x

20.4.17

သိတာလေးတွေ စာစီကုံးလို့


ခရီးထွက်နေတုန်းက ပို့စ်လေးတွေကို အဆင်ပြေရင် ပြေသလို တင်ဖြစ်ခဲ့ပေမယ့် ရိပ်သာဝင်နေတဲ့ ရက်တွေမှာ လက်တော့ပ်နဲ့ကျွန်မ အလှမ်းဝေးခဲ့တယ်။ ဒီကနေ့တော့ သိတာလေးတွေတင်ဘို့ကို စိတ်ကူးမိပြန်တယ်။ မြင်သာပွင့်လင်းတဲ့ ဒီလိုခေတ်မှာ ကျွန်မတင်တဲ့ပို့စ်ကို သိထားပြီးသူတွေ အနည်းနဲ့အများ ရှိနေသလို အမှုမဲ့အမှတ်မဲ့ ကျော်လွှားသွားခဲ့လို့ မသိသေးသူတွေလည်း ရှိနေအုံးမယ်ထင်ပါရဲ့။ ကျွန်မတို့အားလုံးလက်ရှိ ဖြစ်တည်နေတဲ့ ရှည်လျားတဲ့အချိန်ကာလကြီးကို ဘုရားပွင့်တော်မူတဲ့ အချိန်ကစပြီး တစ်ခေတ်ကို နှစ်ပေါင်း (၅၀၀) ရှည်ကာ၊ ခေတ်(၅)ခေတ်တို့နဲ့ ပိုင်းခြားပြီး လည်ပတ်နေပါတယ်။

၁။ ၀ိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀) မှာ ဈာန်မဂ်ဖိုလ်တရားထူးများ ဖြိုင်ဖြိုင်ရကြတယ်။

၂။ သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၀) မှာ သမာဓိတည်ရုံမျှသာဖြစ်တယ်။

၃။ သီလယုဂခေတ် နှစ်ပေါင်း(၅၀၀) မှာ သီလကိုစင်ကြယ်အောင်ထိန်းကြပြီး သီလမျှသာ ရှိကြတယ်။

၎။ သုတယုဂခေတ် နှစ်ပေါင်း(၅၀၀) မှာ ဗဟုသုတကြွယ်ဝဖို့သာ ဦးစားပေးကြပြီး ကျမ်းဂန် တတ်မြောက်ဘို့သာ အာရုံစိုက်ကြတယ်။

၅။ ဒါနယုဂခေတ် နှစ်ပေါင်း(၅၀၀) မှာ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြကာ ဘုရားတည် ကျောင်းဆောက်တာ ပေါများကြတယ်။

အလွန်တွေ့ခဲကြုံခဲလှတဲ့ လက်ရှိသာသနာတော်နှစ် (၂၅၆၀-၆၁) ထဲကို ကျွန်မတို့တစ်တွေ ရောက်ရှိနေကြတာ အင်မတန်ထူးကဲတဲ့ ကံတရားပါ။ ဒီလိုကံထူးခြင်းဟာလည်း ကိုယ်ပြုလုပ်ခဲ့တဲ့ အတိတ်ဘ၀များစွာက ကံ-ကံရဲ့အကျိုးဆက်ပါပဲ။ ဈာန်၊ မဂ်ဖိုလ်တရားထူးတွေ ဖြိုင်ဖြိုင်ရနိုင်တဲ့ ၀ိမုတ္တိယုဂခေတ်ကို တစ်ပတ်ကျော့ပြီး ပြန်ရောက်ချိန်မှာ လူဖြစ်ခွင့်ရနေတဲ့ ကျွန်မတို့အားလုံး ရေကန်အသင့်ကြာအတင့်မို့ ကိုယ့်ဘက်က အနည်းငယ်မျှသာ အားစိုက်ထုတ်ဘို့ပဲလိုပါတယ်။

၁။ ဖြစ်ပြီးခဲ့တဲ့ အကုသိုလ် မကောင်းမှုကံတွေကို ပပျောက်သွားအောင် အားထုတ်ရမယ်။

၂။ မဖြစ်သေးတဲ့ အကုသိုလ် မကောင်းမှုကံတွေကို မဖြစ်အောင် အားထုတ်ရမယ်။

၃။ မဖြစ်သေးတဲ့ ကုသိုလ်ကောင်းမှုတွေကို ဖြစ်အောင် အားထုတ်ရမယ်။

၎။ ဖြစ်ပြီးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။

(ဆက်လက်ကြိုးစားပါဦးမည်)

မေတ္တာဖြင့်

တီတင့်(စက်မှုတက္ကသိုလ်)
၂၀-၄-၂၀၁၇ (ကြာသာပတေးနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz