေပြီလေ။ လွန်ခဲ့တဲ့ သြဂုတ်လ ၂၀၁၆-ခုနှစ်မှာ (၁၀)ရက်တရားစခန်း ၀င်ခဲ့ပြီးတဲ့နောက်ပိုင်း အရင့်အရင် အခေါက်တွေကလို ခပ်ပေါ့ပေါ့မနေဖြစ်တော့ပဲ ပုံမှန်လေး တရားအားထုတ်ဖြစ်လာတယ်။ အဲ့ဒီလို တရားအားထုတ်ဖြစ်တဲ့ အကြောင်းရဲ့အကျိုးဆက်ကတော့ သမာဓိထူထောင်ရ မခဲယဉ်းတော့ပါ။ မနက်ပိုင်း တရားအားထုတ်တိုင်း ဆရာတော်ကိုယ်တိုင် အလုပ်ပေးတရားကို ဟောလေ့ရှိပါတယ်။

ဝိပဿနာတရားအားထုတ်ရာမှာ ထိရောက်စေဘို့အတွက် သီလဖြူစင်ဘို့ လိုအပ်သလို ကံ-ကံ၏အကျိုးကို အကြွင်းမဲ့ယုံကြည်သူဖြစ်ရမည်။ ကိုယ်ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်မှသာ အတိတ်ဘ၀ပေါင်းများစွာကနေ ကံ-ကံ၏အကျိုးကြောင့် ဖြစ်တည် ရရှိထားတဲ့ လက်ရှိခန္ဓာငါးပါးကို ဒုက္ခသစ္စာမှန်းသိပြီး ချုပ်ငြိမ်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်ခြင်းဟာ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ရှိနေတဲ့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ကို အို နာ သေ ဆိုတဲ့ သံသရာဝဲဂယက်ကနေ အပြီးတိုင်လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာကို ယုံကြည်မှလည်း ကျင့်ကြံပွားများ အားထုတ်မှုဟာ ထိရောက်ပြီး အဆင်ပြေချောမွေ့မှာပါ။
ဝိပဿနာတရားကို ကျွန်မ ပထမဆုံးအကြိမ် အားထုတ်ခဲ့စဉ်အချိန်က ပျံ့လွင့်လွယ်တဲ့စိတ်ကို တည်ငြိမ်အောင် စုစည်းရတဲ့အလုပ်ဟာ ခက်ခဲအပင်ပမ်းဆုံးဖြစ်ခဲ့သလို ကျွန်မအနေနဲ့ ဘာကိုရှုရမယ်ဆိုတာ တိတိပပမသိ။ နာကျင် ကိုက်ခဲ ဝေဒနာရဲ့နှိပ်စက်မှုကို ချွေးဒီးဒီကျအောင် ဇွဲ၊ ၀ိရိယထားပြီး ကျင့်ကြံပွားများ အားထုတ်ခဲ့ဘူးပါတယ်။ သည်းခံစိတ်၊ ဇွဲ ၀ိရိယတို့ကို မယိုင်မလဲ ခိုင်မြဲစွာနဲ့ အလုပ်ပေးတရားတော်အတိုင်း စည်းချက်ညီညီ လိုက်နာဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် တိုတောင်းတဲ့အချိန်အတွင်းမှာ တရားသဘောကို နားလည်သဘောပေါက်လွယ်မယ် ထင်ပါတယ်။

တရားအားထုတ်သူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်အားသန်ရာအတိုင်း သမာဓိထူထောင်ကြပြီး ခန္ဓာငါးပါးထဲက ကိုယ်နှစ်သက်ရာတစ်ပါးပါးကို အရှုခံဘက်အနေနဲ့ထားပြီး အဲ့ဒီအရှုခံတစ်ပါးကို ရှုဉာဏ်ငါးပါးနဲ့ရှုရပါတယ်။ တရားရှုမှတ်ခါစမှာ ဝေဒနာသုံးမျိုးဖြစ်တဲ့ ဥပက္ခောဝေဒနာ၊ ဒုက္ခဝေဒနာ၊ သုခဝေဒနာတို့ အလျဉ်းသင့်သလို တစ်လှည့်စီခံစားရပါတယ်။ အရာရာဟာ
အနိစ္စတရားမို့ ဝေဒနာသုံးမျိုးစလုံး ဖြစ်ပြီးတာနဲ့ပျက်တဲ့ ဖြစ်-ပျက် တရားသဘောလေးကို အလွတ်မပေးပဲ လိုက်ပြီးရှုမှတ်ရပါတယ်။ တရားရှုမှတ်ရာမှာ အယူအဆလွဲမသွားစေဘို့ ဆရာတော်ဟောကြား သင်ပြပေးနေတဲ့ အလုပ်ပေးတရားတော်ကို တစိုက်မတ်မတ်နာဘို့လိုပါတယ်။ နာကျင်ခံစားနေရတဲ့ ဝေဒနာ၊ ပီတိဖြစ်နေတဲ့ဝေဒနာ အစရှိတာတွေကို ရှုခြင်းမဟုတ်ပဲ အရာရာမှာ မတည်မြဲတဲ့ ဖြစ်-ပျက်သဘောကို ရှုခြင်းပင်။ (ကျွန်မနားလည်သဘောပေါက်သလို ရေးပြခြင်းသက်သက်ပါ)

ဥပမာ- ရုပ်ကိုကြိုက်လို့ ရုပ်ကိုရှုရင် အရှုခံဘက်က ရုပ်တရားတစ်ပါးကို ရှုတဲ့ဉာဏ်ငါးပါးနဲ့ရှုရမည်။ ရုပ်ကိုရှုတဲ့နေရာမှာ ပညတ်ဖုံးနေတဲ့ ရုပ်ကို မရှုရ၊ ပညတ်မဖုံးသေးတဲ့ ပရမတ်သား သက်သက်ရုပ်ကိုသာ ရှုရပါတယ်။ တစ်နည်းအားဖြင့်တော့ ‘ရုပ်ကိုရှု’ ဆိုတာ မျက်စိနဲ့မြင်ရတဲ့- ပညတ်ဖုံးနေတဲ့ ရုပ်ကိုမရှုရပါ။ ဉာဏ်နဲ့သာမြင်ရတဲ့- ပညတ်မတင်ရသေးတဲ့ ဖောက်ပြန်မှု ပရမတ်သား အစုသက်သက်ကိုသာ ရှုရမှာဖြစ်ပါတယ်။

အရှုခံဘက်က ရှုစရာခန္ဓာငါးပါးဆိုတာ-
ရူပက္ခန္ဓာ(ရုပ်)၊ ဝေဒနာက္ခန္ဓာ(ဝေဒနာ)၊ သညက္ခန္ဓာ(သညာ)၊ သင်္ခါရက္ခန္ဓာ(သင်္ခါရ)၊ ၀ိညာဏက္ခန္ဓာ(စိတ်)။

ရှုတဲ့ဉာဏ်ဘက်က ရှုဉာဏ်ငါးပါးဆိုတာ-
သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ။ (လောကီမဂ္ဂင်ငါးပါး)

တစ်နာရီစာတရားရှုမှတ်တဲ့အကြောင်း အခုမှစကာရှိသေး စာကအတော်ရှည်နေပြီ။ မှားတာရှိရင် ၀န္ဒာမိပါနော်။ ဆရာတော်ရဲ့ ဆုံးမသြ၀ါဒလေး တစ်ကြောင်းတော့ ပြောခဲ့ပါရစေ-

‘ဘယ်သူတွေ တရားရှိရှိ မရှိရှိ ကိုယ်တရားရှိဘို့လိုတယ်။ ဘယ်သူတွေတရားပျက်ပျက် မပျက်ပျက် ကိုယ် တရား မပျက်ဘို့လိုတယ်’

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်

တီတင့်(စက်မှုတက္ကသိုလ်)

၎-၃-၂၀၁၇ (စနေနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz