6.6.17
စုဆောင်းရိက္ခာ
အခုတစ်လော ပို့စ်ရေးဘို့ရာ ကုန်ကြမ်းတွေကများနေလေတော့ ဘယ်ကုန်ကြမ်းကစပြီး ကိုင်တွယ်ရမှန်းမသိလောက်အောင် ဖြစ်နေခဲ့ပါတယ်။ ကုန်ကြမ်းမရှိတော့လည်း မရေးဖြစ်ပြန်။ မထင်မှတ်တဲ့အချိန်မှာ မျှော်လင့်မထားတဲ့ အကြောင်းကိစ္စ ကြီး ငယ်တွေဟာ အချိန်အခါနဲ့ တပြေးညီ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်တော့ ကုန်ကြမ်းတွေပုံလို့နေတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို အစွမ်းကုန် ပေးနိုင်စွမ်းရှိတဲ့ အေးချမ်းရိပ်မြုံ ၀ိပဿနာတရားစခန်းမှာ (၁၀)ရက်တာ တရာအားထုတ်ရင်း ပဋိစ္စသမုပ္ပါဒ်ကို အနက်ရှိုင်းဆုံး နားလည်နိုင်အောင် တတ်နိုင်သလောက် ကျင့်ကြံပွားများ အားထုတ်လိုတာကြောင့်လည်း အဆင်ပြေရင်ပြေသလို သွားရောက်ခဲ့ပါတယ်။ နူးညံ့ သိမ်မွေ့ ပျော့ပြောင်းလှတဲ့ ၀ိပဿနာ တရားတော်ကို အကြိမ်ကြိမ်နာဖြစ်တဲ့အခါ တရားနာသူတို့ရဲ့ နှလုံးသားမှာ တွယ်ညိလာတဲ့ တရားတော်များကို ထပ်တလဲလဲ နာလာချင်တယ်ဆိုတာကို တရားအားထုတ်သူတို့ လက်ခံမှာပါ။ ဓမ္မတရားတော်ဟာ အဓမ္မတရားတော် မဟုတ်တာကိုလည်း လက်တွေ့ကျင့်ကြံသူတို့ရဲ့ခန္ဓာမှာ ဉာဏ်စိုက်ကြတာကြောင့် ပိုမိုသဘောပေါက်နေကြမှာ အသေအချာပါ။
တရားစခန်းအကြောင်းကို တစ်ပိုင်းတစ်စရေးပြီး များမြောင်လှတဲ့ ကိစ္စရပ်တွေကြောင့် ရှေ့မဆက်နိုင်ခဲ့သလို ပို့စ်တစ်ပုဒ်အဆုံးသတ်ဘို့ကို အချိန်ကလည်း မပေးနိုင်ခဲ့ပြန်။ ဒီလိုနဲ့ ဒီကနေ့တော့ သူငယ်ချင်းတွေဆုံပြီး သန်လျင်ဘက်မှာရှိတဲ့ သဘာဝတရားရိပ်သာဆီကို ယွန်းကြပြီး လေ့လာရေးဆင်း လှူတန်းခြင်းကုသိုလ်ကို ပြုလုပ်ကြတယ်။ တစ်မူးရှိလို့ တစ်ပဲလှူ ဆိုသလို ကျွန်မရဲ့သူငယ်ချင်းတွေအားလုံးဟာ မကြာခဏဆုံဆည်းဖြစ်ကြသလို တစ်ဦးတစ်ယောက်က လှူဘို့နှိုးဆော်လိုက်တာနဲ့ အားလုံးလို ခေါင်းငြိမ့်ပြီးသားပင်။ အသက်အပိုင်းအခြားအရ အသက်လေးတွေရလာလေ တစ်ဦးနဲ့တစ်ဦး ပိုမိုလို့ နွေးထွေးလာကြသလို ဆုံကြပြီဆိုရင် ရယ်မောစရာကအစပြုလို့ တရားအကြောင်းလေးတွေ ဆွေးနွေးဖြစ်ကြတယ်။ စိတ်တူကိုယ်တူရှိကြတဲ့ သူငယ်ချင်းတွေမို့လည်း ဘယ်အချိန် ဘယ်ကာလမှာဖြစ်ဖြစ် မမြဲသောအနိစ္စတရားသဘောကို လက်ကိုင်ထားပြီး ရာထူး ဂုဏ်သိမ် စည်းစိမ်ဥစ္စာ မှန်သမျှတို့ကို ဥပက္ခောပြုထားကြပါတယ်။
တရားစခန်းအကြောင်းကို တစ်ပိုင်းတစ်စရေးပြီး များမြောင်လှတဲ့ ကိစ္စရပ်တွေကြောင့် ရှေ့မဆက်နိုင်ခဲ့သလို ပို့စ်တစ်ပုဒ်အဆုံးသတ်ဘို့ကို အချိန်ကလည်း မပေးနိုင်ခဲ့ပြန်။ ဒီလိုနဲ့ ဒီကနေ့တော့ သူငယ်ချင်းတွေဆုံပြီး သန်လျင်ဘက်မှာရှိတဲ့ သဘာဝတရားရိပ်သာဆီကို ယွန်းကြပြီး လေ့လာရေးဆင်း လှူတန်းခြင်းကုသိုလ်ကို ပြုလုပ်ကြတယ်။ တစ်မူးရှိလို့ တစ်ပဲလှူ ဆိုသလို ကျွန်မရဲ့သူငယ်ချင်းတွေအားလုံးဟာ မကြာခဏဆုံဆည်းဖြစ်ကြသလို တစ်ဦးတစ်ယောက်က လှူဘို့နှိုးဆော်လိုက်တာနဲ့ အားလုံးလို ခေါင်းငြိမ့်ပြီးသားပင်။ အသက်အပိုင်းအခြားအရ အသက်လေးတွေရလာလေ တစ်ဦးနဲ့တစ်ဦး ပိုမိုလို့ နွေးထွေးလာကြသလို ဆုံကြပြီဆိုရင် ရယ်မောစရာကအစပြုလို့ တရားအကြောင်းလေးတွေ ဆွေးနွေးဖြစ်ကြတယ်။ စိတ်တူကိုယ်တူရှိကြတဲ့ သူငယ်ချင်းတွေမို့လည်း ဘယ်အချိန် ဘယ်ကာလမှာဖြစ်ဖြစ် မမြဲသောအနိစ္စတရားသဘောကို လက်ကိုင်ထားပြီး ရာထူး ဂုဏ်သိမ် စည်းစိမ်ဥစ္စာ မှန်သမျှတို့ကို ဥပက္ခောပြုထားကြပါတယ်။
၅-၆-၂၀၁၇ (တနင်္လာနေ့) မနက် ၆နာရီတိတိ မြောက်ဒဂုံ Café 47 ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ရဲ့အိမ်မှာဆုံကြဘို့ ချိန်းထားတဲ့အတိုင်း တစ်ချို့က Café 47 ကိုရောက်လာကြသလို တစ်ချို့က သူငယ်ချင်းအိမ်မှာ စုကြပြီး Café 47 ကိုဆက်လာကြတယ်။ လူစုံတဲ့အခါ မနက်စာအဆာပြေ စားသုံးကြတယ်။ ခင်ပွန်းဖြစ်သူတွေက မိုးမလင်းခင် အိပ်ယာကနေထပြီး သန်လျင်ဘက်သွားမယ့် ဇနီးဖြစ်သူတွေကို လိုက်လံပို့ဆောင် ပေးကြတာကိုမြင်ရတာ ကြည်နူးစရာပါ။ အိမ်ထောင်သက်တွေ နှစ်ပေါင်း ၃၀-၃၅ ၀န်းကျင်ရှိနေကြချိန်မှာ နွေးထွေးတဲ့ မိသားစုများကိုယ်စီ မပြောင်းမလဲ ရှိနေခြင်းဟာလည်း မင်္ဂလာ တစ်ပါးပင် မဟုတ်ပါလား။
မနက် ၇-နာရီတိတိမှာ အုပ်စုထဲက သဘောကောင်း မနောကောင်း သူငယ်ချင်းတစ်ယောက်က စီစဉ်ပေးတဲ့ ၁၅-ယောက်ဆန့် အန်စာတုံးကားလေး နဲ့ သန်လျင်ဘက်ကို စတင်ထွက်ခွာလာခဲ့ကြပါတယ်။ ၈နာရီမှာ ကျွန်မတို့ဦးတည်ပြီးလာတဲ့ သဘာဝတရားရိပ်သာကို ရောက်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနဲ့ တွေ့ပါတယ်။ အုပ်ချုပ်ရေးမှူး ပြောပြချက်အရ ဆရာတော် ရန်ကုန်ဘက်ကြွသွားတာကြောင့် နေ့လည်လောက်မှ ပြန်ရောက်မယ်လို့ သိရပါတယ်။ ကျွန်မတို့အဖွဲ့လည်း နောက်ဆက်တွဲ အစီအစဉ်တွေရှိနေတဲ့အတွက် ဆရာတော်ပြန်ရောက်တဲ့အချိန်အထိ စောင့်ဆိုင်းခြင်းမလုပ်တော့ပဲ အုပ်ချုပ်ရေးမှူးကို အလှူငွေ ပေးအပ်လှူဒါန်းကြပါတယ်။ အုပ်ချုပ်ရေးမှူးကနေ တာဝန်ခံ တစ်ယောက်ကို ကျွန်မတို့အဖွဲ့နဲ့ ထည့်ပေးပြီး တရားရိပ်သာထဲမှာ ကျွန်မတို့သိချင်တာလေးတွေ အသေးစိတ် လေ့လာနိုင်စေဘို့ လိုက်လံပြသရင်း ရှင်းပြစေပါတယ်။ ကျယ်ဝန်းလှတဲ့ကျောင်းဖြစ်တဲ့ သဘာဝတရားရိပ်သာကျောင်းရဲ့ ထူးခြားချက်ကတော့ ကျောင်းကိုရောက်လာသမျှသော ရုပ်မြတ်မရွေး လူသားအားလုံးကို လက်ခံပြီး စောင့်ရှောက်တဲ့ ဆရာတော်ရဲ့ မေတ္တာစေတနာ ကြီးမားပုံကို စာနဲ့ဖေါ်ပြလို့ မရနိုင်ပါ။ ရဟန်း သီလရှင် အမျိုးသားယောဂီ အမျိုးသမီးယောဂီ အဘိုး အဘွားတို့အပြင် ရောက်လာသမျှ ရောဂါပေါင်းစုံနဲ့ လူသားတို့ကို သဘာဝတရားရိပ်သာမှာ နေရာထိုင်ခင်းပေးပြီး ကျွေးမွေးစောင့်ရှောက်ပြီး ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးသလို တရားရဘို့အတွက်ပါ အခြားတရားစခန်းများလို စည်းကမ်းစနစ်တကျ တရားပြဟောပြောတာကို မြင်ရသူတို့အဘို့ ပီတိမဖြစ်ပဲမနေနိုင်ပါ။
ကျေးဇူးရှင်ဆရာတော် ဦးဥတ္တမသာရ သက်တော်(၄၅)နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ်အဖြစ် စီစဉ်ရေးသားပူဇော်ထားသည့် စာအုပ်မှ ဤပုံအားကူးယူပါတယ်
နာမ်နှင့်ရုပ်
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် အနိစ္စ။
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် အနိစ္စ။
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် ဒုက္ခ။
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် အနတ္တ။
အဆောင်တိုင်းမှာ အဆောင်မှူးများထားရှိပြီး အုပ်ချုပ်စေပြီး တစ်နေ့တာလုပ်ဆောင်ရမယ့် အချိန်ဇယားတွေကို အဆောင်ဝမှာ ကပ်ထားပါတယ်။ ကျွန်မတို့ အထပ်အားလုံး လေ့လာပြီးတဲ့အခါ အသက် ၁၁၂နှစ်ရှိပြီဖြစ်တဲ့ အဘွားတို့ရှိရာ အဆောင်ဘက်ကို သွားရောက်ခဲ့ကြပါတယ်။ အခန်းက ပေ ၂၀ ပတ်လည်လောက်ရှိပြီး ဘာသာခြား အဆုပ်ဝေဒနာရှင် အဘွားတစ်ယောက် အပါအ၀င် စုစုပေါင်းအဘွား ၆-ယောက် ရှိပါတယ်။ အဘွားတစ်ယောက်ကတော့ ကင်ဆာလူမမာအဖြစ်နဲ့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့လည်း အဘွားတို့ကို တစ်ဦးချင်းဆီ တစ်နိုင်လှူဒါန်းကြပါတယ်။ ဂီလာနယောဂီများ မတ်လ ၂၀ရက် ၂၀၁၇ ရက်နေ့အထိ စုစုပေါင်း ၈၉၂ ဦးရှိခဲ့ပါတယ်။ (၁၆-၆-၂၀၀၈) ကနေ (၂၀-၃-၂၀၁၇) ရက်နေ့အထိ အနိစ္စရောက်သူ ယောဂီဦးရေပေါင်း (၉၁၄)ဦး ရှိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့အထိ သဘာဝတရားရိပ်သာမှာ ယောဂီစုစုပေါင်း ၃၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ခန္ဓာ အနိစ္စ
အသက်စည်းစိမ်၊ ခန္ဓာအိမ်ကား
တိမ်တခဲနက်၊ ကြည့်ရင်းပျက်သို့
မျက်စိအောက်တွင်၊ လွင့်ပျောက်စဉ်၍
သင်္ခါရစက်၊ သူ့ပိုင်နက်၌
သွက်သွက်လည်ကာ၊ ပါရရှာသည်
ခန္ဓာ အနိစ္စပါတကား။
ကြည်လင်အေးချမ်းသော အပြုံးမျက်နှာနဲ့ အဘွားယောဂီ
ဓာတ်လှေခါးမသုံးပဲ လမ်းလျှောက်တက် ယောဂီများ
အသက် ၁၁၂နှစ်ရှိပြီဖြစ်တဲ့ အဘွား
ကင်ဆာဖြစ်နေပေမယ့် တရားတော်ကြောင့် ခံနိုင်ရည်ရှိပုံ ပြောပြတဲ့ ယောဂီ
အလှူငွေကိုလက်ခံရင်း ဆုတွေအများကြီးပြန်ပေးတဲ့ အဘွား
အနိစ္စ
သုံးဆယ့်တစ်ရွာ သတ္တ၀ါတို့
ခန္ဓာငါးခို ရှိတိုင်းကိုယ်လည်း
အိုတရွေ့ရွေ့ နောက်ဆုံးနေ့၌
စုတိမမြဲ ပြိုကွဲအားလုံး
နောက်ဘိတ်ဆုံး၏။
မနက် ၉နာရီမှာ ကျွန်မတို့အဖွဲ့ ကျောက်တန်းရေလယ်ဘုရားဖူးဘို့ ဆက်ထွက်ဖြစ်ခဲ့ကြတယ်။ ဘုရားဖူးပြီး အပြန် ကျိုက်ခေါက်စေတီတော်ဝင်ဖူးကာ ပွင့်ထမင်းဆိုင်မှာ နေ့လည်စာ ၀င်စားခဲ့ကြတယ်။ အလှူလှူရင်း ဘုရားဖူးရတာလည်း ပျော်ရွှင်စိတ်ကြည်နူးစရာပင်။ မတိုင်ခင်တစ်ရက်က မိုးကြီးသည်းထန် လေပြင်းတွေ တိုက်ခဲ့ပေမယ့် ကျွန်မတို့အဖွဲ့ သွားတဲ့နေ့မှာ ရာသီဥတုက ကြည်လင်နေတာကြောင့် အလှူအတန်းအပြီး ရေလယ်ဘုရားဖူးကြရတာ အခက်အခဲမရှိ အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ အပြန်ခရီးမှာ ကျိုက်ခေါက်ဘုရား ၀င်ဖူးပြီး 'ပွင့်'မှာ နေ့လည်စာ ၀င်စားကြတယ်။ ခရီးစဉ်တစ်လျှောက် တစ်ဖွဲ့လုံးကို အစစအရာရာကူညီပေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သားလေး ဖိုးသားကိုလည်း အဖွဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ အသက်အရွယ်ရလာတဲ့ ကျွန်မတို့တစ်တွေ ဘယ်သွားသွား ဘာလုပ်လုပ် စိတ်နောက်ကို ကိုယ်လိုက်နိုင်ဘို့ ကြိုးစားနေရချိန် ရောက်လာပါပြီ။ အကြောင်းအရာ အမျိုးမျိုးကြောင့် ကျွန်မတို့နဲ့ အတူလိုက်မပါနိုင်တဲ့ သူငယ်ချင်းများကိုလည်း နောက်တစ်ခေါက်တော့ အတူတကွ လိုက်နိုင်ဘို့အတွက် အခွင့်အရေးလေး ကြုံကြမှာပါလို့ ပြောရင်း ဒီပို့စ်ကိုဒီလောက်နဲ့ အဆုံးသတ်လိုက်ပါပြီ။
တို့များတစ်တွေ-
မေတ္တာစေတနာ အရင်းခံကာ
လှူကြတန်းကြ ကြုံဆုံခဲ့သမျှ
တိုတောင်းလှတဲ့ ချိန်ကာလရဲ့
သံသရာစက်က မလွတ်ထွက်ခင်
ရိက္ခာထုပ်ပြင်ကြပါစို့ သူငယ်ချင်းတို့။
( ကဗျာမပီ စာမညီလည်း သည်းခံဖတ်ကြပါလို့ :P )
မေတ္တာဖြင့်
တီတင့် (စက်မှုတက္ကသိုလ်)
(၆-၆-၂၀၁၇)
(၆-၆-၂၀၁၇)
ခဏစောင့်ပါ...