x

10.7.17

အကြောင်း အကျိုးဆက်စပ်သော်


ရက် လ နှစ် နှောင်း အချိန်တွေပြောင်းရင်း ၀ါတွင်းကာလ တစ်ဖန်ကျော့လို့ ရောက်ခဲ့ပြန်ပေါ့။ မျက်လုံးတစ်စုံဖွင့်ချိန်ကအစ ပိတ်သွားချိန်အထိ အသိတရား သတိထားတဲ့ကြား များလွန်းသမျှ အကုသိုလ်တွေ၊ တတ်နိုင်သလောက် ပါးသွားစေဘို့ ကုသိုလ်လေးတွေ ဆက်နေကြရ တို့များဘ၀။ ပုထုဇဉ်လူသား ကိလေသာအညစ်အကြေးအကြား ပယ်သတ်လို့မရသေးပြန်။ အဖန်ဖန် အားထည့်ပါမှ ရလာခဲ့ရ ဟိုတစ်စ သည်တစ်စ ကောက်သင်းကောက်ရ ကုသိုလ်များ။ 

ဝါဆိုလပြည့် ဓမ္မစကြ်ာနေ့ စနေမနက်မှာ အာစိန္နကံကုသိုလ် အာရုဏ်ဆွမ်းလောင်းပြီး ၉-ပါးသီလ ခံယူခွင့်ရ၊ ၀ါတွင်းကာလ စတင်လို့ဖြတ်ခဲ့ကြပြန် ကျွန်မတို့ဇနီးမောင်နှံ။ အကြောင်း အကျိုး ဆက်နွယ်လို့ ပြန်လည်ပြီးတွေးသော် အရာရာဟာ မတည်မြဲသမို့ အချိန်တိုင်းအတွက် ဖြစ်ပြီးပျက်သလို နေ့ရက်တိုင်း အတွက်လည်း ဖြစ်ပြီးပျက်ပင်။

တိုက်ဆိုင်မှုရယ်က အဲ့ဒီည ညီမရဲ့မြေးလေး ၄-နှစ်ပြည့်မွေးနေ့၊ ဆွေမျိုးတွေစုံစုံလင် ဆုံချင်သေးတာကြောင့် တစ်နာရီ အချိန်ပေးလို့ ရောက်ခဲ့ပြန်သေး။ ဥပုသ်သီလနဲ့မို့ အပြောအဆိုကအစ အနေအထိုင် အသိကပ်ရင်း ဆင်ခြင်တုံတရား လက်ကိုင်ထားရ။ 










ဝါဆိုလဆုတ် ၁-ရက်နေ့ ဆွေမျိုးများစုံစုံ ၀ါဆိုသင်္ကန်းကပ်ကြပြန်တစ်ဖုံ၊ သံသရာခရီးအတွက် ကိုယ်တိုင်ကိုယ်ကျ အထုပ်အပိုးပြင်ကြရ။

















နေ့လည်ပိုင်း ချစ်သူငယ်ချင်းတို့နဲ့ ဆုံကြပြန်တော့ ပျော်ပြီပေါ့။ အသက်တွေခဏ ခေါက်ထား။ ဟန်ဆောင်မှုတွေခ၀ါချလို့ ဟိတ်ဟန်တွေကင်း စိတ်တွင်းရင်းနှီးသူချင်း လက်ဆောင်ထုပ်တွေ ဖလှယ်ကြ အမြဲတန်းအတွက် အမှတ်တရ။




ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
တီတင့်(၁၀-၇-၂၀၁၇)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz