x

8.3.17

သတိယှဉ်၍ နေလိုက်ပါ



ဒီကနေ့ ချမ်းမြေ့ရိပ်သာကျောင်းမှာ နေ့ဆွမ်းကပ်မည့် သူငယ်ချင်းနှစ်ယောက်နဲ့ ၉နာရီခွဲ Yew Tee MRT မှာဆုံဘို့ ချိန်းထားတယ်။ သူငယ်ချင်းတွေနဲ့ ကပ်ပြီး ကျမလည်းကုသိုလ်ယူချင်တယ်လေ။ တူမလေးတစ်ယောက်ကလည်း ဒီကနေ့ သူကျောင်းအားတယ် ဆွမ်းကပ်တာလိုက်မယ်ဆိုလို့ သူ့ကိုပါ Yew Tee MRT control station မှာဆုံဘို့ရာ ချိန်းလိုက်ပြန်တယ်။ လိမ္မာရေးခြားရှိပြီး အချိန်ပိုကို တန်ဘိုးရှိရှိ အသုံးချချင်တဲ့ တူမလေးရဲ့ စိတ်ဓာတ်ကို သဘောကျမိတယ်။ ကိုယ်က ခေါ်စရာမလိုပဲ သူကိုယ်တိုင်က လိုလိုလားလား ဆွမ်းလိုက်ကပ်ချင်တာမို့ပါ။ အရင်ကတော့ ကျွန်မ MRT စီးလို့နေရာရရင် မျက်လုံးကိုအသာအယာပိတ်ပြီး ဘုရားစာရွတ်နေလေ့ရှိတယ်။ အခုတာ့ မသိမသာပြောင်းလဲလာပြီ ဘုရားစာမရွတ်ဖြစ်တော့ပဲ ရတဲ့အချိန်လေးတွေမှာ ဖြစ်-ပျက်ရှုတယ်။ ဘုရားဟော တရားတော်မှာ ကျွန်မဖတ်ဘူးတယ်။ ‘၀ိပဿနာ ရှုမှတ်တယ်ဆိုတာ လူသူ ဆိတ်ငြိမ်တဲ့ တော တောင်တွေလိုနေရာမျိုးတွေ မလိုအပ်ဘူး။ ဘယ်လိုနေရာဖြစ်ဖြစ် ၀ိပဿနာ တရားကို ရှု မှတ်လို့ရတယ်။ ဆိတ်ငြိမ်တဲ့ တော တောင်နေရာတွေမှာ တရားအားထုတ်တယ် ဆိုတာ သမထအလုပ်အတွက်’ လို့ဖတ်ဘူးတယ်။

ဆယ်ရက်တရားရိပ်သာ ၀င်ခဲ့တုန်းက ဆရာတော် ဆုံးမ သြ၀ါဒစကားလုံးတွေ နားထဲအမြဲ ကြားယောင်မိပါတယ်။ ‘ဘာအလုပ်ကို လုပ်လုပ် အမှတ်လေးနဲ့ လုပ်ကြပါ။ လမ်းလျှောက်ရင်လည်း မျက်လွှာတွေကို ချထားပြီး ဘယ်ခြေလှမ်း၊ ညာခြေလှမ်း လှမ်းတာကအစ လှုပ်ရှားမှု မှန်သမျှကို သတိလေးနဲ့ လုပ်ပါ။ မျက်လုံးတွေက တောင်ကြည့် မြောက်ကြည့် မကြည့်ကြပါနဲ့။ အစစအရာရာ သတိလက်လွတ် မနေကြပါနဲ့’ တဲ့။ ကျွန်မအတွက်တော့ အထူးတလည် ပြင်ဆင်မနေရပါဘူး အကြောင်းရင်းက အရင်ထဲက လမ်းလျှောက်တာဖြစ်ဖြစ် ကားနဲ့သွားတဲ့အခါဖြစ်ဖြစ် ပတ်ဝန်းကျင်ကို လေ့လာမှုအားနည်းတယ်လို့ ဆိုရမလား။ ကိုယ့်အနီးအနားရောက်လာသူကို သတိမထားမိသလို ကိုယ့်ဝန်းကျင်ကိုလည်း စိတ်မ၀င်စားတတ်တဲ့ ဗီဇကြောင့် အဒေါ်ငယ်ရဲ့ ‘မိတင့်တို့များ ဘ၀င်ကိုမြင့်တယ်၊ လမ်းမှာဘယ်တော့ဆုံဆုံ ခေါ်မကြားအော်မကြားနဲ့’ တဲ့။ အလားတူစကားမျိုးကို ညီမယောင်းမလေးတွေလည်း ပြောဘူးတယ်။ တကယ်တော့ တမင်လုပ်တာမဟုတ်မှန်း ကိုယ်စောင့်နတ်အသိဆုံးပါ။

ကျွန်မတည်းခိုနေတဲ့ ညီမလေးရဲ့အိမ်က Yishun မှာဆိုတော့ MRT နဲ့သွားရင် သူငယ်ချင်းရှိရာ Yew Tee အထိ ၆-ဘူတာစီးရပါတယ်။ မျက်လုံးကို အသာအယာ ပိတ်ထားပေမယ့် တစ်ဘူတာပြီး တစ်ဘူတာ ရထား ၀င်ခါနီး ထွက်ခွာနီးတိုင်းမှာ ကြေငြာနေတဲ့ အသံတွေ ကြားရပြီး ကြားစိတ်ဖြစ်။ အရင်ပို့စ်မှာ ကျွန်မရေးခဲ့သလို အတိတ်ဘ၀ပေါင်းများစွာက ကိုယ်လုပ်ခဲ့သမျှ ကောင်းကံ မကောင်းကံတို့ကြောင့် လက်ရှိရထားတဲ့ ခန္ဓာငါးပါး တစ်နည်းဆိုရရင် ရုပ် နာမ်နှစ်ပါးပေါ်မှာသာ သတိလေးနဲ့ မကင်းမကွာ ဆက်တိုက်ရှုမှတ်နေပါ။ ‘သတိဆိုတာ ပိုတယ်ရယ်လို့မရှိ၊ လိုတာသာ ရှိတယ်’ လို့လူကြီးတွေ မကြာခဏသတိပေးတာကြားဘူးပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်မှာလည်း ဆိုထားပါတယ်။ ‘သတိဆိုတာ မမေ့မှု။ မေ့တာက အ၀ိဇ္ဇာ။ သတိမပါက ဘယ်တော့မှ မမှန်နိုင်ဘူး။ သတိအရေးကြီးလို့ ဟောခြင်းဟာ သတိပဌာန်ဖြစ်ပါတယ်။ သတိမပါက မဂ်မဆိုက် ၀ိပဿနာလုပ်တဲ့သူတိုင်း သတိမပါက မပြီးမြောက်ပါ’ ကျွန်မတို့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းဘို့ရာ အရေးအကြီးဆုံးဖြစ်တဲ့ မဂ္ဂင်လမ်းပျောက်နေမှဖြင့် နိဗ္ဗာန်သွားဘို့ခက်ပြီပေါ့။

ကိုယ့်အသက်ကိုယ် သတိလက်လွတ်ဖြစ်ပြီး အသက်ငယ်ရွယ်သူတို့လို လေစိမ်းတွေ တိုက်နေတဲ့ နေရာမှာ ရေချိုးမိလို့ (၁၀)ရက်တရားစခန်းဝင်ချိန်မှာ အဖျားဝင်လာပြီး (၂၁၊ ၂၂၊ ၂၃) သုံးရက် အိမ်ပြန်ပြီး ဆေးကု ခံရသေးတယ်။ အရေးကြီးတဲ့ သတိကို ဥပက္ခောပြုမိခဲ့တဲ့ အကျိုးဆက်ပါ။ လူကသာ နေမကောင်းဖြစ်နေတာ အတွေးစိတ်က ရိပ်သာကိုပဲပြန်ချင်နေခဲ့မိတယ်။ ရှားရှားပါးပါး ၀င်ရခဲပေခြင်း (၁၀)ရက် တရားစခန်းမှာ ၀ိပဿနာတရားဓမ္မတွေ အပြည့်အ၀ နာကြားပြီး တရားအားထုတ်ချင်တယ်။ ဒါပေမယ့် ဖြစ်ချင်တာနဲ့ လက်တွေ့ဖြစ်နေတာ တစ်ထပ်တည်း မကျလေတော့ စိတ်လျှော့ပြီးနေလိုက်ရတယ်။ အရာရာဟာ ဖြစ်ပြီးပျက်တဲ့ တရားသဘောအရ ဒါလည်းမကြာခင်ပြီးဆုံးသွားမှာပဲလေဆိုတဲ့ အတွေးစိတ်က နှလုံးသားမှာ ရှင်သန်နေပြီလေ။ (၇)ရက်သာ ရိပ်သာမှာ နေခဲ့ရပေမယ့် သိမ်ဆင်း (၃)ကြိမ်လောင်းလှူခွင့်ရခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပီတိတွေဖြာရင်း ၀မ်းသာကြည်နူးမိပြန်တယ်။ ဖတ်ဘူးတာလေးတွေ ဝေမျှခဲ့ပါရစေ။ တခါတလေ သတိလက်လွတ်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ဆုံးမတဲ့ပို့စ်လေးပါ။ :P

‘သတိယှဉ်၍ နေလိုက်ပါ’

သဒ္ဓါလွန်ကဲ ပညာနည်း တရားနှင့်လည်း လွဲတတ်သည်။
ပညာလွန်ကဲ သဒ္ဓါနည်း ဝေဘန်၍လည်း နေတတ်သည်။
ဝိရိယလွန်ကဲ သမာဓိနည်း ပျံ့လွင့်၍လည်း နေတတ်သည်။
သမာဓိလွန်ကဲ ၀ိရိယနည်း အိပ်ငိုက်၍လည်း နေတတ်သည်။
တရားရချင် သူတော်စဉ် သတိယှဉ်၍ နေလိုက်ပါ။

‘သတိပဌာန် ရှုမှတ်ပွားများပုံ’

အို အို လူသား သတိထားလော့
သွားဆဲကာလ ထိုကာလ၌
ပထမခြေလှမ်း ရုပ်နာမ်တမ်းတို့
လှမ်းဒုတိယ မရောက်ကြဘူး။
ဒုတိယခြေလှမ်း ရုပ်နာမ်တမ်းလည်း
လှမ်းတတိယ မရောက်ကြပင်။
တလှမ်းတွင်လည်း မြှောက်စဉ်တစ်မျိုး
ရှေ့တိုးတဖုံ လွန်ပုံဘဝ
အောက်ချတခင် ထိခြင်းတလီ
ထိနင်းစေ့အောင်
တရွေ့ရွေ့လှမ်း ရုပ်နာမ်တမ်းတို့
နှမ်းအိုးခင်းထက် နှမ်းတွေကျက်သို့
ဖြစ်ပျက်နေရ အနိစ္စသည်
ဒုက္ခအနတ္တပါတကား။ ။

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်
 တီတင့်(စက်မှုတက္ကသိုလ်)
၈-၃-၂၀၁၇ (ဗုဒ္ဓဟူးနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz