x

29.5.17

မယိမ်းမယိုင် သုံးဆယ့်ငါးနှစ်တိုင် ခြေလှမ်းများ


တနင်္ဂနွေတစ်ရက်ကလွဲပြီး မနက်တိုင်း ကျွန်မတို့ဇနီးမောင်နှံ ပဒေသာပင်မြို့တော်ဝန်းအတွင်းမှာရှိတဲ့ ပန်းခြံလေးစီကို လမ်းလျှောက်ထွက်ကြပြီး ပန်းခြံထဲကိုရောက်တဲ့အခါ လေ့ကျင့်ခဏ်း ပုံမှန်လုပ်ကြပြီးမှ အိမ်ပြန်ကြပါတယ်။ အိမ်ကနေ မနက် ၆နာရီခွဲထွက်ပြီး အိမ်ကို ၈နာရီလောက် ပြန်ရောက်လေ့ ရှိပါတယ်။ စိတ်မြန်လက်မြန်ရှိတဲ့ကျွန်မက နေ့စဉ် မထွက်ခင်အဆင်သင့်အနေအထားမှာ ခင်ပွန်းကို စောင့်နေလေ့ရှိသလို ဘယ်အချိန်ဖြစ်ဖြစ် အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့ခင်ပွန်းဖြစ်သူကတော့ ပုံမှန်ထွက်ချိန်ကျမှ အောက်ထပ်ကိုဆင်းလာလေ့ရှိပြန်တယ်။ စိတ်မြန်သူနဲ့အေးဆေးသူတို့အကြား အိမ်ထောင်သက်လည်း ၃၄-နှစ်ကျော် ၃၅-နှစ်ထဲကို မရပ်မနားတစ်ရွေ့ရွေ့နဲ့ နီးလာနေပါပြီ။
‘ဒီနေ့မနက် ခြေမျက်စေ့နားက မြက်သလိုလိုဖြစ်နေတယ်’ ကျွန်မက အိမ်ကအထွက်မှာ စကားစရာ-
‘ဒါဆိုရင် ခဏရပ်ပြီး ခြေထောက်ကို ခါကြည့်လိုက်ပါအုံး’ ကျွန်မလည်း ခင်ပွန်းပြောသလို ခြေထောက်ကို ခပ်ဆပ်ဆပ်လေး ၃-၄ ကြိမ်လောက်ခါပစ်လိုက်ပြီးမှ လမ်းဆက်လျှောက်ကြပါတယ်။
‘ကိုယ်တို့တွေ အသက်တွေရလာတော့ လမ်းလျှောက်ရင် တစ်လှမ်းချင်းဖြည်းဖြည်းလျှောက်ပြီး အထိုင်အထ လုပ်တဲ့အခါမှာလည်း သတိလေးနဲ့လုပ်မှဖြစ်တော့မယ်’ ခင်ပွန်းဖြစ်သူက ကျွန်မကို တမင်တကာ ရည်ရွယ်ပြီးပြောနေတယ်ဆိုတာ ဗေဒင်မေးစရာမလို။ သူ့အထာကိုသိနေတဲ့ ကျွန်မက-
‘ဟုတ်တယ်နော် အခုဆိုရင် သတိထားရတော့မယ် ဘာမှကိုအတိမ်းအစောင်း မခံတော့ဘူး’ သူ့အကြိုက်လိုက်ပြောရခြင်းမှာ ကိုယ့်အကြောင်းကိုယ်သိ ကိုယ့်အပြစ်နဲ့ကိုယ်လေ။
‘မင်းက လှေခါးကဆင်းရင် ရိုးရိုးဆင်းပါလား ခုန်ဆွခုန်ဆွနဲ့ဆင်းတယ် မတော်တဆ ထိခိုက်မှာစိုးလို့ပါ’
မှန်နေတဲ့စကားမို့ ကျွန်မလည်းခွန်းတုန့်ပြန်မနေတော့ပါ။ လှေခါးဆင်းရင် တစ်လှမ်းချင်း ဆင်းရမှာကို စိတ်မရှည်တဲ့ကျွန်မ အောက်ထပ်ကိုမြန်မြန်ရောက်ချင်တာပဲသိသလို လမ်းလျှောက်ရင် တစ်လှမ်းချင်း ဖြည်းဖြည်းနဲ့မှန်မှန်လျှောက်လေ့ရှိတဲ့ ခင်ပွန်း၊ သူလှေခါးဆင်းတဲ့အခါမှာလည်း ပုံမှန်တစ်လှမ်းချင်း ဖြည်းဖြည်းလေးလေး ဆင်းတတ်တာကြောင့် တော်ရုံသူ့နောက်ကမဆင်းပဲ ကြုံကြိုက်တဲ့ တစ်ခါတစ်ရံမှသာ နောက်ကနေလိုက်ဆင်းပါတယ်။ ကြာခဲ့ပြီဖြစ်တဲ့ အတိတ်ကခြေလှမ်းလေးတွေစီ အမှတ်မထင်စိတ်ကရောက်သွားပြန်တယ်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

၁၉၇၉-ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ် ပင်မအဆောက်အဦအပြင်ဘက် စတုဂံပုံစံရှိ ကားများရပ်နားရာနေရာနဲ့ ကပ်လျှက်ရှိတဲ့ စင်္ကြံလမ်းရှည်လေး၊ ဆက်လျှောက်သွားတဲ့အခါ မြင်တွေ့ရမယ့် ညာထောင့်ချိုး အချိုးအကွေ့လေး၊ အဲ့ဒီအကွေ့လေးမှာ နေ့စဉ် ကျောင်းတက်ချိန်မတိုင်မီကနေ ကျောင်းဆင်းချိန်အထိ မုန့်ပဲသရေစာတို့ ပုံမှန်ရောင်းလေ့ရှိတဲ့ ခင်မင်စရာကောင်းတဲ့ ဦးလေးကြီး၊ သူ့ရဲ့စိတ်ရင်းစေတနာ ကောင်းမွန်တယ်ဆိုတာ မျက်နှာမှာပေါ်လွင်နေသလို ကျွန်မအပါအ၀င် စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးမှာ စာသင်ကြားနေကြတဲ့ ကျောင်းသားအတော်များများနဲ့ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံနေပုံတို့က ဦးလေးကြီးရဲ့စိတ်ထားဖြူစင်မှုတို့ကို သက်သေခံလျှက်ရှိပါတယ်။
”ဦးလေးကြီး…..” ကျွန်မစကားမဆုံးခင်မှာပဲ ဦးလေးကြီးက-
“အော် ကလေးမ အဆောင် ‘ဘ’ီ အခန်းနံပါတ်-၂၆လား၊ ခေါ်ပေးမယ်နော် ခဏစောင့်”
ပြောပြောဆိုဆို သူ့ဆိုင်လေးကို ကျောခိုင်းပြီး အဆောင် ‘ဘီ’ဘက်ကို တည့်တည့်မတ်မတ် ခပ်သွက်သွက်လေး ထွက်သွားပါတော့တယ်။
ကျွန်မ မကြာခဏအကူအညီတောင်းနေတာကြောင့် ဦးလေးကြီးက ကျွန်မဘာပြောမယ်ဆိုတာကို ကြိုတင်အလွတ်ရနေပုံပါ။ ကျွန်မနည်းတူ အကူအညီတောင်းသူမှန်သမျှကို မညီးမညူ ကူညီနေသူ ဦးလေးကြီးကို အားလုံးကခင်ကြသလို အဆင်သင့်ရင် သင့်သလို စားစရာဖြစ်စေ အခြား အသုံးအဆောင် လက်ဆောင်လေးများလည်း ပေးတတ်ကြပြန်တယ်။ ၅-မိနစ်ပင်မပြည့်မီ ဦးလေးကြီးပြန်ရောက်လာပြီး-
‘ပြောလိုက်ပြီ ကလေးမရေ သူရှိနေတယ် အခုလာမယ်တဲ့’
‘ဟုတ်ကဲ့ ဦးလေးကြီး ကျေးဇူးတင်ပါတယ်နော်’ ကျွန်မအပြောကို ဦးလေးကြီးက ပြုံးပြီးခေါင်းညိမ့်ကာ သူ့ဆိုင်မှာတင်ထားတဲ့ မုန့်ထုပ်လေးတွေကို စီစီရီရီလုပ်နေပါတယ်။
ငေးမျှော်နေဆဲမှာပဲ အဝေးကနေ မနှေးမမြန် ခြေလှမ်းတစ်လှမ်းချင်း ပုံမှန်လှမ်းလျှောက်ပြီးလာနေတဲ့ ကျွန်မချစ်သူ ‘ကိုမာန’ ကို ၀မ်းသာပျော်ရွှင်မှုများနဲ့အတူ ချစ်ကြည်နူးစွာ ငေးမောလို့ ကြည့်နေမိတယ်။ ကြည့်နေရင်းကနေ အတွေးလေးတစ်ခု လျှပ်တစ်ပြက် တွေးခဲ့ဘူးသေးတယ်။ သွားသုတ်သုတ် လာသုတ်သုတ် ဘာလုပ်လုပ် ပျာယာခတ်နေတတ်တဲ့အပြင် စည်းစနစ်မရှိတဲ့ကျွန်မနဲ့ စကားပြောဆိုရာမှာ အချက်အလက်တွေနဲ့ မှန်ကန်စွာတွေးခေါ် ပြောဆိုတတ်ပြီး ဘယ်တော့ဖြစ်ဖြစ် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ကိုမာနတို့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားတဲ့စရိုက် လက္ခဏာဟာ ချစ်သူသက်တမ်းရှည်နိုင်ပါ့မလား၊ အဆင်ပြေကြပါ့မလားလို့ တွေးခဲ့ဘူးတယ်။ ကိစ္စကြီးငယ် စိတ်ရှုပ်စရာမှန်သမျှကို ကြာကြာထွေးပိုက် မထားတတ်တဲ့ကျွန်မ အဲဒီအတွေးတွေဟာလည်း စက္ကန့်ပိုင်းအတွင်း ကျွန်မနဲ့ဝေးရာကို လွင့်စင်လို့သွားပါတော့တယ်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

‘တင့်တင့် ကိုယ် စစ်အင်ဂျင်နီယာထဲဝင်ရမလား ဒါမှမဟုတ် မရိန်းအင်ဂျင်နီယာဘက်သွားရမလား’ လို့ အောင်စာရင်းတွေထွက်တော့ ချစ်သူဘ၀မှာ ကျွန်မကို တိုင်ပင်ခဲ့ဘူးတယ်။
ကျွန်မရဲ့ မျိုးရိုးဗီဇမှာ အဘိုး၊ ဖခင်၊ အစ်ကိုဖြစ်သူတွေက တပ်မတော်သားများ ဖြစ်တာကတစ်ကြောင်း စစ်အင်ဂျင်နီယာဆိုရင်တော့ နောင်တစ်ချိန်မှာ မိသားစုအတူနေလို့ရနိုင်တယ်ဆိုပြီး တပ်ထဲကို ၀င်ဘို့တိုက်တွန်းခဲ့တယ်။ ကျွန်မတိုက်တွန်းတယ်ဆိုတာထက် ကာယကံရှင်ကိုယ်တိုင်က စစ်အင်ဂျင်နီယာဘက်ကို အားသန်ခဲ့တာကြောင့် စစ်အင်ဂျင်နီယာဘက်ကို ရွေးချယ်ခဲ့တယ်။ ဗိုလ်လောင်းအပတ်စဉ်(၆၃)သင်တန်းဆင်းပွဲနေ့ဖြစ်တဲ့ (၂၉-၅-၁၉၈၂) ရက်နေ့မှာ သူ့မိဘတွေနဲ့အတူ ကျွန်မကို သင်တန်းဆင်းပွဲတက်ရောက်ဘို့ ဖိတ်ခဲ့တယ်။ ခင်ပွန်းလောင်းဖြစ်သူရဲ့ မိဘတွေနဲ့အတူ ကျွန်မရောက်ခဲ့တဲ့ သင်တန်းဆင်းပွဲမှာ ယခင်အတိုင်း မပြောင်းလဲတဲ့ခြေလှမ်းများနဲ့ တစ်လှမ်းချင်းလှမ်းရင်း ကျွန်မရှိရာကို ဦးတည်ပြီး ရောက်လာခဲ့တဲ့ ကျွန်မချစ်သူရဲ့ပုခုံးပေါ်မှာ ကြယ်ပွင့်လေးတွေကို ရင်ခုန်စွာနဲ့ တပ်ဆင်ပေးခဲ့ရတယ်။ အစဉ်အဆက် တပ်မိသားစုဖြစ်ခဲ့တဲ့ ကျွန်မ ကိုယ့်ဘ၀ကိုယ်ကျေနပ်ပီတိဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဇနီးမောင်နှံဟာ နွေးထွေးတဲ့ မိသားစုကိုယ်စီ ပိုင်ဆိုင်ခွင့် ရထားကြတဲ့ အပတ်စဉ်(၆၃)ဆင်း မိသားစုများနဲ့ ပဌာန်းဆက်ပါခဲ့တာကို ၀မ်းသာပျော်ရွှင်ကြည်နူးရပြီး ကျောက်စိမ်းရတုနဲ့အပြိုင် ပိုလို့သာ ဂုဏ်ယူဝင့်ကြွား နေမိပါတော့တယ်။
ရက်၊ လ၊ နှစ်တွေဘယ်လိုပင်ပြောင်းလဲသွားခဲ့ပါစေ ခင်ပွန်းဖြစ်သူရဲ့ခြေလှမ်းတွေကတော့ မယိမ်းမယိုင် (၃၅)နှစ်တိုင် မပြောင်းမလဲ တစ်လှမ်းခြင်းတည်ငြိမ်စွာလှမ်းနေဆဲပါ။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

တီတင့်(စက်မှုတက္ကသိုလ်)
၂၇-၅-၂၀၁၇။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz