x

31.8.17

2017-ဘလော့ဂ်ဒေး အမှတ်တရ


သံသရာစက်ကွင်း နွံအတွင်းမှ လွတ်မြောက်ကြဘို့ အားထုတ်စို့-

၃၁-ဘုံလူသားတို့ တဏှာကခိုင်းစေခြင်းကို လုပ်ဆောင်နေကြရတာကို အပြစ်မမြင်ပါပဲ ကံကိုသာအစားထိုး အပြစ်တင်နေကြပါတယ်။ တရားခံအစစ်ကို မသိတဲ့အတွက် စွဲချက်တင်ပြီး ဖမ်းမိနေသူဟာ တစ်ခြားသူဖြစ်နေကြတယ်။ အကြောင်းရင်း မသိလို့ ကောင်းတာဖြစ်လဲကံကြောင့်၊ ဆိုးတာဖြစ်လဲကံကြောင့်လို့ ရိုးမယ်ဖွဲ့ကြတယ်။ ဦးဆောင်တဲ့ တဏှာဥပဒါန်ကို မမြင်ကြခြင်းဟာ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ တဏှာခိုင်းလို့ အပြေးအလွှားသွားရင်း ခလုတ်တိုက်ရင်တောင် ‘ကံခေလို့ ခလုတ်တိုက်တယ်’ လို့ပြောကြသလို၊ ၀မ်းနည်းစရာတွေ့ရင် ‘ကံများမကောင်းလေတော့’ ဟု ကံကိုချည်းအပြစ်ပုံချကြတယ်။ ကံဆိုတာ တဏှာရဲ့ စေ့ဆော်တိုက်တွန်းလို့ ဖြစ်နေတာပါလား ဆိုတဲ့အသိ မရှိကြသရွေ့ လုပ်တာက တဏှာ၊ စွဲချက်တင်ခံရတာက ကံ ဖြစ်မြဲဖြစ်နေအုံးမှာပါ။ စင်စစ်အမှန်က တဏှာကခိုင်းနေခြင်းဖြစ်ပြီး ကံကခိုင်းခြင်းမဟုတ်ပါ။ ကံကခိုင်းလို့လား တဏှာကြောင့်လုပ်နေရတာလားဆိုတာ သေချာစွာ သိဘို့လိုပါတယ်။ ၃၁-ဘုံသားတွေကို တဏှာက ကြိုးကိုင်ထားခြင်းဖြစ်လို့ တဏှာရဲ့ ခိုင်းစေမှုအောက်မှာ ငိုပွဲ ပြုံးပွဲတွေ လုပ်နေကြရတယ်။ ကံကနောက်လိုက် တဏှာကခေါင်းဆောင်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကနေ ‘တဏှာ ဥပဒါန် ကံ’ မှာ ဘယ်သူက ဦးဆောင်ဦးရွက် လုပ်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ တဏှာချုပ်ရင် ဒုက္ခချုပ်တယ်။ တဏှာဥပဒါန်မရပ်စဲသမျှ ကာလပတ်လုံး ဒုက္ခသစ္စာ မချုပ်နိုင်ပါ။ ဒုက္ခသစ္စာ ချုပ်ဘို့ရာ ၀ိပဿနာ အလုပ်ကလုပ်ဘို့လိုတယ်။ ဒိဌိသတ်မှ အောက်မဂ်တွေ့ရမယ်။ သံသရာမှာ လည်နေရတာဟာ တဏှာမသေလို့ လည်နေရခြင်းပါ။
တဏှာသတ်နည်း
‘ဘ၀များစွာက ၀ဋ်ထဲလည်မည့် ၀ဋ်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ တစ်ပုံကြီးဟာ ဘ၀ဆက်တတ်တဲ့ တဏှာသေရင် အဟောသိကံဖြစ်သွားပြီး အကျိုးမပေးတော့ပါဘူး’ တဏှာခေါင်းဆောင်တဲ့ ကံကသာ အကျိုးပေးနိုင်တော့ ခေါင်းဆောင်တဏှာကို သတ်လိုက်ရင်း ‘ကံ’ က မဆက်နိုင်တော့ဘူး။ သစ္စာလေးပါးမှာ ကုသိုလ်ကံ အကုသိုလ်ကံတွေ အများကြီး ဟောမထားပဲ သမုဒယ=တဏှာသေရင်ပြီးတာပဲလို့ ဘုရားက ဟောထားပါတယ်။ တဏှာ= သမုဒယကို မဂ်နဲ့ ပယ်သတ်လိုက်ရင် တဏှာသေပါတယ်။
တဏှာကို သတ်တော့မယ်ဆိုရင် ဒီတဏှာမှီနေတဲ့ ကပ်နေတဲ့ နေရာ ၁၈-ပါးကို အရင်ဆုံး ရှာဖွေရမှာဖြစ်ပါတယ်။ တဏှာကပ်တဲ့ နေရာတွေကတော့ -
၁။ ကျွန်မတို့ သန္တာန်မှာရှိတဲ့ ‘မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ (အတွင်းအာယတန ၆-ပါး) ကပ်နေတတ်ပါတယ်။
၂။ ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာ’ (အပြင်အာယတန ၆-ပါး)
၃။ ‘မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်’
အစရှိတာတွေဖြစ်ပါတယ်။
‘တစ်ကိုယ်လုံးကို ကပ်နေတဲ့ တဏှာကို တစ်ခုထဲသော သတ်နည်းကတော့ ၀ိပဿနာလုပ်ပြီး သတ်ရမည့် နည်းပဲဖြစ်ပါတယ်။ တဏှာကပ်ခိုနေတဲ့ ၁၈-နေရာကို ၀ိပဿနာဉာဏ်နဲ့ ဖြစ်ပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုမှတ်ရမှာဖြစ်ပါတယ်။ ဒါတွေကို မြင်သိလာတဲ့အခါ ၁၈-ပါးသော အရာတွေကို သာယာနှစ်သက်မှု မရှိတော့ပဲ ရွံမုန်းလာပါလိမ့်မယ်။ မရချင်တော့သလို ဒါတွေမရှိတာ ကောင်းတယ်လို့ သိလာတဲ့အခါ တဏှာဟာ တဖြည်းဖြည်းပါးသွားပြီး နောက်ဆုံးမှာ လုံးဝချုပ်သွားမှာဖြစ်ပါတယ်။ တဏှာချုပ်ခြင်းဟာ နိဗ္ဗာန်ရောက်ခြင်း ဟူသတတ်။
လေးပါးသစ္စာ မသိရှာ၍
မမှန်တာသိ တဏှာငြိသော်
ဒိဌိမာယာ အ၀ိဇ္ဇာကြောင့်
သူငါခပင်း သာသနာတွင်းနှင့်
ကြုံခြင်းကြီးစွာ ဆုံရပါလည်း
တဏှာလွှမ်းမိုး ကုသိုလ်မျိုးသာ
အားကိုးရှာ၍ -
သံသရာကြော စုန်ဆန်မျောခဲ့
လော-ဒေါ-မော မီး ဖြိုဖြိုင်ပြီးသည်
သည်မီး ဘယ်ခါ ငြိမ်းလိမ့်မည်တည်း။
ဝိပဿနာတရား အလုပ်ကို လုပ်တော့မယ်ဆိုရင်တော့ ခန္ဓာငါးပါးကို သတိပဌာန်တရားတော်နဲ့ ဝေဖန်ခြင်း၊ စရိုက်ကမ္မဌာန်းရွေခြင်းမျိုး ဆောင်ရွက်ရပါတယ်။
ခန္ဓာငါးပါး-
ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ ဟူ၍ဖြစ်ပြီး ယင်းငါးပါးအား သတိပဌာန်တရားတော်အတွင်းသို့ သွတ်သွင်းသည့်အခါတွင်-
၁။ ရုပ်သည် ကာယနုပဿာနာ သတိပဌာန်၊
၂။ ဝေဒနာသည် ဝေဒနာနုပဿနာ သတိပဌာန်၊
၃။ စိတ်သည် စိတ္တာနုပဿနာ သတိပဌာန်၊
၎။ သညာနှင့် သင်္ခါရသည် ဓမ္မာနုပဿနာ သတိပဌာန်၊
ဝိပဿနာတရားများကို အားထုတ်မည့် ယောဂီအတွက် စရိုက်နှင့်လျော်သည့် သတိပဌာန်ကို မိမိစီစစ်၍ ရွေးချယ်ရမည်ဖြစ်ပါသည်။
ကိလေသာများပြီး ဉာဏ်ထိုင်းသူ = ကာယနုပဿနာ သတိပဌာန်ရှု၊
ကိလေသာများပြီး ဉာဏ်ထက်သူ = ဝေဒနာနုပဿနာ သတိပဌာန်ရှု၊
ဒိဌိစရိုက်များသူ = စိတ္တာနုပဿနာ သတိပဌာန်ရှု၊
ကိလေသာနည်းပါး၍ ဉာဏ်ထက်သူ = ဓမ္မာနုပဿနာ သတိပဌာန်ရှု၊
မှတ်ချက် ။ မည်သည့် အနုပဿနာကို ရွေးချယ်ပြီးရှုသည်ဖြစ်စေ- ဥပမာ ကာယနုပဿနာကို ရှုအံ့၊ ရှုဖန်များ၍ ဉာဏ်ထက်မြက်လာသော် ရုပ်ကိုမတွေ့တော့ပဲ ရုပ်အနိစ္စ (ဒုက္ခသစ္စာ) ကိုသာတွေ့မှ လမ်းမှန်သည်။ ဝေဒနာကို ရှုသည်ဆိုသော်လည်း ဝေဒနာ၏ အနိစ္စ၊ စိတ်ကိုရှုသော်လည်း စိတ်၏ အနိစ္စကို မြင်မှသာ စရိုက်နှင့် ကမ္မဌာန်းသည် သင့်လျော်မည် ဖြစ်ပါသည်။ ဤနည်းအတိုင်း ရွေးချယ်တတ်ကြပါစေ။
မေတ္တာဖြင့်
တီတင့်(၃၁-၈-၂၀၁၇)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz